03-Sep-2020
အင်းစိန်မြို့နယ်မှ ခြောက်ဦးမြောက် ပိုးတွေ့လူနာမှာ အငှားယာဉ်မောင်းဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၃
အင်းစိန်မြို့နယ်မှ ခြောက်ဦးမြောက် Covid-19 လူနာအသစ်မှာ အငှားယာဉ်မောင်းအမျိုးသားဖြစ်ပြီး ပြင်ပဆေးခန်းတစ်ခုတွင် သွားရောက်ပြသခဲ့ရာမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူကာ Swab ယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂ ရက်နေ့အတွက် Covid-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၁၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၇၁ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၄၁ ခု၊ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁,ဝ၀၀ မှ ဓာတ်ခွဲနမူနာ ၂၁၅ ခုနှင့် နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁,ဝ၀၀ မှ ဓာတ်ခွဲနမူနာ ၇ ခု စုစုပေါင်း ၁,၁၄၄ ခု အား စစ်ဆေးပြီးစီးခဲ့ရာ Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ဦး တွေ့ရှိရကြောင်း ကြေညာခဲ့သည်။
ယင်းလူနာသစ် ၆၃ဦး အနက် ၃၆ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ် ၁၅ ခုမှ ဖြစ်ပြီး အင်းစိန်မြို့နယ်မှ တစ်ဦးအပါအဝင်လည်းဖြစ်ရာ ၎င်းသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၁ လမ်း (မြောက်) တွင်နေထိုင်သူ ၃၂ နှစ်အရွယ် Taxi ယာဉ်မောင်းအမျိုးသားဖြစ်ကြောင်း ဦးဝေဖြိုးဟန်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်သည် ယခင်လများက ပိုးတွေ့လူနာအရေအတွက် ၄၅ ဦးရှိခဲ့ပြီး သြဂုတ်လမှစတင်ကာ တစ်ကျော့ပြန် ပိုးတွေ့လူနာများ တွေ့ရှိလာသည့်အထဲတွင် အင်းစိန်မြို့နယ်လည်း ပါဝင်လာရသည့်အတွက် Stay at Home အစီအစဉ်ကို ဒုတိယအကြိမ် ထပ်မံလိုက်နာရန်အတွက် ကြေညာထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်အထိ Covid-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁ယဝ၅၈ ဦးရှိပြီး ယခုနောက်ပိုင်းတွေ့ရှိလာရသည့် ပိုးတွေ့လူနာ ၇၀ ရာခိုင်နှုန်းသည် ရောဂါလက္ခာမပြသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားသည်။
S-09