News

POST TYPE

ARTICLE

စာမေးသည့်နေ့ ကျောင်းပြေးခြင်း
28-Apr-2017
စာမေးမည့်နေ့ ကျောင်းမတက်သော ကျောင်းသားများကို ဆရာ၊ ဆရာမများက ကြုံဖူးပေါင်းများလှပြီ။ ပြည်သူများက ခုမှ နဖူးတွေ့ ဒူးတွေ့ မြင်ဖူးကြခြင်း ဖြစ်သည်။ 

ဧပြီလ ၂၄ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း  လွှတ်တော်မတက်ပါ။ ခွင့်တိုင်သည်။ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးလည်း မတက်။ သို့သော် ခွင့်မတိုင်။ ဝန်ကြီး ဒေါ်နီလာကျော် တက်ပါသည်။

အဆိုပါနေ့တွင် ဝန်ကြီးချုပ် လွှတ်တော်မတက်ခြင်းသည် အရေးကြီးပါသလောဟု မေးအံ့။ အမှန်ပင် အရေးကြီးပါသည်။ 

ယင်းနေ့သည် လွှတ်တော်တွင် YBS အကြောင်း လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဆွေးနွေးသည့်နေ့ ဖြစ်သည်။ YBS သည် လက်ရှိတွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ ဒုက္ခရောက်နေသည့်  သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည်။ မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲသူသည် ဝန်ကြီးချုပ်ပင် မဟုတ်ပါလော။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြည်သူသန်းနှင့်ချီ ဒုက္ခရောက်နေကြသော စနစ်တစ်ခုအတွက် ဝန်ကြီးချုပ်တွင်  တာဝန်ရှိသည် မဟုတ်ပါလော။ 

လွှတ်တော်တွင် ဆွေးနွေးရာ၌ ကိုယ်စားလှယ် အများစုက YBS စနစ်ကို ဝေဖန်သည်။ ထောက်ပြသည်။ အကြံပြု သည်။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ‘ပြည်သူစိတ်ပျက် YBS’ ဟု ကင်ပွန်းတပ်သည်။ လွှတ်တော်ကိုယ်စားလှယ် အချို့က YBS ၏ မျက်နှာဖုံးများ  ကွာကျကုန်ပြီဟု ဆိုကြသည်။ 

ထို့ကြောင့် YBS ဆွေးနွေးသည့်နေ့တွင် ဦးဖြိုးမင်းသိန်း လွှတ်တော်မတက်ခြင်းအပေါ် ဝေဖန်သူများစွာ ရှိသည်။ ဝန်ကြီးချုပ်၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို မေးခွန်းထုတ်ကြသူများစွာ ရှိသည်။  အကြောင်းမှာ ယင်းသည်ပင် စာမေးမည့်နေ့ ကျောင်းမတက်သော ကျောင်းသားများဇာတ်လမ်း၏ အစဖြစ်သည်။ 

“အမှန်တော့ သူက လွှတ်တော်ထဲမှာ လာနားထောင်သင့်တယ်။ သူပြောတဲ့ သုံးလပြည့်ရင် လုပ်မယ်ဆိုတဲ့ ကတ်စနစ်တို့၊ ကားတွေအဆင့်မြှင့်မယ် ဆိုတာတို့က ဖြစ်မှမဖြစ်လာတာ။ ဒါတွေကျတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ အဓိပ္ပာယ်မှ မရှိတာ” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ဧပြီ ၂၄ ရက်၊ ဝန်ကြီးချုပ် လွှတ်တော် မတက်။ ခွင့်တိုင်သည်။ 

ယင်းသို့မတက်၍ ရသလော။ ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုပြီးဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် စတင်သည့်နေ့တွင် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ထက်ဝက် တက်ရောက်လျှင် လွှတ်တော်အစည်းအဝေး အတည်ဖြစ်သည်။ ယင်းသို့ မတက်ရောက်၍ ရွှေ့ဆိုင်းခဲ့လျှင် နောက်ရက်များတွင် ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံတက် ရောက်လျှင် ကျင်းပနိုင်သည်။ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၁၈၀ တွင် ဖော်ပြထားသည်။ ထို့ကြောင့် ကိစ္စရှိသူများမှာ ခွင့်ယူနိုင်သည်။ 

ဝန်ကြီးချုပ်သည် တာဝန်များပြားရာ ခွင့်ယူနိုင်သည်။ သို့သော် ၂၄ ရက်နေ့  လွှတ်တော်၌ ဆွေးနွေးမည့် ကိစ္စသည် ခရီးသွားပြည်သူ နှစ်သန်းခွဲကျော်၏ အခက်အခဲကို ဆွေးနွေးနေခြင်း ဖြစ်သည်ကို သတိချပ်ရမည် ဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ အဆိုအရ ရန်ကုန်မြို့တွင်းတွင် ခရီးသွားပြည်သူ နှစ်သန်းခွဲ ရှိသည်။ 

