News

POST TYPE

AUTOMOBILE

ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း
15-Oct-2018
“လိင်ပိုင်းဆိုင်ရာ နှိုးဆော်တာမျိုး၊ ရုန့်ရင်းကြမ်းတမ်းတဲ့ ပြကွက်မျိုးတွေကိုလည်း သူတို့ရဲ့ Music Video တွေမှာ ဘယ်တော့မှမတွေ့ရဘူး”

နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့တွေ့ဆုံပြီး အောက်တိုဘာလ ၁၄ ရက်နေ့က ထွက်ရှိခဲ့တဲ့ “Storm” အယ်လ်ဘမ်မှာပါဝင်တဲ့ သီချင်းတွေအကြောင်း၊ အမေရိကန်အဆိုတော် Lancifer နဲ့ သီချင်းတွေ ပူးပေါင်းလုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အမေရိကန် အဆိုတော် Lancifer နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ “Storm” အယ်လ်ဘမ်မှာ ဘယ်လိုသီချင်းမျိုးတွေ ပါဝင်မလဲ။
PPKT : ဒီခွေထဲမှာ ပါမယ့် သီချင်းပုံစံလေးတွေက ဘာနဲ့တူမလဲဆိုရင် လွန်ခဲ့တဲ့ ခြောက်လလောက်က ထွက်ခဲ့တဲ့ ဖြူဖြူနဲ့ Lancifer တို့ရဲ့ “Miracle” သီချင်းပုံစံမျိုးတွေပါပဲ။ EDM Pop Dance သီချင်းလေးတွေ ပါပါမယ်။ ပြောရရင် ကပြားသီချင်းလေးတွေပေါ့နော်။ မြန်မာလိုနဲ့ ဘိုလိုပေါင်းပြီး ဖန်တီးထားတဲ့ သီချင်းတွေပေါ့နော်။ Music ပိုင်း အားလုံးကိုတော့ Lancifer ကပဲ တာဝန်ယူပြီး လုပ်ပေးပါတယ်။

Voice : ဒီခွေက Audio CD နဲ့ DVD တစ်ပြိုင်တည်း ဖြန့်ချိပေးမှာနော်။
PPKT : အဲ့ဒီလို တစ်ပြိုင်တည်း ထွက်နိုင်တယ်ဆိုတာကလည်း ပူးပေါင်းပါဝင်ကူညီပေးတဲ့ သူတွေကြောင့်ပါ။ ဒီခွေထဲမှာ “Miracle” သီချင်းကိုတော့ ဖြူဖြူတို့က Bonus Track အနေနဲ့ ပြန်ထည့်ထားပေးတယ်။ သီချင်းအသစ်လေးပုဒ်မှာနှစ်ပုဒ်ကိုတော့ Canal + ရုပ်သံလိုင်းကနေ သီးသန့်ထုတ်လွှင့်ခွင့်ယူပြီး ပူးပေါင်းပါဝင်ထားတယ်။ နောက်ထပ် သီချင်းအသစ်နှစ်ပုဒ်ကိုတော့ Channel K ရုပ်သံလိုင်းက သီးသန့်ထုတ်လွှင့်ခွင့်နဲ့အတူ ပူးပေါင်းပါဝင်ပေးတယ်။ ဖြူဖြူတို့အတွက် တစ်ပြိုင်နက်တည်း စီဒီရော ဒီဗီဒီပါထုတ်ဖို့အတွက် အဆင်ပြေသွားတာပေါ့နော်။

Voice : သီချင်းတွေကိုရော ဘယ်လိုပုံစံမျိုး ပုံဖော်ရိုက်ကူးပေးထားလဲ။
PPKT : ဒီခွေထဲမှာပါတဲ့ သီချင်းနှစ်ပုဒ်ကိုတော့ ဖိလစ်ပိုင်နိုင်ငံသား ဒါရိုက်တာ Milos က ရိုက်ပေးထားတယ်။ ကျန်တဲ့ သီချင်းသုံးပုဒ်ကိုတော့ Lancifer တို့သူငယ်ချင်းတစ်စုကပဲ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုပါ သူတို့ကိုယ်တိုင် စဉ်းစားပြင်ဆင်ပြီး ရိုက်ထားပါတယ်။ Miracle သီချင်းတုန်းကလို ရိုက်ချက်ထူးထူးဆန်းဆန်းလေးတွေနဲ့ တင်ဆက်ထားပါတယ်။ ပရိသတ်တွေကြည့်ဖူးနေကျ MTV တွေနဲ့ပုံစံကွဲထွက်နေမှာတော့ သေချာပါတယ်။

