News

POST TYPE

COVID 19

ကိုဗစ်သတင်းမှားများ အလိုမရှိ
16-Sep-2020


ကာလသည် ကိုဗစ်၁၉ဟူသော ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်လွှားတွင်ဖြစ်ပွား နေချိန်ဖြစ်သည်။ ကိုဗစ်ဖြစ်ပွားချိန်တွင် သတင်းတု၊ သတင်းမှားများသည်လည်း လက်တစ်ဖဝါးစာ လက်ကိုင်ဖုန်းများထက်တွင် ပလူပျံနေလေသည်။ ထိုကဲ့သို့သတင်းမှား၊ သတင်းတုများကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကိုဗစ်နှင့် ပတ်သက်၍ "Infodemic သတင်းအချက်အလက် ကပ်ဘေးသင့်ခြင်း" ဖြစ်နေကြောင်း ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အသိပေးနှိုးဆော်ခဲ့သည်။

ယနေ့ခေတ်တွင် ကလေး၊ လူကြီးမရွေး၊ ထိုသူ တို့၏လက်ထဲတွင် လက်တစ်ဖဝါးစာလက်ကိုင်ဖုန်းကို ကိုင်ထားကြသည်။ အရွယ်ရောက်ပြီးလူကြီးများ သာမကကျောင်းနေအရွယ် ကလေးများကပင် လူမှု ကွန်ရက်တွင်ပျော်မွေ့နေကြသည်။ ယင်းသို့ကိ်ုင်ဆောင် ထားကြသည်နှင့်အညီအများစုသည် သတင်းတစ်ခု တက်လာသည်နှင့် သတင်းသည်ခိုင်မာလော၊ မခိုင်မာ လောမတွေးတော့ဘဲ ဝေမျှသည့်အလုပ်ကို ပြုလုပ်နေကြသည်။ ထိုသို့တိကျ ခိုင်မာမှုမရှိသည့်သတင်းရင်း မြစ်များကို ဝေမျှခြင်းကြောင့် မလိုလားအပ်သော အကျိုးဆက်များဖြစ်ပေါ်တတ်သည်ကို မမေ့လျော့ သင့်ပါ။

အထူးသဖြင့်ယခုလတ်တလောတွင်ပိုးတွေ့သူ များ၏ ရာဇဝင်ကိုကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ရောဂါကွင်းဆက် ရှာဖွေနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ပြပေးနေသည်။ ယင်းသို့ ဖော်ပြပေးနေသည်ကို အချို့က လူနာ၏ခရီးသွား ရာဇဝင်၊ ထိတွေ့သူများသာမက ပိုးတွေ့သူတို့၏ ဓာတ်ပုံများကိုပါလူမှုကွန်ရက်တွင်တင်ခြင်း ပြုလုပ်နေကြ သည်။ ထိုသို့ပြုလုပ်ခြင်းသည် လူတစ်ဦးချင်းစီ၏တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်ခြင်း ဖြစ်သည်။ ထို့အပြင် ပိုးတွေ့သူများကို သက်ဆိုင်ရာက လာရောက်ခေါ်ဆောင်လျှင် သူငါအပြိုင်ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများပြုလုပ်နေကြသေးသည်။မည်သည့်ပရော်ဖက်ရှင်နယ်လုပ်ငန်းမဆို ကျင့်ဝတ် ကို လိုက်နာကြရစမြဲဖြစ်သည်။

စစ်စင်အားဖြင့်တော့ ရောဂါပိုးတွေ့သူများကို ဖုန်းဆက်၍ဖြစ်စေ၊ စာတိုမက်ဆေ့ချ်ပို့၍ဖြစ်စေ အားပေး သင့်သည်။ အကြောင်းမှာ ကျွန်မတို့ကိုယ်တိုင် တစ်ချိန် ချိန်မှာ ပိုးတွေ့သူဖြစ်နေနိုင်သည်ကိုမမေ့သင့်ပါ။ကိုဗစ်ကြောင့် နေရာအနှံ့အပြားတွင် ကြောက်ရွံ့ တုန်လှုပ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် သည်းခံစိတ်ပျောက်ဆုံးခြင်းများဖြစ်ပေါ်နေသည်။

တစ်ဦးတစ်ယောက်ချင်းမှသည် လူ့အဖွဲ့ အစည်းများအထိ စိုးရိမ်ထိတ်လန့်မှုများပေါ်ပေါက်လာရခြင်းတွင် အမုန်းစကားများလည်းပါဝင်သည်။  ငါတို့ရပ်ကွက်မှာ သူကစပြီးပိုးတွေ့တာ။ သူ့ကြောင့် အခြားသူတွေပါပိုးတွေ့တာစသည်ဖြင့် ဆက်ဆံခံရ   ခြင်းများ၊ အမုန်းစကားများ ပြောဆိုခြင်းများ ရှိနေ တာဟာ ကျွန်မတို့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ ကောင်းလှသည်။