ထိုနေ့တွင် ဝန်ကြီးချုပ်သည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို လေဆိပ်တွင် သွားကြိုသည်။ ဝန်ကြီးချုပ်သည် ဒုတိယသမ္မတကို သွားမကြို၍ မဖြစ်သလော။ ရန်ကုန်သည် နိုင်ငံတကာသို့ ထွက်ရာဂိတ်ပေါက် ဖြစ်ရာ ပြည်ပသွားမည့် နိုင်ငံအကြီးအကဲများသည် ရန်ကုန်ကို ကျော်သွား၍ မရ။ အကြီးအကဲသည် မကြာခဏလည်း သွားနေရသည်။ သွားတိုင်းသာ လိုက်ပို့မည်ဆိုလျှင် ရန်ကုန်ပြည်သူများ အကျိုးကို ဆောင်ရွက်ရန် ဝန်ကြီးချုပ် အချိန်နည်းသွားပေးလိမ့်မည်။ 

“ဒါပေမဲ့ဗျာ သူ့ဘက်က ကာဗာပေးတာ မဟုတ်ဘူး။ ဝန်ကြီးချုပ်ဆိုတာ အလုပ်များတယ်ဗျ။ ကျွန်တော်တို့ မသိတာတွေလည်း ရှိနိုင်သေးတယ်။ တာဝန်ယူ ဖြေပေးမယ့် ဥက္ကဋ္ဌ ဒေါ်နီလာကျော် တက်တာပဲလေ” ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။ 

သွားကြို၍ ဖြစ်လာနိုင်သည့် ကောင်းကျိုးနှင့် လွှတ်တော်မတက်၍ ဖြစ်လာနိုင်သည့် ဆိုးကျိုးတို့ကို တွက်ဆရန်သာ။ လွှတ်တော်မတက်၍ ထောက်ပြရန် ရှိသည်မှာ ဧပြီလ ၂၄ ရက် ဆွေးနွေးချက်များသည် အကျိုးမရှိသလောဟူ၍ မေးခွန်း ပေါ်ထွက်လာပြန်သည်။

YBS ကြောင့် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူ အများစု အခက်ကြုံလျက် ရှိသည်။ YBS စနစ် စတင်ပြောင်းလဲက တည်းကပင် ဝန်ကြီးချုပ်မှာ ဝေဖန်ခံနေရသည်။ ပြည်သူများက ဝန်ကြီးချုပ်၏ စေတနာကို ယုံမှားသင်္ကာ မရှိလှသော်လည်း စီမံကိန်းများ မအောင်မြင်သေးသည်က အရှိတရား ဖြစ်လာသည်။ YBS ကိစ္စလွှတ်တော်တွင် ကိုယ်စားလှယ် ၂၆ ဦး ဆွေးနွေးသည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းသော YBS ပြောင်းလဲရေး အဆိုသည်  တိုင်းလွှတ်တော်သက်တမ်း တစ်လျှောက် ကိုယ်စားလှယ် အများဆုံး ဆွေးနွေးသည့်  အဆိုဖြစ်လာသည်။ 

လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးတို့သည် အကြံပြုချက်များ၊ ဝေဖန်ချက်များ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆွေးနွေးခဲ့ကြသည်။ အားလုံးက တက်ကြွစွာ ဆွေးနွေးကြခြင်း ဖြစ်သည်။ အသုံးတည့်လျှင် ယူသုံးရုံ အဆင်သင့်ပင်။ 

အခြားသော မေးခွန်းတစ်ခုမှာ ဝန်ကြီးချုပ် မအားလပ်ချိန်တွင် လွှတ်တော်ခေါ်ခြင်းလားဟူ၍ပင်။ ဤနေရာတွင် လွှတ်တော်ဥက္ကဋ္ဌ၏ အခန်းကဏ္ဍမှာ အရေးပါလာသည်။ လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ် အားလပ်မည့်အချိန်ကို ညှိနှိုင်း၍ ဆွေးနွေးမည့်ရက်ကို သတ်မှတ်ပေးနိုင်သည်။ ဤသို့ ညှိနှိုင်းခြင်းသည် မဏ္ဍိုင်သုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်းကို ထိခိုက်မည် မဟုတ်ပေ။ ဝန်ကြီးချုပ် အမှန်တကယ် မအားလပ်၍ လာရောက်မဖြေဆိုခြင်းဆိုလျှင် ဤသို့ပြုလုပ်ပါက ပြေလည်သွားမည် ဖြစ်သည်။

“မှန်ပါတယ်။ ကျွန်တော်တို့ကလည်း အဲလိုဖြစ်စေချင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကို ကျွန်တော်တို့လည်း အားမရဘူး” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) ၏ နာယကလည်း ဖြစ်သည်။ ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌဖြစ်သည်။ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကမူ အတွင်းရေးမှူးဖြစ်သည်။ သူက ခွင့်လည်းမတိုင်၊ လွှတ်တော်လည်း မတက်။ ပြင်သစ်နိုင်ငံသို့ ရောက်နေ၍ဟု သိရသည်။ ဧပြီ ၂၃ ရက်နေ့မှ စတင်သွားရောက်ခြင်း ဖြစ်သည်။ ခွင့်မတိုင်သောကြောင့် တိုင်းလွှတ်တော်သက်တမ်းအတွင်း ပထမဆုံး ခွင့်မဲ့ပျက်ကွက်သူအဖြစ်  မှတ်တမ်းဝင်ခဲ့သည်။ 

