News

POST TYPE

ARTICLE

ဒေါ်နယ်ထရမ့် ရက် ၁၀၀၊ ကမ္ဘာ့အပြောင်းအလဲ ခုနစ်ပါး (၁)
28-Apr-2017

ဇေဝင်းနောင် ရေးသားသည်။

ဒေါ်နယ်ထရမ့် အိမ်ဖြူတော် ရောက်လာသည်မှာ ဧပြီ ၂၉ ဆိုလျှင် ရက် ၁၀၀ ပြည့်ပြီ။ ထိုကာလအတွင်း အမေရိကန်နှင့် တစ်ကမ္ဘာလုံး၏ ဆက်ဆံရေးတွင် အရေးပါသော အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ အဓိကကျသော အပြောင်းအလဲများကို ခုနစ်ပိုင်း ခွဲကြည့်နိုင်သည်။ 

အာရှ နျူကလီယား တင်းမာမှု မြင့်တက်လာခြင်း

ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာချိန်တွင် အာရှလုံခြုံရေး မေးခွန်းများစွာ ပေါ်ထွက်လာခဲ့သည်။ 

သမ္မတအဖြစ် ကျမ်းမကျိန်မီတွင် ထိုင်ဝမ်နှင့် ပတ်သက်သော မှတ်ချက်များဖြင့် တရုတ်ပြည်မကြီး အစိုးရကို တုန်လှုပ်စေခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်ကလည်း တောင်တရုတ်ပင်လယ်တွင် တရုတ်တည်ဆောက်ထားသော ကျွန်းတုများကို ပိတ်ဆို့မည်ဟု ပြောကြားခဲ့ရာ တရုတ်နိုင်ငံပိုင် သတင်းစာက စစ်ရေးပဋိပက္ခ ဖြစ်လာနိုင်သည်ဟု တုံ့ပြန်သည်အထိ ဖြစ်လာခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားသည် အမေရိကန်၏ အကာအကွယ်ကို မှီခိုလွန်းအားကြီးသည် ဆိုသော ထရမ့်၏ မှတ်ချက်က မဟာမိတ်တို့အတွက် စွန့်ပစ်ခံရသလို ဖြစ်စေသည်။ ထိုနိုင်ငံတို့သည် ကိုယ်ပိုင်နျူကလီးယားလက်နက် ရှိအောင် လုပ်သင့်သည်ဟုပင် ထရမ့်က ဆိုလိုက်သေးသည်။

ထို့နောက်တွင်တော့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး အားစိုက်နေသော အာရှ၏ အထီးကျန်နိုင်ငံ မြောက်ကိုရီးယားအလှည့် ရောက်လာသည်။ ရှေ့အစဉ်အဆက် အမေရိက ခေါင်းဆောင်တို့ လက်ရှောင်ခဲ့သည့် မြောက်ကိုရီးယား၏ ရည်မှန်းချက်များကို ဟန့်တားရေး တာဝန်ကို ထရမ့် ကိုင်တွယ်ဖို့ ကြိုးစားခဲ့သည်။

အိုဘားမား လက်ထက်တွင်တော့ ‘မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှု’ မူဝါဒဖြင့် မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုများ သုံးကာ လှုပ်မရအောင် လုပ်ခဲ့သလို အခြားနိုင်ငံများ၊ အထူးသဖြင့် တရုတ်ကပါ ထိုလမ်းစဉ်လိုက်ရန် သွေးဆောင်ခဲ့သည်။ ပိတ်ဆို့ပြီး ထိုင်စောင့်ခဲ့သည်။

ယခုအခါတွင်တော့ ထရမ့်၏ ဒုသမ္မတ မိုက်ပင့်စ်က ‘မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှု ခေတ်ကုန်ပြီ’ ဟု ဆိုသည်။

ထရမ့်အစိုးရသည် ‘နည်းလမ်းအားလုံး စဉ်းစားထားသည်’ ဟု သတိပေးခဲ့သလို အမေရိကန် စစ်သင်္ဘောအုပ်စုကြီး ကိုရီးယားကျွန်းဆွယ်သို့ လွှတ်မည်ဟု ကြေညာခြင်းဖြင့် စစ်ဖြစ်တော့မည်လော ဆိုသော စိုးရိမ်မှုကို ကြီးထွားစေခဲ့သည်။ 

