News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၄)
28-Apr-2017

Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာအထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

မြန်မာပြည်မြောက်ပိုင်းဒေသ (နယ်စပ်ဒေသ) နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ  စိုးရိမ်သောကများသည် အနောက်နိုင်ငံများအပေါ် စိုးရွံ့ထိတ်လန့်မှုများ၊ အထူးသဖြင့် တရုတ်၏ အနီးကပ် အိမ်နီးချင်း မြန်မာနိုင်ငံ၌ (အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်ပြီး လုံခြုံမှု မရှိသော နယ်စပ်ဒေသတစ်လျှောက်) အမေရိကန်ပြည်ထောင်စု၏ ကြားဝင်စွက်ဖက်မှုများအပေါ် ထိတ်လန့်မှုများကလည်း ပုံဖော်ပေးခြင်း ခံရလေသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်ပြည်ထောင်စု၏ ပွင့်လင်းတက်ကြွမှုရှိသော အခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေး၌  အမေရိကန် သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပေးသလိုဖြစ်ပြီး တရုတ်နယ်စပ်ဒေသတွင် အမေရိကန်တို့ နေရာရလာအောင် ဖိတ်မန္တကပြုရာ ရောက်ပေသည်။ မြန်မာပြည်မြောက်ပိုင်း  စစ်မက်ပဋိပက္ခများအတွက် အဖြေရှာရာတွင် အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍ ပါဝင်လာမည့် အရေးကို ဘေဂျင်းအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းဦးစားပေး ကိစ္စမှာ ကေအိုင်အေက ကချင်ကိစ္စကို နိုင်ငံတကာနှင့်ဆိုင်သော အရေးကိစ္စတစ်ရပ် ဖြစ်လာအောင် ကြိုးပမ်းချက်အား ပိတ်ဆို့ဟန့်တားပစ်ရေးပင် ဖြစ်ခဲ့သည်။ ကေအိုင်အေသည် ၎င်းနှင့် (မြန်မာ) ဗဟိုအစိုးရအကြား စေ့စပ်ညှိနှိုင်းရာတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကုလသမဂ္ဂနှင့် တရုတ်တို့ကို လေ့လာစောင့်ကြည့်သူများနှင့် အသိသက်သေများအဖြစ် ဖိတ်ခေါ်ကာ အဆိုပြုခြင်းဖြင့်  ကချင်ပြဿနာကို နိုင်ငံတကာနှင့်ဆိုင်ရာ အရေးကိစ္စတစ်ရပ် ဖြစ်လာအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ဤအစီရင်ခံစာအတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သော မြန်မာအစိုးရ အရာရှိများ၏ ပြောကြားချက်အရ ယင်းနှစ်က တရုတ်နိုင်ငံ၏ စိတ်အားထက်သန်စွာ ဆန့်ကျင်ကန့်ကွက်မှုက NCA လက်မှတ်ရေးထိုးမှုတွင် အမေရိကန်ပြည်ထောင်စု အနေနှင့် အသိသက်သေ ဖြစ်မလာအောင် ဟန့်တားပစ်နိုင်ခဲ့လေသည်။ 

ရှေ့နောက်မညီ ဆန့်ကျင်သလို ဖြစ်နေသည့် အနေအထားနှစ်ရပ်တွင် အမေရိကန်တို့ ပါဝင်ပတ်သက်နေမှုအပေါ် စိုးရိမ်ပူပန်မှုများက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သော တရုတ်ပြည်၏ မဟာဗျူဟာကို ပုံဖော်ပေးလျက်ရှိသည်။ တစ်ဖက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး မလှုပ်မယှက် ရှေ့မတိုးနိုင် ဖြစ်နေခြင်း၊ သို့မဟုတ် ဆိုင်းငံ့နေခြင်းကြောင့် တိုင်းရင်းသား လူမျိုးစုများရော (မြန်မာ) ဗဟိုအစိုးရဘက်ကပါ ပြည်ပနိုင်ငံများ (အထူးသဖြင့် အမေရိကန် ပြည်ထောင်စု) ၏ ပံ့ပိုးမှုရှာဖွေရကိန်း ဆိုက်လာနိုင်သည်။ (ဥပမာ- ကေအိုင်အေအဖွဲ့က အနောက်နိုင်ငံများကို လေ့လာစောင့်ကြည့်သူများအဖြစ် ဖိတ်ကြားရန် ကြိုးပမ်းသကဲ့သို့ ဖြစ်သည်) ဤအနေအထားအရ ဆိုပါက အမေရိကန်ပြည်ထောင်စုကို ဘေးချိတ်ထားခြင်းက တရုတ်အနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စိတ်ပါလက်ပါ ဆက်လက်ပါဝင်လာအောင် ဆွပေးရာ ရောက်သလို ဒိုင်ယာလော့ခ်များ ပိုမိုဖြစ်ပေါ်လာအောင်လည်း အကောင်အထည် ဖော်ပေးနိုင်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တရုတ်သည် ငြိမ်းချမ်းရေးဖြစ်စဉ် သက်ဝင်လှုပ်ရှားနေအောင် လုပ်ဆောင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား မြန်မာတပ်မတော်က ချေမှုန်းတိုက်ခိုက်မှု မပြုနိုင်အောင် ကာကွယ်ပေးခြင်းဖြင့် ၎င်း၏ ရပ်တည်ချက် အနေအထားကို ထိန်းသိမ်းသွားရန် မျှော်လင့်ထားရာ  ၎င်းအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ရမည့် အနေအထားသို့ ရောက်သွားစေမည် ဖြစ်သည်။ 

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို နေပြည်တော် ဗဟိုအစိုးရအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မည့် မဟာဗျူဟာကြားခံ သို့မဟုတ် အက်ဆက် (Asset) အနေနှင့် သဘောထားသင့်သလော ဟူသည့် မေးခွန်းအပေါ် တရုတ်နိုင်ငံတွင်  အချေအတင် ငြင်းခုံပြောဆိုမှုများ လတ်တလောပေါ် ပေါက်လျက်ရှိသည်။ တရုတ်နိုင်ငံက ကျင့်သုံးခဲ့သည့်  ကြားဝင်စွက်ဖက်မှုမပြုရေး မူဝါဒသည် တစ်ဆင့်ခံ စစ်ပွဲများ မဖြစ်ပေါ်အောင် ဟန့်တားပေးနိုင်ခဲ့ကြောင့်  နိုင်ငံခြားရေး မူဝါဒရေးရာ ဂုရုများ ကာလကြာရှည်စွာ  ငြင်းခုံပြောဆိုခဲ့ကြသည်။ သို့တိုင်အောင် ယင်းသို့ ကြားဝင်စွက်ဖက်မှု မပြုသည့် ရပ်တည်ချက်သည် မြန်မာသမ္မတ ဦးသိန်းစိန် လက်ထက်တွင် စိန်ခေါ်ခြိမ်းခြောက်ခံလာရသည်ဟု ဘေဂျင်းအခြေစိုက် စကော်လာများက ဤအစီရင်ခံစာအတွက် ပြုလုပ်သော အင်တာဗျူးတွင် ထောက်ပြပြောဆိုကြသည်။ စစ်ဘက် လုံခြုံရေးနှင့် မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအပေါ် စိုးရိမ်ပူပန်ကြသော တရုတ် တက္ကနိုကရက်ကြီးများအတွက် တိုင်းရင်းသားအုပ်စုများကို ကြားခံအဖြစ် သဘောထားကြမည်ဖြစ်သည်။ (တရုတ်ပြည်ကို ဆန့်ကျင်တိုက်ခိုက်လာမည့် စစ်ရေးလှုပ်ရှားမှုများကို ဆန့်ကျင်ပေးမည့် ကြားခံအဖြစ် သဘောထားခြင်းမျိုး ဖြစ်သည်) မဟာဗျူဟာ ဂိုဏ်းသားများကတော့ တိုင်းရင်းသား အရေးကိစ္စကို မဟာဗျူဟာပါဝါ မျှခြေတစ်ခုအပေါ် အခြေခံကာ ချဉ်းကပ်စဉ်းစားပြီး အရေးကြီးသည့် အချက်နှစ်ချက်ကို ထုတ်ပြသည်။ ပထမအချက်မှာ ၂၀၁၁ ခုနှစ် နောက်ပိုင်းက  စတင်တွေ့ရှိလာရသော မြန်မာနိုင်ငံ၏ အနောက် လိုလားသော ပြုမူဆောင်ရွက်မှုများကို တုံ့ပြန်ရန်အလို့ငှာ တရုတ်အနေနှင့် မြန်မာပြည်တွင်း နေရာရယူမှုကို တိုးမြှင့်ရန် လိုအပ်သည်ဟူ၍ ဖြစ်သည်။ ဒုတိယအချက်မှာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ထိခိုက်ပျက်စီးစေမည့် မြန်မာအစိုးရ မူဝါဒ မှန်သမျှကို ဟန့်တားနိုင်ရေးအတွက် တိုင်းရင်သားလက်နက်ကိုင် အုပ်စုကဲ့သို့သော အဖွဲ့အစည်းများကို ကြားခံကိုယ်စားလှယ်အဖြစ် သတ်မှတ်ထားရှိမှု အပါအဝင် သြဇာလွှမ်းမိုးမှုများကို အားကောင်းမောင်းသန် ဖြစ်အောင်  ပြုလုပ်ရမည်ဟူ၍ ဖြစ်လေသည်။ 

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံတစ်နိုင်ငံ အနေနှင့် ပါဝင်ပတ်သက်နေသော တရုတ်အကျိုးစီးပွားများသည် တရုတ်ပြည်တွင်းနှင့် ပုဂ္ဂလိက ဇာတ်ကောင်များနှင့် အမြဲပင်တစေ ထပ်တူထပ်မျှဖြစ်ခြင်းမျိုး မရှိပေ။ တရုတ်သည် နိုင်ငံတစ်နိုင်ငံ အနေနှင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေး ဟူသော မူဝါဒလမ်းစဉ်အား လိုက်နာစောင့်ထိန်းရန် ဆန္ဒရှိသော်လည်း တရုတ်ပြည်တွင်းမှ ဇာတ်ကောင်များနှင့် တစ်သီးပုဂ္ဂလ ဇာတ်ကောင်များသည် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားညီနောင်များ သို့ မဟုတ် စီးပွားရေးမိတ်ဖက်များကို ပံ့ပိုးပေးရေးဟူသည့် ပုဂ္ဂလိက အကျိုးစီးပွားများ၏ စေ့ဆော်မှုကို မကြာခဏ ခံရလေ့ ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရာတွင် တူညီသော အဆိုတစ်ခုမှာ ယင်းအုပ်စုများ၏ ပြုမူလှုပ်ရှားမှုများအပေါ် တရုတ်၏ ထိန်းချုပ်နိုင်မှု စွမ်းအားသည် အကြောင်းအရင်း နှစ်ရပ်ကြောင့် ထိခိုက်ပျက်စီးနေရသည် ဟူ၍ပင် ဖြစ်လေသည်။ နယ်စပ်ဒေသ အနေအထားမှာ အားနည်းချက် ရှိထားရာ နေပြည်တော်ရှိ မြန်မာဗဟိုအစိုးရသည်လည်း ၎င်းတို့ကို ထိန်းချုပ်နိုင်သည့် စွမ်းရည် မရှိပေ။ တစ်ဖက်တွင်လည်း လက်နက်ကိုင်အုပ်စုများသည် တရုတ်အကျိုးစီးပွားအတွက် အသေအချာ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း ဖြစ်ရာ ၎င်းတို့ကို ပံ့ပိုးကူညီရန် နေပြည်တော် အစိုးရတွင် ဆန္ဒရှိပုံ မရပေ။ 

တရုတ်အစိုးရ၏ မူဝါဒချမှတ်မှုဖြစ်စဉ်များ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် နယ်စပ်ဒေသ၏ ရှုပ်ထွေးသော အနေအထားများကြောင့် အဆိုပါ ယူဆချက်များကို ဆန်းစစ်ကြည့်ရေးမှာ လွန်စွာခက်ခဲလှပါသည်။ မည်သို့ပင် ဆိုစေကာမူ တရုတ်လူမျိုး ဇာတ်ကောင်များ၏ အကျိုးစီးပွားသည် ဘေဂျင်းအစိုးရနှင့်  မည်မျှအတိုင်းအတာအထိ ထပ်တူထပ်မျှဖြစ်နိုင်မှုရှိ၊ မရှိဟူသော အချက်ကို နားလည်သဘောပေါက်ရန်မှာ ဖြစ်နိုင်ခြေရှိသောကိစ္စ ဖြစ်လေသည်။ ပထမ လေ့လာရမည့် အရေးကိစ္စမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ချိတ်ဆက်မှု ကင်းမဲ့နေသည် ဟူသော ကိစ္စဖြစ်သည်။ ယင်းကိစ္စအတွက် အခြေခံတူညီမှုရှိသော အဆိုတစ်ရပ်မှာ မြန်မာ့တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်သော ဘေဂျင်း၏ မူဝါဒသည် ဆိုးဆိုးရွားရွားပင် ထိခိုက်ပျက်ပြားနေသည်ဟူ၍ပင်။ ဒုတိယလေ့လာရမည့် ကိစ္စရပ်မှာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအပေါ် တရုတ်ပုဂ္ဂလိက ဇာတ်ကောင်များ၏ ကူညီပံ့ပိုးနေမှုပင် ဖြစ်လေသေည်။  

ချွန်ထူးဟန်
ဆက်လက်ဖော်ပြပါမည်