News

POST TYPE

AUTOMOBILE

မော်ဒယ်လ်သရုပ်ဆောင် ထွန်းကိုကိုနှင့် တွေ့ဆုံခြင်း
15-Aug-2016

ဒီတစ်ပတ်ရဲ့ Celebrities’s Choice ကမှာတော့ ၂ဝ၁၃ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Asia New Star Model Winner ဆုရရှိထားတဲ့ မော်ဒယ်လ် ထွန်းကိုကိုရဲ့ လက်ရှိ သူစီးနေတဲ့ ကားအမျိုးအစားနဲ့ သူရဲ့ကားနဲ့ ပတ်သက်တဲ့ အမြင်လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Voice : လက်ရှိ ဘာကားအမျိုးအစား စီးနေလဲ။
TKK : ဟုတ်။ ကျွန်တော်အခု Alphard G3 စီး နေပါတယ်။

Voice : ကားကိုရော ကိုယ်တိုင် မောင်းတာလား။
TKK : ဟုတ်။ ကိုယ်တိုင်ပဲ မောင်းတာပါ။ တစ်ခါတစ်လေ နေမကောင်းတာတို့ ဘာတို့လောက်မှပဲ အစ်ကိုတို့၊ သူငယ်ချင်းတို့ကို မောင်းခိုင်းပါတယ်။

Voice : ဒီကားရဲ့ အားသာချက်လေးနဲ့ အားနည်းချက်လေးတွေကိုလည်း ပြောပြပေပါဦး။
TKK : အားသာချက်ကတော့ ကားက ကျယ်တဲ့အတွက် ပစ္စည်း များများဆံ့တယ်။ Highway တွေ ဘာတွေလည်း မောင်းရတာ အဆင်ပြေတယ်။ ကျယ်ကျယ်ဝန်းဝန်းလည်း ရှိတယ်ပေါ့နော်။ အားနည်းချက်ကတော့ Air-Conn မနိုင်ဘူးပေါ့နော်။ ကျန်တဲ့အချက်တွေကတော့ ကောင်းပါတယ်။

Voice : ဘယ်လို ကားအမျိုးအစားတွေ စီးရတာကို သဘောကျလဲ။
TKK : ကားအကြီးတွေစီးရတာ သဘောကျတယ်။ Lincoln လို ကားအမျိုးအစားတွေလည်း သဘောကျ ပါတယ်။ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဘုရားဖူးတွေ ကျယ်ကျယ်ဝန်းဝန်း စီးရတဲ့ ကားအမျိုးအစားမျိုးကို သဘောကျပါတယ်။ Alphard ကတော့ အရမ်းကြိုက်ပါတယ်။

Voice : အရင်ကရော ဘာကားအမျိုးအစားတွေ စီးခဲ့ဖူးသေးလဲ။
TKK : အရင်တုန်းကတော့ ရိုးရိုး Van ကားတို့လောက်ပဲ စီးခဲ့ဖူးတယ်။ 

Voice : လက်ရှိ စီးနေတဲ့ ကားကိုရော လဲဖို့ အစီအစဉ်ရှိလား။ 
TKK : ခုလောလောဆယ်တော့ မလဲဖြစ်သေးပါဘူး။ လဲဖြစ်မယ်ဆိုလည်း Alphard အမျိုးအစားထဲက Model အမြင့် အမျိုးအစားမျိုးကိုပဲ လဲစီးဖို့ စိတ်ကူးရှိပါတယ်။

Voice : နောက် မောင်လေးအနေနဲ့ Model အမြင့် ကားတွေ စီးရတာ နောက် နံပါတ် အလှကားတွေရော Crazy ဖြစ်တာမျိုးရှိလား။
TKK : အဲဒီလိုမျိုးတော့ အရမ်းကြီး Crazy မဖြစ်ပါဘူး။ နံပါတ်လှတာမျိုးတွေလည်း လှဖို့ မလိုပါဘူး။ ကားကောင်းတယ်။ ကိုယ်နဲ့လည်း အဆင်ပြေရင် ရပါပြီ။ 

Voice : ပရိသတ်တွေကိုရော ကားနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံလေးတွေ ပေးချင်လဲ။ 
TKK : ကားနဲ့ ပတ်သက်လို့ကတော့ တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်း မတူကြဘူးလေ။ Highway သွားမယ်ဆို တကယ် Safe ဖြစ်စေမယ်။ နောက်ပြီး ကိုယ်စီးလို့လည်း အဆင်ပြေမယ်၊ သက်သောင့် သက်သာလည်းရှိမယ့် ကားအမျိုးအစားမျိုး ရွေးဝယ်တာ ကောင်းပါတယ်လို့ အကြံပေးချင်ပါတယ်။

Voice : ရန်ကုန်မြို့တွင်းမှာရော မောင်လေး အနေနဲ့ ကားမောင်းရတာ ဘယ်လို ခံစားရလဲ။
TKK : ဟုတ်။ တချို့ကတော့ ကားကြီးတယ်ဆို မြို့ထဲမှာ သွားရလာရတာ အဆင်မပြေဘူး။ ကားပါကင် ထိုးရတာ ခက်တယ်၊ ဘာတယ်နဲ့ ပြောကြပေမယ့် ကားကလည်း ယှဉ်ကြည့်မယ်ဆို တခြားကားတွေထက် သိသိသာသာ ကွာနေတာမျိုးတော့ မဟုတ်ပါဘူး။ အခု ဒီကားနဲ့လည်း မြို့ထဲ စီးနေတာပဲ။ ဘာမှ မဖြစ်ဘူး။ အဆင်ပြေနေတာပဲ။ မောင်းနေကျဆို သိပ်ပြဿနာ မရှိပါဘူး။ တချို့ကတော့ ကားသေးတာမျိုးကိုမှ သဘောကျတဲ့သူတွေ အတွက်ကျတော့ တစ်မျိုးပေါ့နော်။ ပါကင် ထိုးတဲ့ နေရာမှာတော့ ထိုးနေကျ လူအတွက် ပြဿနာ မရှိပေမယ့် ထိုးနေကျ မဟုတ်တဲ့ သူတွေအတွက်ကတော့ နည်းနည်း ပြဿနာ ရှိပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA