News

POST TYPE

AUTOMOBILE

Car Air Freshener တွေအကြောင်း
27-Aug-2018



အခုရာသီက မိုးတွင်းဆိုတော့ ကားထဲကအနံ့တွေက အောက်သိုးသိုးနဲ့ မသန့်တဲ့အနံ့တွေ ရနေတတ်ပါတယ်။ အဓိက တက္ကစီလို လုပ်ငန်းသုံးကားတွေ တော်တော်များများကို စီးတဲ့အကြိမ်တော်တော်များများမှာ အဲလိုအနံ့တွေရတတ်ပါတယ်။ အဲလိုအနံ့တွေက ကိုယ့်ကားကိုစီးမယ့်သူတွေအတွက် အနှောင့်အယှက်အများကြီးပေးစေပါတယ်။ ကိုယ်ပိုင်ကားစီးသူတွေလည်း အတူတူပါပဲ။ အနံ့အသက်မကောင်းရင် ရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ အဲဒီအနံ့အသက်တွေကနေ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဖျားနာတာတွေ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကားထဲမှာ အမြဲတမ်း Fresh ဖြစ်စေမယ့် ပစ္စည်းလေးတွေအကြောင်းကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေက ကားထဲမှ မဟုတ်ပါဘူး။ ကိုယ့်အိမ်ထဲ၊ အိမ်သာထဲ Fresh ဖြစ်လိုပြီး ကိုယ်အမြဲတမ်းနေလိုတဲ့နေရာမျိုးတွေမှာလည်း အသုံးပြုလို့ရနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်နေတဲ့အိမ်ထဲ၊ စီးနေကျကားထဲမှာ သန့်ရှင်းမှုမရှိရင်၊ အနံ့အသက်မကောင်းရင် စိတ်ချမ်းသာစရာမကောင်းသလို ကားမောင်းရာမှလည်း စိတ်ကိုညစ်ညူးစေပါတယ်။

ကားအတွင်းခန်းမှာ အစားအသောက်တွေ စားမယ်။ ကားအဲကွန်းကို ပုံမှန်ဆားဗစ်မလုပ်ဘူး။ ဒီလို အလေ့အထတွေရှိနေရင်တော့ ဘယ်လောက် တန်ဖိုးကြီးတဲ့ ကားဖြစ်ပါစေ အချိန်အတိုင်းအတာ တစ်ခုအထိ ကြာသွားရင် အနံ့အသက်မကောင်းနိုင်ပါဘူး။ ဒါကို ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုနဲ့ အလွယ်တကူပဲ ဖြေရှင်းနိုင်ပါတယ်။ အဲဒါကတော့ စာဖတ်ပရိသတ်ကြီး သိပြီးတဲ့အတိုင်း Car Freshener လို့ ခေါ်တဲ့ ရေမွှေးတစ်မျိုးမျိုးကို သုံးတာပဲဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ Car Freshener တွေကို တံဆိပ်မျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ တွေ့နိုင်ပြီး အမျိုးအစားအားဖြင့်လည်း စုံလင်များပြားလှတာကြောင့် စာဖတ်ပရိသတ်ကြီး အလွယ်တကူ ရွေးချယ်လို့ရစေဖို့ Freshener တွေအကြောင်း စုဆောင်းတင်ပြပေးလိုက်ပါတယ်။

Little Trees

ဒီပစ္စည်းလေးက ကားပစ္စည်းဆိုင်တွေမှာ အတွေ့ရများတဲ့ ခေတ်ဟောင်းစတိုင်လ် Freshener အမျိုးအစားဖြစ်ပါတယ်။ Little Trees တွေရဲ့ အလုပ်လုပ်ပုံက ရိုးရှင်းပြီး သစ်ပင်ပုံလှီးထားတဲ့ ကတ်ထူစက္ကူမှာ ရနံ့အမျိုးမျိုး ထည့်သွင်းပေးထားတာပဲဖြစ်တယ်။ ဒီအမျိုးအစား Freshener တွေကို သစ်ပင်ပုံအပြင် တခြားပုံစံတွေနဲ့လည်း တွေ့ရမှာဖြစ်ပါတယ်။ ကားထဲချိတ်ထားချိန်မှာ အတွင်းခန်းရဲ့ လေထုထဲ မွှေးရနံ့တွေကို ထုတ်လွှတ်ပေးခြင်းအားဖြင့် အလုပ်လုပ်တယ်။ Little Tree အမျိုးအစားက ဈေးနှုန်းချိုသာပြီး အရည်အသွေးပေါ်လိုက်လို့ တစ်လကနေ နှစ်လအထိ အသုံးခံပါတယ်။ ပြည်တွင်းဈေးကွက်မှာ Little Trees အမျိုးအစားတွေကို Black Ice၊ Margarita စတဲ့ ရနံ့တွေနဲ့ရနိုင်ပြီး ဈေးနှုန်းအားဖြင့် ကျပ် ၁,၂၀၀ လောက်ပဲရှိတယ်။

Deodorizer

Deodorizer တွေက လေထဲမှာရှိတဲ့ ရနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေခဲသေတ္တာထဲမှာ ထားတဲ့အခါ ဓာတ်ပြုမှုဖြစ်ပြီး ရေခဲသေတ္တာထဲက အနံ့အသက်တွေကို ဖယ်ရှားပေးသလို Deodorizer မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက အနံ့အသက်ဆိုးတွေကို ဖြစ်စေတဲ့ မော်လီကျူးတွေကို စုပ်ယူပြီး ဓာတ်ပြုရနံ့ပြယ်စေတယ်။ Deodorizer အများစုက အနံ့ ဖျောက်ပေးနိုင်တဲ့အပြင် ဓာတုဓာတ်ပြုမှုကတစ်ဆင့် မွှေးရနံ့လည်း ထုတ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီ Freshener အမျိုးအစားလေးတွေကို အိမ်သာလို အနံ့ဆိုးတဲ့ နေရာတွေမှာလည်း အသုံးပြုတတ်ကြပါတယ်။ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်၊ အရည်အသွေး ပေါ်မူတည်ပြီး Deodorizer တွေရဲ့ အသုံးခံနိုင်မှု သက်တမ်းက ကွာခြားမှုရှိတယ်။ Deodorizer က မွှေးရနံ့ထုတ်မပေးနိုင်တော့တဲ့အခါ၊ ရနံ့ဆိုးတွေ မစုပ်ယူပေးနိုင်တဲ့အခါ သက်တမ်းကုန်သွားပြီလို့ ယူဆလို့ရပါတယ်။ ပြည်တွင်းဈေးကွက်မှာ Deodorizer တံဆိပ်မျိုးစုံရှိပြီး Farcent လို Brand တွေက လူသုံးများပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ ဝန်းကျင်လောက်အထိ ရှိတတ်ပါတယ်။

Air Vent Clip-On

အခုနောက်ပိုင်းအသုံးများလာတဲ့ Air Fresher အမျိုးအစားလေးဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို ကားတွေမှာပဲ အသုံးပြုကြပါတယ်။ ဘာလို့ဆို သူ့ရဲ့နာမည်ကိုက Clip-on ဖြစ်တဲ့အတွက် ကားအဲကွန်းလေထွက်ပေါက်လေးတွေနေရာမှာ ညှပ်ပြီးအသုံးပြုရတာမို့လို့ပါ။ အခုနောက်ပိုင်း ကားတွင်းတော်တော်များများရဲ့ အဲကွန်းပေါက်လေးတွေမှာ အဲဒီကလစ်လေး တွေ တွေ့ရတတ်ပါတယ်။ အဲဒီပစ္စည်းလေးက အဲယားကွန်းလေထွက်ပေါက်ကနေ ထိုးထွက်လာတဲ့လေဟာ ကလစ်ပေါ်မှာရှိတဲ့ ဂျယ်လီတွေကို ဖြတ်သန်းပြီး မွှေးရနံ့ထုတ်လွှတ်ပေးတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အဲယားကွန်းကို များများသုံးလေ Clip-on တို့ရဲ့ သက်တမ်းက ကုန်မြန်လေလေဖြစ်ပြီး လေပူဖြတ်သန်းမှုများရင်လည်း သက်တမ်းတိုပါတယ်။ ပြည်တွင်းဈေးကွက်မှာ Clip-on Freshener တွေကို ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့တွေ့နိုင်ပြီး ဈေးနှုန်းအသက်သာဆုံးအမျိုးအစားတွေက ကျပ် ၁,၆၀၀ ကစလို့ ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ ရှိနိုင်ပါတယ်။

Ionic Air Purifiers

ဒီပစ္စည်းလေးက နည်းပညာအားကိုးနဲ့ ဖန်တီးထားတဲ့ Air Purifier တွေကိုတော့ ကားပစ္စည်းဆိုင်တွေထက် အွန်လိုင်းစတိုးလို နေရာမျိုးတွေမှာ တွေ့ရပိုများပါတယ်။ ဒီအမျိုးအစားတွေထဲက Ionic Purifier တွေက လေထဲမှာရှိတဲ့ အဖိုသဘောဆောင်တဲ့ အိုင်းယွန်းတွေကို အမသဘောဆောင်တဲ့ အိုင်းယွန်းတွေနဲ့ဆွဲငင်ပြီး ရနံ့ပျောက်အောင် လုပ်ပေးနိုင်တယ်။ တချို့အမျိုးအစားတွေက ကားအတွင်းခန်းထဲ အေးမြနေစေဖို့ ရေငွေ့ထုတ်ပေးတာမျိုးတွေ၊ မွှေးပျံ့နေစေဖို့ ရေမွှေးငွေ့ထုတ်ပေးတာမျိုးတွေ လုပ်နိုင်တယ်။ Freshener တွေနဲ့ မတူတာက Ionic Air Purifier တွေဟာ အလုပ်လုပ်ဖို့အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ပြီး စီးကရက်မီးညှိပေါက်မှာ ချိတ်ဆက်အသုံးပြုရပါတယ်။ ခေတ်မီဆန်းပြားလိုသူတွေအနေနဲ့ ဒီကိရိယာလေးတွေကို အွန်လိုင်းစတိုးတွေမှာ မွှေနှောက်ရှာဖွေနိုင်ပြီး ဈေးနှုန်းကတော့ ကျပ် ၁၀,၀၀၀ ဝန်းကျင်က စလို့ အစားစားရှိနိုင်ပါတယ်။

Charcoal Air Purifiers

ကာဗွန်ကိုအခြေခံပြီး ဖန်တီးထားတဲ့ Charcoal Air Purifier တွေကိုတော့ ပြည်တွင်းဈေးကွက်မှာ တွေ့ရခဲပါတယ်။ ဒီအမျိုးအစားမှာ အပင်ထွက်မီးသွေးကို ကြိတ်ချေထားတဲ့ ကာဗွန်အမှုန့်တွေ ပါဝင်ပြီး ပြင်ပလေထု ဖြတ်သန်းလာတဲ့အခါ ကာဗွန်မော်လီကျုးတွေက ညစ်ညမ်းတဲ့ အမှုန်တွေကို စုပ်ယူပေးခြင်းဖြင့် လေကို သန့်စင်သွားစေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ တခြား Freshener တွေလို မွှေးရနံ့ထုတ်ပေးနိုင်တဲ့ အမျိုးအစားမဟုတ်ပေမယ့် အတွင်းမှာပါတဲ့ ကာဗွန်မှုန့်တွေကို ပြန်လည်သန့်စင်ပြီး အသုံးပြုလို့ရပါတယ်။ Charcoal Air Purifier တွေကို ချစ်စရာကောင်းတဲ့ ထုပ်ပိုးမှုပုံစံတွေနဲ့ တွေ့ရလေ့ရှိပြီး သဘာဝ၀န်းကျင်ကို ညစ်ညမ်းမှုမဖြစ်စေခြင်းဆိုတဲ့ အားသာချက်ကို ပိုင်ဆိုင်ထားပါတယ်။

Spray

ကားအတွင်းခန်းထဲမှာ မွှေးရနံ့တွေ ချက်ချင်းကြိုင်လှိုင်သွားစေချင်တယ်ဆိုရင် Spray တွေထက် ပိုစွမ်းတဲ့ Freshener မျိုးမရှိပါဘူး။ Spray တွေမှာ ရေမွှေးနံ့ပါဝင်တဲ့ မော်လီကျူးတွေလေထဲက အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်တဲ့ မော်လီကျူးတွေ ပါဝင်တာကြောင့် ဖျန်းလိုက်တာနဲ့ ချက်ချင်းဆိုသလို မွှေးရနံ့ကို ခံစားရတာဖြစ်ပြီး အိမ်သုံး Air Freshener Spray တွေကိုလည်း ကားအတွက်အသုံးပြုလို့ရတယ်။ ဒါ့အပြင် Freshener တစ်မျိုးတည်းကိုပဲ စွဲသုံးတာကြောင့် ကားမှာအနံ့စွဲနေရင် အလွယ်တကူဖျောက်နိုင်စေဖို့လည်း Spray တွေကို သုံးနိုင်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ Spray ဘူးတွေကို တံဆိပ်မျိုးစုံ၊ အရွယ်အစားမျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ တွေ့ရမှာဖြစ်ပြီး အရည်အသွေးကိုလိုက်လို့ ဈေးနှုန်းအားဖြင့် မြန်မာကျပ် ၂,၀၀၀ ဝန်းကျင်ကနေ အထက်ရှိနိုင်ပါတယ်။ 

အထက်ကဖော်ပြခဲ့တဲ့ Freshener ခြောက်မျိုးကို ဆိုင်တွေအလိုက် အသွင်မျိုးစုံနဲ့ တွေ့နိုင်သလို ထုတ်လုပ်တဲ့ Brand အပေါ် မူတည်ပြီး ဈေးနှုန်းကလည်း ကျပ်လေးငါးသောင်းကျော်အထိရှိတာကိုလည်း တွေ့ရပါလိမ့်မယ်။ စာဖတ်သူရဲ့ ကားအတွင်းခန်း သန့်ရှင်းမွှေးမြနေစေဖို့ ကြိုက်တဲ့အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ကိုယ့်အိမ်ထဲ၊ ကားထဲ အနံ့မွှေးမွှေးလေးတွေနဲ့ စိတ်လေးတွေလည်း လန်းဆန်းနေစေဖို့အတွက် Freshener လေးတွေအသုံးပြုဖို့ တိုက်တွန်းလိုက်ပါရစေ။

ဟိန်းမြတ်စိုး