News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ယွန်းရွှေရည်နှင့် တွေ့ဆုံခြင်း
20-Aug-2018

“ပရမ်းပတာမောင်းတဲ့ ကားတွေတွေ့ရင် အရမ်းစိတ်ညစ်ရတယ်”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ယွန်းရွှေရည်နဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
YSY : အခု Toyota Wish လေး စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
YSY : သုံးလရှိသွားပါပြီ။

Voice : ဘာလို့ Wish လေး ဝယ်ဖြစ်သွားတာလဲ ညီမ။
YSY : ဝယ်ဖြစ်သွားတယ်ဆိုတာက ညီမက ဟိုင်းဝေးတွေဘာတွေ သီချင်းဆိုဖို့သွားရတာဆိုတော့ ခရီးသွားရင် မာတဲ့ကားလေးရှာတာ Wish လေးက မာတယ်ဆိုတာနဲ့ ဝယ်ဖြစ်သွားတာ။

Voice : အခုရော ဝယ်ထားတာ စိတ်တိုင်းကျရဲ့လား။
YSY : စိတ်တိုင်းတော့ မကျဘူး။ ခဏခဏ ဟိုဟာထည့် ဒီဟာထည့် ထည့်နေရတာ။

Voice : စိတ်တိုင်းမကျဘူးဆိုတော့ ဒီကားမှာ ဘာအားနည်းချက်တွေ ရှိနေလို့လဲ။
YSY : အားနည်းချက်က ဝယ်ထားတုန်းကလည်း အသစ်ဝယ်ထားတာမဟုတ်တဲ့အတွက် လိုအပ်တာလေးတွေ ပြန်ဖြည့်ရတယ်။ မောင်းရတာတော့ အဆင်ပြေပါတယ်။ ခရီးဝေးတွေဘာတွေထွက်လည်း အဆင်ပြေတယ်။ နောက်တစ်ခုကလည်း ကိုယ်ကိုယ်တိုင်ကလည်း ကားကိုဝယ်တုန်းကတည်းက စိတ်တိုင်းမကျတာလည်းပါတယ်။ ကိုယ်လိုချင်တဲ့ ကားပုံစံမျိုး စိတ်တိုင်းမကျဘူး။

Voice : ကိုယ်တိုင်ကျ ဘယ်လိုကားအမျိုးအစားမျိုးကို သဘောကျတာလဲ။
YSY : ဘယ်လိုကားမျိုးသဘောကျလဲဆို ညီမတို့က မိန်းကလေးလည်းဖြစ်တော့ ပစ္စည်းများများဆံ့တဲ့ ကားမျိုးကို သဘောကျတယ်။ ဒီကားကိုဝယ်လိုက်တာလည်း ခုံများများပါတယ်။ ပစ္စည်းများများ ဆံ့တယ်။ ကိုယ်တိုင်ဆိုရင်တော့ ဖိုးဝှီးတွေ သဘောကျတယ်။ နောက် ကားကိုအောက်ပိုင်း မြင့်တာတွေ သဘောကျတယ်။ ဒါပေမဲ့ အရမ်းမော်ဒယ်လ်မြင့်တဲ့ကားကျတော့လည်း မတတ်နိုင်ဘူး။

Voice : အခုကျ ကားကို ကိုယ်တိုင်ပဲ မောင်းတာလား။
YSY : ညီမ ကားကိုစမောင်းကတည်းက ကိုယ်တိုင်ပဲမောင်းပါတယ်။ ကိုယ်တိုင်ပဲ မောင်းတယ်ဆိုတာက ကားကို ကိုယ်တိုင်လည်း သေချာ အမောင်းသင်ထားတယ်။ လိုင်စင်တွေဘာတွေ သေချာဖြေပြီး လိုင်စင်ရတော့မှ ကိုယ်တိုင်မောင်းတယ်။ ကားမောင်းသင်တန်းမှာ သေချာသွားသင်တယ်။ မောင်းတဲ့အခါလည်း မျက်စိ၊ နားကို သေချာအာရုံစိုက်ရတယ်။ နောက် ကားရဲ့အယူအဆတွေလိုတယ်။ ဒါကြောင့် ကားကို ကိုယ်တိုင်ပဲမောင်းတယ်။ အဲဒီလို မောင်းတဲ့အခါကျ မောင်းရတာလည်း ရဲသွားတယ်။ 

Voice : ကားမောင်းကျတော့ရော ဘယ်အချိန်တုန်းက စသင်ခဲ့တာလဲ။
YSY : ညီမ ကားမောင်းစသင်ထားတာတော့ ၂၀၁၅ လောက်က စသင်ထားတာ။

Voice : လက်ရှိမောင်းတော့ရော ဘယ်လိုအခက်အခဲတွေ ကြုံရလေ့ရှိလဲ။
YSY : ဘယ်လိုအခက်အခဲတွေရှိလဲဆိုတော့ ကားကိုစနစ်တကျအမောင်းသင်တယ်။ လိုင်စင်ရဖို့လည်း သေချာဖြေထားခဲ့တာဆိုတော့ ကိုယ်တိုင်ကျ သိပ်အခက်အခဲမရှိပေမယ့် တချို့အိမ်မှာပဲသင်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားမလည်တဲ့သူတွေ တက်မောင်းတဲ့ကားတွေကျ ပရမ်းပတာမောင်းတဲ့ကားတွေတွေ့ရင် အရမ်းစိတ်ညစ်ရတယ်။ ကိုယ်က အလုပ်သွားလို့ အလုပ်ချိန်ကို သေချာရောက်ချင်ပေမယ့် အဲဒီလို စည်းကမ်းမလိုက်နာတဲ့သူတွေကို ကြည့်ရှောင်နေရတယ်။ အဲဒီလို အခက်အခဲတွေတော့ ရှိတယ်။ အတင်းတိုးဝင်တယ်။ အချက်ပြတာတောင် တချို့ကားတွေဆို မမှန်တာမျိုးတွေ တွေ့ဖူးတယ်။ ပြတာကတခြား ကွေ့တာက တခြားတွေ။ တချို့ဆို မီးပွိုင့်တောင် မကြည့်တတ်ဘူး။ အဲဒီလိုမျိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘယ်လိုအကြံပြုစကား ပြောချင်လဲ။
YSY : ကားမောင်းတဲ့အခါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာစေချင်တယ်။ ကားမောင်းရင်း ဖုန်းသုံးတာတို့ ဘာလို့ မလုပ်စေချင်ဘူး။ အခုမှ စမောင်းခါစသူတွေဆို ကားကိုမှန်အလုံပိတ်ပြီး မမောင်းဘဲ မှန်ချမောင်းဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း