မြောက်ကိုရီးယား အစိုးရကလည်း ဖီဆန်တုံ့ပြန်ခဲ့ပြီး အပတ်စဉ် ဒုံးကျည်စမ်းမည်၊ အလုံးစုံ စစ်ပွဲဆီသို့ ဦးတည်နေပြီဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော်လည်း နောက် ၁၀ ရက်အကြာတွင် ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်လိုက်သည်ဆိုသော သင်္ဘောမှာ ဆန့်ကျင်ဘက် အရပ်သို့သာ ဦးတည်သွားနေကြောင်း ပေါ်ထွက်လာခဲ့ခြင်းနှင့်အတူ အခြေအနေ ပိုရှုပ်သွားခဲ့သည်။

အိမ်ဖြူတော်က သင်္ဘောတွေ ဘယ်ရောက်နေကြောင်း အတည်ပြုပြီး ကိုရီးယားကျွန်းဆွယ်ကို လာတော့လာဖြစ်မှာ သေချာသည်ဟု အခိုင်အမာ ဆိုပြန်သော်လည်း ထရမ့်လေသံ အနည်းငယ် ပြောင်းသွားသည်။ မြောက်ကိုရီးယားကို တရုတ်ကတစ်ဆင့် ဖိအားပေးသည့် လမ်းကြောင်းပေါ် ပြန်လျှောက်သည်။

“တရုတ်က မြောက်ကိုရီးယားအတွက် စီးပွားရေး အသက်သွေးကြောပဲ၊ ဘယ်ဟာမှ မလွယ်ဘူး ဆိုပေမယ့် သူတို့သာ မြောက်ကိုရီးယား ပြဿနာကို ဖြေရှင်းချင်ရင် လုပ်လို့ရတယ်” ဟု ထရမ့်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထရမ့်၏ နောက်ခြေလှမ်းမှာ ဘာမှန်းမသိသေးသော်လည်း ကမ္ဘာပေါ်တွင် မှန်းဆရ အခက်ဆုံး နိုင်ငံတစ်နိုင်ငံကို ကိုင်တွယ်သည့် ကြိုတွက်၍ မရသော သမ္မတ၏ အစောပိုင်း ခြေလှမ်းများကို ကြည့်လျှင် လာမည့်နှစ်များအတွင်း ပေါက်ကွဲလာနိုင်သည့် အခြေအနေဆီသို့ ဦးတည်လာသည်ဟု ဆိုနိုင်သည်။

ပိုရှုပ်လာသော ရုရှားနှင့် ဆက်ဆံရေး

အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အားကောင်းသော ခေါင်းဆောင်တစ်ဦးဟု ထပ်တလဲလဲ ချီးကျူးခဲ့သလို ဆက်ဆံရေးကောင်း တည်ဆောက်လိုသည်ဟု ဆိုခဲ့သည်။

မဲဆွယ်ကာလအတွင်း ဒီမိုကရက်တစ်ပါတီ အီးမေးလ်များ ဖောက်ထွင်းခံရမှုတွင် ရုရှား၌ တာဝန်ရှိသည် ဆိုသော အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ၏ ကောက်ချက်ထွက်ပေါ်လာချိန်တွင် ထရမ့်က လက်ခံလိုဟန် မပြခဲ့သော်လည်း နောက်ပိုင်းတွင် အငြင်းပွားမှုများ မရှိတော့ပေ။

ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှားအကြား သံသယဖြစ်ဖွယ် ဆက်ဆံရေးများ ရှိခဲ့သည်ဆိုသော စွဲချက်များကလည်း ထရမ့်အစိုးရ ပထမရက် ၁၀၀ တွင်း လွှမ်းမိုးနေခဲ့သည်။ ထရမ့်က တွင်တွင်ငြင်းပြီး သတင်းတုများသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

သို့သော်လည်း ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်းမှာ ရာထူးတာဝန် တရားဝင် မရယူမီ ရုရှားသံအမတ်နှင့် ဘောင်ကျော်သော တွေ့ဆုံဆွေးနွေးခဲ့မှုများ ရှိခဲ့သည်ဆိုသော ကိစ္စကြောင့် နုတ်ထွက်ပေးခဲ့ရသည်။

နောက်ဆုံးတွင်မူ ရုရှားသမ္မတ ပူတင်ကို ယုံကြည်လိုသော်လည်း ထိုယုံကြည်မှု ကြာရှည်ခံချင်မှ ခံမည်ဟု ထရမ့်ကိုယ်တိုင် ထုတ်ဖော်ပြောကြားလာခဲ့သည်။