ကပ်ရောဂါဖြစ်သည့် ကိုဗစ်နှင့် ပတ်သက်သော သတင်းများ၊ ပို့စ်များကိုဖတ်ရာတွင်မှန်ကန်သော သတင်းဌာနမှတင်သည့်  အကြောင်းအရာများကို သာရွေးချယ်ဖတ်သင့်သည်။ မိမိတို့ဖတ်မိသော အကြောင်းအရာတစ်ခုသည် အမှန်တကယ်ဖြစ်နိုင်၊မဖြစ်နိုင်ကိုလည်း ဝေဖန်စဉ်းစားစေလိုသည်။ အဲဒီ လိုမဟုတ်ဘဲ မမှန်ကန်သော၊ မခိုင်လုံသောပို့စ်များကို ဖတ်မိရာမှ စိုးရိမ်စိတ်လွန်ကဲနေမည်ဆိုလျှင် ကိုဗစ်ကို ကြိုတင်ကာကွယ်ရာမရောက်သလို မိမိကိုယ်ကိုယ် ဒုက္ခပေးနေသည်နှင့်တူညီနေမည်ဖြစ်သည်။ စိုးရိမ် စိတ်များဖြင့် မသေချာသောသတင်းများကို လူမှု ကွန်ရက်တွင် ဝေမျှခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ ကျန်းမာရေးဆိုင်ရာ သတင်းမှားများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကဲ့သို့ပင် သေစေနိုင်ကြောင်းကို အထူးအထူးသတိပြုမိစေလိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာထက်ပြင်းထန်သော ဗိုင်းရပ်စ်ရှိနေသည်။ ယင်းမှာပြည်သူ့ကျန်းမာရေး ဆိုင်ရာသတင်းအမှားများသာဖြစ်သည်။ ပြည်သူများ အကြားတွင် တမာရွက်ကဲ့သို့သောသတင်းပေါ်လာသည်နှင့်အညီ အခြားသတင်းအမှားများလည်း   စီးဆင်းမှုအားကောင်းခဲ့သည်။ ယင်းသို့သတင်းမှားများ စီးဆင်းမှုအားကောင်းစေရန် သတင်းအတုများ၊ လုပ်ကြံသတင်းများကို ဝိသမလောဘသားများက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးခဲ့ကြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ လိုက်နာရမည့်အပြု အမူတို့ကိုလိုက်နာပြီး ကိုဗစ်မှ ကြိုတင်ကာကွယ်နေရန်လိုအပ်သည်။ နိုင်ငံရပ်ခြားမှ ပြန်လာသူများ၊ သက်ဆိုင်ရာ ပိုးတွေ့သည့်ပြည်နယ်မှပြန်လာသူများ မိမိတို့ရပ်ကွက်အတွင်း ရောက်ရှိနေပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အလိုက် တသိ နိုင်ငံကြီးသားပီသစွာ သတင်းပေးဖို့လိုအပ်သည်။

ကျွန်မတို့သည် စာသင်ခန်းမှာကတည်းက အရာရာတွင် စည်းကမ်းရှိဖို့ သင်ကြားခဲ့ရသည်။ သို့သော်လူမှုကွန်ရက်သုံးသည့်အခါတွင်မူ စည်းကမ်း ဆိုသောအရာကိုမေ့လိုက်၍မဖြစ်ချေ။ ယနေ့ခေတ်၏လူမှု့ကွန်ရက်စာမျက်နှာပေါ်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ ဝေမျှထားသောစာစုအများအပြား ရှိသည်။ ထိုစာစုများကို မှန်မမှန်မစဉ်းစားဘဲ နောက်လူ များက ထပ်မံဝေမျှနေကြသည်။

