Wed, 23rd April, 2014
Saturday, 02 February 2013 09:11

မမအေးတို့ တေးဥယျာဉ်

Written by 

 

မမအေးတို့ တေးဥယျာဉ်
မာမာအေး အသက် (၇၀)ပြည့် အမှတ်တရစာစုများ
စာရေးဆရာစုံ
ထုတ်ဝေတိုက် - လင်းလွန်းခင်
တန်ဖိုး- ၁၀၀၀

ခပ်လွယ်လွယ် ပေါ့ပေါ့ပါးပါး ဖတ်ရှုရလွယ်မယ့် စာအုပ် အပြင်အဆင် မျိုးနဲ့ပါ။ နာမည်ကျော် တေးသံရှင် မာမာအေးရဲ့ အသက် ၇၀ ပြည့်မွေးနေ့ အမှတ်တရ စကားတွေကို စာစုတွေ အဖြစ် စုစည်း ထားတာပါ။ ဗိုလ်ကလေးတင့်အောင်၊ မောင်မိုးသူ၊ ရွှေကူမေနှင်း၊ ချစ်ဦးညို၊ မြသဲဖြူ (မြန်မာ့အသံ)၊ လေးကိုတင်၊ ကြည်ရွှန်း၊ မောင်ဟံသာ၊ အောင်နိုင်ထွန်း (စိုင်ပြင်ကြီး) စသူတွေက ရေးသား ပေးထားတာပါ။ ဒါ့အပြင် ဒီစာအုပ်မှာ မွေးနေ့ရှင် မပါဝင်တဲ့ မွေးနေ့ပွဲ အမှတ်တရ ပုံရိပ်တွေ၊ မွေးနေ့ရှင် ဒေါ်မာမာအေးရဲ့ အမေရိက ကနေ ဗီဒီယိုဖိုင်နဲ့ ပေးပို့တဲ့ မွေးနေ့နှုတ်ခွန်းဆက် စကားတွေ၊ ပြည်တော်ဝင် လာတဲ့ နာမည်ကျော် တေးသံရှင်ရဲ့ လေဆိပ်က ပုံရိပ်တွေကိုလည်း ရောင်စုံစာမျက်နှာ တွေနဲ့ ဖော်ပြပေးထားတယ်။

မွေးနေ့အမှတ်တရ စကားအဖြစ် ရေးသား ထားကြသလို အဲဒီစာအုပ်ထဲ ပါဝင်တဲ့ မောင်ဟံသာ ၏ မမအေးတို့ တေးဥယျာဉ်(၁) (၂) ဆိုတဲ့စာစုလေး က လည်း မာမာအေးရဲ့ဘဝပုံရိပ်၊ နေထိုင်မှုပုံစံကို လှစ်ဟပြထားသလို ရှိပါတယ်။ မာမာအေးရဲ့အဆို သင်တန်းကျောင်း တက်ဖူးသူထဲ ရန်အောင်ပါတယ် ဆိုတာမျိုး ကိုလည်း တွေ့ရမှာဖြစ်သလို သီချင်း ဆိုသူတစ်ယောက် စကားလုံးပီသဖို့ ဘယ်လောက် လိုအပ်တယ် ဆိုတာမျိုးကိုလည်း မာမာအေးပေးတဲ့ လေ့ကျင့်ခန်း သင်ခန်းစာတွေကို အခုလို ဖတ်ကြည့် ရင်း သိနိုင်ပါလိမ့်မယ်။

“..မမအေးက အစပထမ တုန်းက ကျွန်တော်တို့ကို ကကြီး၊ ခခွေး စ ရွတ်ခိုင်း သေးသည်။ ဘာဖြစ်လို့လဲလို့ တွေးမိတာပေါ့။ နောက်မှ စကားလုံးများ ပီအောင်လို့ မဆိုနိုင်ရင် ထပ်ဆို ခိုင်းသေးသည်။ အထူးသဖြင့် စ နှင့် ဆ၊ တ နှင့် သ၊ ဟ နှင့် ဖဦးထုပ် စတာတွေ ပီအောင် ဆိုရတာဖြစ်သည်။ တချို့ အဆိုတော်ကြီးတွေ ဆိုသောအသံကို မရောက်ရင်တောင်မှ ငေါက်ပြီး ဆိုတဲ့ဟန် ရစ်ပြီးဆိုတဲ့ဟန်၊ ချော့ပြီးဆိုတဲ့ ဟန် စသဖြင့် သင်ပေးပါသည်။...” ဒီလိုစာသားတွေက လည်း အနုပညာရှင်ဖြစ်ဖို့ ဘယ်လောက်ကြိုးစား ရတယ် ဆိုတာမျိုးကို ပေါ်လွင်စေပါတယ်။

ဒီစာအုပ် ထဲက စာစုတွေကို အကုန်ခြုံလိုက်ရင် မာမာအေး ဆိုတာ ဘာလဲဆိုတာကို တစေ့တစောင်း အကဲခတ်ကြည့် နိုင်ပါလိမ့်မယ်။ အနုပညာရှင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားကြတဲ့ မျိုးဆက်သစ်တွေ အတွက် လည်း ဖတ်ဖို့ သင့်တော်မယ့်စာအုပ်မျိုးပါ။

Copyright © 2013 The Voice
All rights reserved
Powered by The Voice