၂၅ ရက်နေ့တွင်မူ ဝန်ကြီး နော်ပန်သဉ္ဇာမျိုးသည် လွှတ်တော်သို့ ခွင့်ပြန်တိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

၂၄ ရက်နေ့ ဆွေးနွေးချက်များအတွက် လွှတ်တော်တွင် အဖြေပေးမည့်သူ မရှိပေ။ ဝန်ကြီး ဒေါ်နီလာကျော် တက်ရောက်သော်လည်း အဖြေမပေးနိုင်။ လွှတ်တော်သည် အချိန်လင့်သွားသည်။ 
“အဲဒီနေ့က ကိုယ်စားလှယ်တွေ ဆွေးနွေးတာ ညနေ ၅ နာရီ ကျော်သွားတယ်။ ဒါ့ကြောင့်ဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပန်ပြီး နောက်ရက်မှဖြေဖို့  ဖြစ်သွားတာ” ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။ 

ဝန်ကြီး ဒေါ်နီလာကျော်သည် ကိုယ်စားလှယ်များ ဆွေးနွေးချက်ကို သေချာမှတ်တမ်းတင်သွားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်းသည်။ ၂၇ ရက်နေ့တွင်လည်း ဝန်ကြီးချုပ်နှင့် ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့က လွှတ်တော်မတက်။ ဝန်ကြီးက ခွင့်တိုင်သည်။ နေပြည်တော်တွင် ပြုလုပ်သည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် အခွင့်အရေး မြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်နေသောကြောင့် ဖြစ်သည်။ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ခွင့်ရက် ၂၀ ယူထားသည်။

ထို့ကြောင့် ဝန်ကြီး ဒေါ်နီလာကျော်ပင် တာဝန်ကျသည်။ ဒေါ်နီလာကျော်က ဦးကျော်ဇေယျ ကင်ပွန်းတပ်သည့် ‘ပြည်သူစိတ်ပျက် YBS’ ဆိုသည့် စကားကို လက်မခံဟု ဆိုသည်။ အချိန်တန်လျှင်  ပြည်သူတွေ သိပါလိမ့်မည်ဟု ပြောသည်။ YBS မအောင်မြင်ရခြင်းမှာ နိုင်ငံရေး ပယောဂများ ပါကြောင်း၊ YBS ကို သုံးလ မဟုတ်ဘဲ တစ်နှစ်စီမံကိန်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိုပြန်သည်။ 

“အရှိတရားကို လက်မခံရင် အနာဂတ်လည်း အခြေအနေမကောင်းဘူးဗျ” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။ 

YBS စတင်တုန်းကမူ သုံးလအတွင်း ထူးခြားရမည်ဟု ဆိုသည် မဟုတ်ပါလော။ ယခုမူ ဒေါ်နီလာကျော်က တစ်နှစ်ဟု ဆိုပြန်သည်။ 

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကမူ လွှတ်တော်ကိုယ်စားလှယ် ဝေဖန်ထောက်ပြနေခြင်းသည် အစိုးရကို တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်နေခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်သည်။ 

လွှတ်တော်တွင် ဦးဝေဖြိုးဟန်၏ အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။ နောက်ဆုံးတွင် ဝန်ကြီး ဒေါ်နီလာကျော်က သဘောတူကြောင်း၊ YBS ယခုထက် ပိုမိုကောင်းမွန်ရေး အမြန်ဆုံးလုပ်ဆောင်မည် ဖြစ်ကြောင်း ကတိပြုသည်။ 

ယခုအခါတွင် YBS အတွက်  တာဝန်ယူမည့်သူ ပေါ်လာပြီဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော် မတက်သော်လည်း လွှတ်တော်တွင် ဆွေးနွေးမှုများကို ပြန်လည်ကြည့်ရှုသည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

သို့သော် လွှတ်တော်မတက်ခြင်းအတွက် ပြည်သူအချို့နှင့် ဝေဖန်သူများ၏ ဝန်ကြီးချုပ်အပေါ် သို့လော သို့လော ဖြစ်မှုများက လျော့ပါးမသွား။ 

မပြေးသော်ကန်ရာ ရှိသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုသည် NLD အစိုးရ၏  လက်သုံးစကားဖြစ်သည်။ လူကိုမကြည့်ဘဲ ပါတီကို ကြည့်မဲပေးခဲ့ခြင်း၏ ရလဒ်အတွက် မည်သူမှ နောင်တမရချင်။ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်သာ ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မည်မှာ မုချဖြစ်ပေတော့သည်။

ကျောင်းပြေးသော ကျောင်းသားတို့ကို ဆရာ၊ ဆရာမများက မှတ်တမ်းတင်ထားသည်။ 

ရဲနိုင်ဦး