ကျွန်မတို့မြန်မာလူမျိုးများသည် ယုံကြည်မှု လွန်ကဲလေ့ရှိကြသည်။ ယုံကြည်မှုလွန်ကဲခြင်း၏ နောက်ဆက်တွဲအနေနှင့် စဉ်းစားခြင်းများ ပျောက် ဆုံးသွားကြသည်။ ဆီးချိုပျောက်သည်ဆိုသော ဆေးနည်းတစ်ခုကိုလူမှုကွန်ရက်တွင် တွေ့သည် ဆိုပါစို့။ ဖော်ပြပါအကြောင်းအရာကို တစ်စုံတစ်ယောက် ကဝေမျှထားသည်နှင့် အခြားတစ်ဦးကလည်းရှေ့လူဝေမျှထားသောအကြောင်းအရာသည် မှန်၊ မမှန် စဉ်းစားဖို့လိုအပ်သည်။ ရှေ့လူသည် ကျန်းမာရေးနှင့် ပတ်သက်သောပညာရှင်လား။ သို့မဟုတ် အများသူငါ ဗဟုသုတရရှိစေရန် ဝေမျှခြင်းလားဆိုသည်ကိုဖြင့် ကျွန်မတို့စဉ်းစားဖို့ လိုအပ်လှသည်။

အထက်ပါနည်းများအတိုင်း မစဉ်းစား၊ မဆင်ခြင်ဘဲ အများသူငါ ဝေမျှထားသည့်အတိုင်း၊ ဆေးနည်းအတိုင်းပြုလုပ်မိသည်ဆိုလျှင် ကောင်းကျိုး ထက်ဆိုးကျိုးများမည်ဖြစ်သည်။ ဆာဝီလျံ ဒရမ်းမွန်း(ဒ) ကတော့ စဉ်းစားဆင်ခြင်မှုမပြုသူကို တစ်ယူသန် သမားအဖြစ်သတ်မှတ်သည်။ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိသူသည်ကား လူအန္ဓဖြစ်၍ စဉ်းစားဆင်ခြင်မှု မပြုဝံ့သူသည် ကျေးကျွန်မျှသာဖြစ်ချေသည်ဟူ၍ ဖွင့်ဆိုခဲ့သည်။ ကျွန်မတို့သည် လူမှု့ကွန်ရက်သုံးသည့် အခါ စဉ်းစားဆင်ခြင်ဉာဏ်နှင့်သာသုံးသင့်သည်။

ကိုဗစ်၁၉ကဲ့သို့ ကူးစက်မှုမြန်သည့် သတင်း အမှားများကို တိုက်ဖျက်ရန်အထိရောက်ဆုံးနည်းမှာ လူမှုကွန်ရက် အဖွဲ့အစည်းတွင်အများအကျိုးရှိစေ သည့်သတင်းအချက်အလက်များ ဝေမျှခြင်းပြုလုပ် ခြင်းဖြစ်သည်။ လူမှုကွန်ရက်တွင်တွေ့သော အကြောင်း အရာတိုင်း မှန်ကန်သည်ဟု ယုံကြည်မှုလွန်ကဲသည့် အလေ့အကျင့်ကို ကျွန်မတို့ပြုပြင်ဖို့ အထူးလိုအပ်နေပြီဖြစ်သည်။

ကျွန်မတို့၏လူမှုကွန်ရက်တွင် တင်ပြနေသော အကြောင်းအရာများသည် တိကျမှန်ကန်မှု နည်းပါး လျက်ရှိသည်။ လူမှုကွန်ရက်အသုံးပြုသူအချို့က     ထားရှိသင့်သော ကျင့်ထုံး၊ ဥပဒေများကိုလည်း ချိုးဖောက်နေကြသည်။ ဥပမာ - မိမိတို့ရှေ့တွင် ကား မှောက်သည်ဆိုပါစို့။ ကားမှောက်မှုကြောင့် ဒဏ်ရာရလူနာများကို ဆေးရုံပို့ပြီးဖေးမ ကူညီရမည့်အစား လူမှုကွန်ရက်ပေါ်တွင် ကိုယ်အရင်သိကြောင်း လက်မထောင်ချင်ကြသည်။

လူသားတိုင်းသည်အတ္တမကင်းကြပါ။ သို့သော် လူမှုကွန်ရက်သုံးသည့်အခါ ငါအရင်သိတာပဲဆိုသော အတ္တ ကိုရှေ့တန်းတင်ခြင်းမလွန်ကဲဖို့အထူးဂရုပြုကြရမည်။ အထူးသဖြင့်လတ်တလောတွင်ဖြစ်ပွားနေသောကိုဗစ်နှင့်ပတ်သက်သော သတင်းအချက်အလက် အမှားများစီးဆင်းအားကောင်းမှုကြောင့် ကာကွယ်ကုသ ထိန်းချုပ်ရေးကို ထိခိုက်နိုင်ကြောင်း သတိပြုကြစေ လိုသည် သတင်းတစ်ခုတက်လာတိုင်း မှန်ခြင်း၊ မမှန်ခြင်းကိုကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ဆုံးဖြတ်ကြစေလိုပါသည်။

မုဒိတာ (တောင်သာ)