News

POST TYPE

BUSINESS

စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာများ IFC ကူညီမည်
05-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၎

နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သည့် စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အထများတိုးတက်စေရန် နည်းပညာအကူအညီများကို ကမ္ဘာ့ဘဏ်အစုအဖွဲ့ (International Finance Corporation-IFC) က ပံ့ပိုးကူညီမည်ဖြစ်ကြောင်း IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒါရိုက်တာ Mr.Vivek Pathak က ပြောကြားသည်။

ပို့ကုန်တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ (Food Safety) အတွက် မြန်မာနိုင်ငံရှိ လယ်ယာ၊ သားငါးကဏ္ဍနှင့် စားသောက်ကုန်ကဏ္ဍတို့မှ ပို့ကုန်တင်ပို့သူများ၊ စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သည့်နည်းပညာများကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 
 
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် IFC တို့အကြား နည်းပညာ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒါရိုက်တာ Mr.Vivek Pathak တို့ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

“ငါး၊ ပုစွန်နဲ့ လယ်ယာသားငါး ထွက်ကုန်တွေ ပြည်ပတင်ပို့မှုမှာ Food Safety နဲ့ ပတ်သက်ပြီး အစီအစဉ်တွေ၊ သင်တန်းတွေ၊ ပညာပေးလုပ်ငန်းတွေကို ပို့ကုန်သမားတွေနဲ့ စက်ရုံတွေကို ဦးစားပေးပြီး သင်တန်းပြန်ပေးမယ့်သူတွေကို ဆရာဖြစ်သင်တန်းပေးမယ်။ ဒီအစီအစဉ်က မြန်မာနိုင်ငံမှာ ပထမဆုံးနိုင်ငံတကာအဆင့်မီဆောင်ရွက်တာပါ”ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လိုအပ်ချက်များရှိနေပြီး Food Safety နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ပညာပေးလုပ်ငန်းများ၊ စံချိန်စံညွှန်းများကို IFC၊ ကုန်သည်စက်မှုအသင်းချုပ်မှ အသင်းဝင် ပို့ကုန်သမားများ၊ အသင်းဝင် စက်ရုံများနှင့် အမြန်ဆုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြည်ပသို့ လယ်ယာသားငါးထွက် ကုန်များ တင်ပို့ရာတွင် ရာသီစာသီးနှံများသာမက ရေရှည်ပုံမှန်စိုက်ပျိုးထုတ်လုပ်၍ တင်ပို့ရောင်းချနိုင်ရန်အတွက်လည်း IFC နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းလက်မှတ်ရေးထိုးပွဲထံမှ သိရသည်။

“ပြည်ပပဲပို့ပို့၊ ပြည်တွင်းပဲသုံးသုံး Food Safety က အရေးကြီးတယ်။ စားသောက်ကုန်တွေအားလုံးကိုလည်း ပြုပြင်ရဦးမယ်။ ရေလုပ်ငန်းက ထွက်လာတဲ့ဟာတော့ မှန်တယ်။ တန်ဖိုးမြှင့်ထုတ်တဲ့အခါကျ ပုံစံအမျိုးမျိုးဖြစ်သွားတယ်။ Food Safety ရဲ့အခြေခံကို သိဖို့လိုတာပေါ့”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြောကြားသည်။ 

J-11