Voice : အမေရိကန်အဆိုတော် Lancifer နဲ့ကျတော့ ဘယ်လိုချိတ်ဆက်မိပြီး သီချင်းတွေ လုပ်ဖြစ်သွားတာလဲ။
PPKT : အဲ့ဒါကတော့ ဖြူဖြူနဲ့Lancifer တို့က ၂၀၁၄ ခုနှစ်လောက်တုန်းက မဲဆောက်မှာလုပ်တဲ့ ထိုင်း၊ မြန်မာ ချစ်ကြည်ရေး ကုန်စည်ပြပွဲတစ်ခုမှာ တစ်စင်တည်းအတူတူ ဖျော်ဖြေခဲ့ဖူးတယ်။ နောက်သုံး လေးနှစ်လောက်အကြာမှာ သူက ဖြူဖြူ့ကို ဆက်သွယ်လာတယ်။ သူကလည်း မဲဆောက်မှာ နေတာကြာပြီ။ သူ့အစ်မကလည်း မဲဆောက်က ဒုက္ခသည်စခန်းမှာ စာသင်ပေးတဲ့ဆရာမဆိုတော့ မြန်မာလူမျိုးတွေနဲ့ရင်းနှီးနေတာပေါ့နော်။ ဖြူဖြူနဲ့ သီချင်းလေးပုဒ်လောက် လုပ်ချင်တယ်လို့ Lancifer ကပြောလာတော့ သူတို့ သီချင်းတွေကို အရင်နားထောင်ကြည့်လိုက်တယ်။ သူတို့ ဂီတအမျိုးအစားက ထူးခြားမှုရှိနေတဲ့အတွက် ပူးပေါင်းပြီး လုပ်ဖြစ်ခဲ့တာပါ။

Voice : သူတို့ရေးတဲ့ သီချင်းတွေကရော မြန်မာပြည်က ပရိသတ်တွေရဲ့အကြိုက်နဲ့ အစပ်အဟပ်တည့်မယ်လို့ ထင်လား။
PPKT : သူတို့ သီချင်းတွေမှာ စကားလုံး အသုံးအနှုန်းတွေ သုံးစွဲတဲ့အခါမှာ ဆဲရေးတိုင်းထွာတဲ့ စကားလုံးတွေ လုံးဝမပါဘူး။ အဲ့ဒီအချက်ကို ဖြူဖြူ အရမ်းသဘောကျတယ်။ နောက်ပြီးတော့ လိင်ပိုင်းဆိုင်ရာ နှိုးဆော်တာမျိုး၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ ပြကွက်မျိုးတွေကိုလည်း သူတို့ရဲ့ Music Video တွေမှာ ဘယ်တော့မှ မတွေ့ရဘူး။ ဖြူဖြူနဲ့ ပူးပေါင်းပြီးလုပ်ဖို့ အဆင်ပြေတယ်ပေါ့နော်။ ဖြူဖြူကလည်း ကိုယ့်ပရိသတ်တွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ဟာမျိုးကို ဘယ်တော့မှ မပေးချင်ဘူး။ အဲ့ဒါကြောင့် သူတို့နဲ့လက်တွဲရတာ အဆင်ပြေပါတယ်။

Voice : ဖြူဖြူနဲ့Lancifer တို့ရဲ့ ပထမဆုံး ပူးပေါင်းမှုဖြစ်တဲ့ “Miracle” သီချင်းကတော့ Music ပုံစံအသစ်တစ်ခုကို ချပြနိုင်ခဲ့တယ်နော်။
PPKT : အဲ့ဒီသီချင်းလေးကလည်း ဖြူဖြူတို့အတွက် အောင်မြင်မှုမှတ်တိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီသီချင်းကို  You Tube မှာကြည့်တဲ့ အကြိမ်ရေပေါင်းက ဆယ့်ကိုးသိန်းကျော်အထိ ရှိခဲ့ပါတယ်။ အဲ့ဒီသီချင်းရဲ့ အောင်မြင်မှုကြောင့် ဖြူဖြူတို့ အားတွေရှိခဲ့တယ်။ ပရိသတ်တွေက ဒီလို ကပြားပုံစံသီချင်းလေးကို လက်ခံကြပါလား၊ ငါတို့တွေ အယ်လ်ဘမ်အနေနဲ့ တစ်ခွေလောက်လုပ်ရင် ကောင်းမလားမသိဘူးလို့ တိုင်ပင်ဖြစ်ရင်းကနေ “Storm” အယ်လ်ဘမ်ဖြစ်လာတာပါ။

Voice : ဒီစီးရီးရဲ့ Title ကို “Storm” လို့ ရွေးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပေးပါဦး။ 
PPKT : ဒီခွေကို “မုန်တိုင်း”လို့ နာမည်ပေးလိုက်တော့ ဖြူဖြူ့ ပရိသတ်တချို့က စိုးရိမ်စိတ်ပူပြီး မေးကြတာလည်း ရှိပါတယ်။ မဖြူရယ်၊ အတိတ်နိမိတ်နဲ့ နေတဲ့တိုင်းပြည်မှာ ဒီနာမည်ကြီး မှည့်တာမကောင်းပါဘူးလို့ ပြောကြတယ်။ ဖြူဖြူတို့ မြန်မာလူမျိုးတွေမှာက ပြောနေကျစကားတစ်ခုရှိတယ်။ အကြောင်းအရာတစ်ခုကို မဖြစ်သေးခင်မှာ ကိုယ်ပြောလိုက်ရင် ကျိန်းကျေသွားတယ်၊ ထပ်မဖြစ်တော့ဘူးလို့ပြောကြတယ်လေ။ ဖြူဖြူတို့ မုန်တိုင်းတိုက်ပြီးသွားရင် ဘယ်မုန်တိုင်းကိုမှ ကြောက်စရာ မလိုတော့ပါဘူးလို့။ ဒီမုန်တိုင်းတိုက်ပြီးသွားရင် တခြားမကောင်းတဲ့ ဘယ်မုန်တိုင်းမှ လာစရာမရှိတော့ပါဘူး။ ကျိန်းကျေသွားပါပြီလို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး


  • VIA