News

POST TYPE

AUTOMOBILE

သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခြင်း
14-Sep-2018



“ယောကျာ်းတစ်ယောက်ကို ကိုယ်က ချစ်နေကြိုက်နေရင်းနဲ့လည်း သူ့မျက်နှာ မကြည့်ချင်တော့ဘူးဆိုရင် လှည့်ကို မကြည့်ချင်တော့ဘူး”

နာမည်ကျော်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံပြီး ချစ်သူနဲ့လမ်းခွဲခဲ့တဲ့အကြောင်းရင်း၊ အဝတ်အစားဖက်ရှင်ကြောင့် ဝေဖန်မှုတွေအပေါ် သူ့ရဲ့ခံစားချက်နဲ့ တစ်ခါက ဆတ်သေချောင်း ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သင်ဇာက ချစ်သူနဲ့ လမ်းခွဲလိုက်တယ်လို့ ကြားရပေမယ့် ခံစားရတဲ့ပုံ သိပ်မပေါက်ဘူး။ အဲဒါ ကျတော့ စိတ်ထားတတ်သွားတာလား။
TZWK : အဓိကကတော့ စိတ်ထားတတ်သွားလို့ပါ။ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကလည်း ကိုယ့်ကိုစိတ်ဓာတ်ခွန်အားတွေပေးနိုင်တော့ အဲဒီလောက်ကြီး စိတ်ထဲမှာမခံစားရတော့ဘူးပေါ့။ သူ့ကို ကိုယ့်ရဲ့ တစ်ဘဝလုံးအတွက် ရည်ရွယ်ခဲ့တယ်ဆိုရင်တောင် ကိုယ်နဲ့ အဆင်မပြေတော့ဘူးဆိုရင် ကိုယ်ကျေကျေနပ်နပ်ကြီးနဲ့ လက်ခံနိုင်ရမယ်လေ။ ဒါကကိုယ့်ဘဝအတွက် အဆင်မပြေတော့ဘူး။ အဆင်မပြေတော့တဲ့ အချိန်ကနေ အဆင်ပြေတဲ့ အချိန်ကို ကူးပြောင်းရင်လည်း ကိုယ်ပျော်နေရမယ်လေ။ အဲဒါကြောင့်ပါ။

Voice : ကိုယ်ကအနုပညာရှင်ဖြစ်တဲ့အတွက် ဖက်ရှင်နဲ့က ကင်းကွာလို့ မရဘူးလေ။ ချစ်သူကကိုယ့်ရဲ့ ဖက်ရှင်ကြောင့် လမ်းခွဲခဲ့တယ်လို့လည်း ကြားရတော့ အဲဒီအကြောင်းလည်း သိပါရစေ။
TZWK : နောက်ဆုံးကတော့ အဝတ်အစားကိစ္စနဲ့ ပတ်သက်ပြီးဖြစ်ကြတယ်ပေါ့နော်။ ဒါပေမဲ့ကြားထဲမှာ သင်ဇာတို့က Distance Relationship လည်း ဖြစ်တယ်။ ညှိစရာတွေလည်း အများကြီးရှိတော့ ညှိရတာတွေက အရမ်းများလာတယ်။ ကိုယ်ကလည်း အနုပညာအလုပ်မှာ လာပြီးတော့စွက်ဖက်တာကို မကြိုက်ဘူး။ ကိုယ့်အလုပ်ကို ကိုယ်ကောင်းကောင်းမွန်မွန်လုပ်နေတယ်။ ဒီအနုပညာအလုပ်တစ်ခုနဲ့ပဲ သင်ဇာက ရှာဖွေစားသောက်ရတာလေ။ ဒီကရတဲ့ ဝင်ငွေပဲရှိတယ်။ တခြားသူတွေလို စီးပွားရေးတွေလည်း မလုပ်တော့ ဒီအလုပ်တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်ချင်တာပေါ့နော်။ ဒီအလုပ်ကိုလာတားနေရင်တော့ ကိုယ့်ဘဝအတွက် အဆင်မပြေဘူး။

Voice : ချစ်သူသက်တမ်း နှစ်နှစ်ကျော်တောင်ရှိခဲ့တာဆိုတော့၊ သူ့ကို တစ်ဘဝလုံးလက်တွဲဖို့အထိ ရည်ရွယ်ပြီးတော့ ချစ်ခဲ့တာလား။
TZWK : သင်ဇာက လူတစ်ယောက်နဲ့တွဲရင် သူ့ဆီကနေ ဘာမှမမျှော်လင့်ဘူး။ ကိုယ်မျှော်လင့်သလို ဖြစ်မလာရင် ကိုယ်ပဲဝမ်းနည်းရတာလေ။ အဆင်ပြေလို့တွဲတယ်၊ ချစ်ကြတယ်၊ ဒီလောက်ပဲ။ သူနဲ့ တစ်အိုးတစ်အိမ် ထူထောင်ရမယ်ဆိုတဲ့ စိတ်မျိုးလည်းမရှိဘူး။ အခုခေတ်ကြီးမှာ ဒါမျိုးဖြစ်ဖို့ဆိုတာ သိပ်မလွယ်တော့တဲ့ ကိစ္စတစ်ခုပေါ့နော်။ ကိုယ်နဲ့ဖူးစာပါရင် လည်းရမယ်၊ ဖူးစာမပါရင်လည်းလမ်းခွဲမယ်။ ဒီလိုပါပဲ။ ကိုယ့်စိတ်ထဲမှာ ဘယ်လိုမှတော့ မခံစားရပါဘူး။ သင်ဇာ့ရဲ့လက်တွဲဖော်က ကိုယ့်အလုပ်ကိုနားလည်ပေးပြီး၊ ကိုယ့်ကိုတကယ် ချစ်ရင်ရပါပြီ။ 

