News

POST TYPE

CRIME & ACCIDENT

နေပြည်တော်တွင် မူကြိုကျောင်းအုပ် ဆရာမတစ်ဦး လုယက်ခံရ
03-Aug-2017
တောင်ငူ၊ သြဂုတ် ၃ 

နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ်ရှိ မူကြိုကျောင်းတစ်ခုမှ ဒုတိယ ကျောင်းအုပ်ဆရာမ တစ်ဦးသည် ယနေ့ (သြဂုတ်လ ၃ ရက်) နံနက် ၇ နာရီခန့်က လုယက်ခံခဲ့ရကြောင်း ဇမ္ဗူသီရိမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ဆရာမကြီးက မူကြိုကျောင်းကို အသွားမှာ ကယ်ရီနဲ့သွားရာမှာ သီရိရတနာ အဆင့်မြင့်ဈေးနားကိုအရောက် လည်ပင်းက ဆွဲကြိုးနဲ့လက်ကိုင်အိတ်ကို ခြိမ်းခြောက် လုယက်သွားတာပါ။ တရားခံကို စုံစမ်းရှာဖွေနေဆဲပါ”ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောင်းအုပ်ဆရာမသည် နေအိမ်မှ ကျောင်းသို့အသွား အမည်မသိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ကယ်ရီ သွားမလားဟု မေးမြန်းခဲ့သည့်အတွက် ဆိုင်ကယ်ခ ၁၀၀၀ ကျပ်ပေးကာ လိုက်ပါလာရာ သီရိရတနာ အဆင့်မြင့်ဈေးနား ရောက်ရှိချိန် တန်ဖိုးငွေကျပ် ၉ သိန်းခန့်ရှိသည့် ရွှေဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၄၀၀၀၀ ကို လုယက်သွားခြင်းဖြစ်ကြောင်း နေပြည်တော် အမှတ် ၁ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ နေပြည်တော် အမှတ် ၁ ရဲစခန်းက ပ ၃၅၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15


  • VIA