ပြောသည့်အတိုင်းပင် ဖြစ်လာသည်။ ဆီးရီးယား အစိုးရက ကျူးလွန်ခဲ့သည် ဆိုသော ဓာတုလက်နက် တိုက်ခိုက်မှုတွင် နှစ်ဖက် ဆက်ဆံရေး ထိပ်တိုက်တိုးမိသည်။ သမ္မတပူတင်က ဆီးရီးယားသမ္မတ ဘာရှားအာဆတ်ကို ဆက်လက်ထောက်ခံပေးထားသော်လည်း ထရမ့်က ဓာတုလက်နက် ကြဲချရာတွင် အသုံးပြုခဲ့သည့် လေယာဉ်များရှိသည် ဆိုသော ဆီးရီးယား လေတပ်စခန်းကို တိုမာဟော့ခ်ဒုံးကျည် ၅၉  လုံးဖြင့် ဖျက်ဆီးပြခဲ့သည်။

သမိုင်းတစ်လျှောက် ရုရှားနှင့် ဆက်ဆံရေး အနိမ့်ဆုံး အခြေအနေမျိုး ဖြစ်နိုင်သည်ဟု ထရမ့်ကိုယ်တိုင် ပြောခဲ့သလို နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာခဲ့မည်ဆိုလျှင် အံ့သြစရာ ဖြစ်ကြောင်း၊ ဆန့်ကျင့်ဘက် အခြေအနေမျိုးသာ ပိုဖြစ်နိုင်ကြောင်း ဝန်ခံခဲ့သည်။

နေတိုးအပေါ် အာရုံပိုစိုက်လာမှု

ကနဦးတွင် ထရမ့်သည် နှစ်ပေါင်း ၆၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ဒေါက်တိုင်တစ်ခု ဖြစ်သော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ကို အကြီးအကျယ် ဝေဖန်သူတစ်ဦး ဖြစ်ခဲ့သည်။ နေတိုးသည် “ခေတ်မရှိတော့” ဟု ထိုးနှက်ခဲ့ပြီး ကျေးဇူးမသိတတ်သော မဟာမိတ်များသည် အမေရိက၏ ကြီးမြတ်မှုမှ အကျိုးကျေးဇူးကိုသာ စံစားခံစားနေသည်ဟု စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီလတွင် နေတိုးအဖွဲ့ဝင် နိုင်ငံများသာ ထရမ့် တောင်းဆိုသလို ၎င်းင်းတို့ GDP ၏ ၂ ရာခိုင်နှုန်းမျှ ကာကွယ်ရေး အသုံးစရိတ် မသုံးလျှင် အမေရိကန်ကလည်း အာရုံစိုက်မှု လျော့ပေါ့လာလိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က ထပ်သတိပေးခဲ့သည်။

ထရမ့်ကတော့ သူဒီလို ခပ်မာမာ ပြောသောကြောင့်သာ “ငွေသုံးလာကြသည” ဟု ဆိုသော်လည်း လေ့လာသူများကမူ ၂၀၁၄ သဘောတူညီချက်ကြောင့်သာ အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်မှု တိုးလာခြင်းသာ ဖြစ်သည်ဟု ထောက်ပြသွားသည်။

ဧပြီလတွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်မူ နေတိုးအကြီးအကဲ ယန်းစတိုလ်တန်ဘာ့ဂျ်က ယင်းကိစ္စကို အမေရိကန်သမ္မတက အာရုံစိုက်ခြင်းအတွက် ကျေးဇူးတင်စကားပင် ဆိုလာသည်။ “မဟာမိတ်အဖွဲ့ အတွင်းမှာ ဝန်ထုပ်ကို မျှထမ်းဖို့ သမ္မတ အာရုံစိုက်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ကျွန်တော်တို့အားလုံး တွေ့လာရပါပြီ” ဟု စတိုလ်တန်ဘာ့ဂျ်က ထုတ်ဖော်ချီးကျူးခဲ့သည်။

နေတိုးသည် ‘ခေတ်မကုန်တော့’ ဟု ထရမ့်ကိုယ်တိုင် လေသံပြောင်းသွားသည်။ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုသည် နေတိုး၏ အရေးပါမှုကို မီးမောင်းထိုးပြနေပြီး အဖွဲ့ဝင်နိုင်ငံများ အနေနှင့် အီရတ်နှင့် အာဖဂန် မဟာမိတ်များကို ယခုထက် ပိုမိုကူညီကြရန်ပါ တိုက်တွန်းသွားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။
Ref:BBC, President Trump: Seven ways the world has changed