Voice : လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဝတ်စားဆင်ယူမှုကိုကြည့်ပြီး အကဲဖြတ်လို့ရတယ်လို့ ထင်လား။
TZWK : အဲဒါကတော့ တချို့ ထဘီလေးဝတ်ပြီး ကိုယ်မသိတဲ့ အရာတွေတောင်သိနေတဲ့သူတွေ ရှိတယ်လေ။ ဒါက ဘယ်သူ့ကိုမှထိခိုက်ပြီးတော့မှ ပြောတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့စိတ်ကိုတော့ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့မှ အကဲမဖြတ်စေချင်ဘူး။ ကိုယ်ကလည်း ဘုရားသွားရင်တောင် ဒီလိုကြီးဝတ်နေတာလည်း မဟုတ်ဘူးလေ။ ဒါကလည်း အကောင်းမမြင်တဲ့သူတွေအတွက် သင်ဇာ့မှာ ဖြေရှင်းစရာစကားဆိုတာ တကယ်မရှိဘူး။ သင်ဇာကတော့ ကိုယ့်ကို ဘယ်လိုပဲမလိုမုန်းထားပြီးပြောပြော အားလုံးကို မေတ္တာပဲထားပါတယ်။ အကုန်လုံးကို မေတ္တာထားတော့ မေတ္တာရောင်ပြန်ဟပ်လာမယ်လို့လည်း ယုံကြည်ပါတယ်။

Voice : သင်ဇာက ဆွဲဆောင်မှုလည်းရှိတယ်၊ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပေမယ့် အချစ်ရေးမှာ ကံမကောင်းတာကရော ဘာကြောင့်လို့ထင်လဲ။ အပျိုကြီးပဲ ဖြစ်တော့မယ်ထင်လား။
TZWK : သင်ဇာက အပျိုကြီး စာရင်းဝင်သွားပြီလား။ အသက် သုံးဆယ်လေးကျော်တာနဲ့ အပျိုကြီးစာရင်းဝင်သွားပြီလို့ ပြောတော့လည်း လက်ခံလိုက်ပါတယ်။ သင်ဇာက အချစ်ရေးမှာ အရမ်းကြေးများတယ်။ ဒီ ယောကျာ်းတစ်ယောက်ကို ကိုယ်ကချစ်နေကြိုက်နေရင်းနဲ့လည်း သူ့မျက်နှာ မကြည့်ချင်တော့ဘူးဆိုရင် လှည့်ကို မကြည့်ချင်တော့ဘူး။ အချစ်ရေးမှာ ဖူးစာပါတဲ့ သူမတွေ့ရင်လည်း အပျိုကြီးဖြစ်ချင်လည်းဖြစ် သွားမှာပေါ့နော်။သင်ဇာမြင်မိတာက ချောတဲ့လှတဲ့ မိန်းကလေးတွေကိုကြည့်လိုက်ရင် အပျိုကြီးတွေ ဖြစ်နေကြတာများတယ်။ အဲဒါဘာဖြစ်လို့လဲတော့ သင်ဇာလည်း မစဉ်းစားတတ်ဘူး။

Voice : ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ မကြာခင် ရိုက်ကူးမယ့် “တစ်ခါက ဆတ်သေချောင်း” ရုပ်ရှင်ဇာတ်ကားအကြောင်းလည်း ပြောပြပေးပါဦး။
TZWK : အဲဒီရုပ်ရှင်ဇာတ်ကားမှာတော့ သင်ဇာက အောင်ရဲလင်းရဲ့ မိန်းမနေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ သင်ဇာတစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးလည်း ဖြစ်တယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက် အရာထင်မယ့် ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားမရိုက်ခင်မှာ Pre Production တွေလည်း သေချာလုပ်ထားတာကြောင့် ဇာတ်ကား ကောင်းတစ်ကားအဖြစ် ပရိသတ်တွေရှေ့ကို ရောက်သွားမယ်လို့ ယုံကြည်ထားပါတယ်။

Voice : ဇာတ်ကားထဲမှာ ရေတံခွန်မှာ သင်ဇာ ရေချိုးရမယ့် ဇာတ်ဝင်ခန်းကလည်း ထူးခြားတယ်လို့ ကြားထားတယ်။
TZWK : အဲဒီအခန်းက သင်ဇာ့ကာရိုက်တာအတွက် အဓိကကျတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းလို့ ပြောလို့ရတယ်။ ရေချိုးမယ့်အခန်းမှာ ကိုယ့်ကာရိုက်တာ ဘယ်လိုဆိုတာကို ပြရမှာဆိုတော့ အဓိက,ကကျတယ်။ ဦးဝင်းထွန်းထွန်းကတော့ အဲဒီအခန်းကို နောက်ဆုံးမှရိုက်မယ်လို့ ပြောနေတယ်။ ညီမတောင် ပြောထားသေးတယ်။ ဦးဝင်းထွန်းထွန်းနော်လို့၊ ရိုက်လည်း ရိုက်ပြီးရော၊ မိတ်လည်းပျက်ရော ဖြစ်ဦးမယ်၊ အရမ်းမရိုက်ပါနဲ့လို့တော့ ပြောထားတယ်။

သန့်ဇင်ဦး