News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၃)
27-Apr-2017


Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာ အထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာ မူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ် နိုင်ငံ၏ သဘောထားများ အပြုသဘောဆောင်စွာ ပြောင်းလဲသွားမှုသည် တရုတ်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် NLD အစိုးရ၏ ငဲ့ကွက်မှုများကို တရုတ်တို့ကိုယ်တိုင် လေ့လာစောင့် ကြည့်ခဲ့မှုအပေါ် အခြေခံသလို NLD ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ဆန္ဒကောင်းများကို အားပေးအားမြှောက်ပြုသင့်လျှင် ပြုရမည်ဟူသော မျှော်လင့်ချက် အပေါ်တွင်လည်း အခြေခံခဲ့ခြင်း ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည်၊ NLD  အစိုးရတို့နှင့် စောစီးစွာ ချစ်ကြည်မှု ထူထောင်နိုင်ရေးအတွက် တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် တစ်ပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကွန်ဖရင့်တို့တွင် ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မကြုံစဖူး ဖြစ်လောက်အောင် လုပ်ဆောင်ပေးခဲ့သည်။ ယင်းနှစ် မတ်လပိုင်းမှစ၍ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တရုတ်တို့၏ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများမှာ သိသိသာသာ တိုးမြင့်လာခဲ့သည်ကို တွေ့ရပါသည်။ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သော အစိုးရ အရာရှိကြီးများ၏ ပြောကြားချက်အရ တရုတ်အစိုးရသည် ယခုနှစ် အစောပိုင်းက ပူးတွဲလေ့လာစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) ကို ဒေါ်လာသုံးသန်းတိတိ ပေးအပ်လှူဒါန်းခဲ့သည်။ (ယင်းဖြစ်စဉ်မျိုးမှာ ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက စဉ်းစား၍ပင် မဖြစ်နိုင်သော ကိစ္စဖြစ်သည်) အာရှဒေသရေးရာ တရုတ်အထူးသံတမန် Sun Guoxiang သည် ပြီးခဲ့သည် ဇူလိုင်လက ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ဦးစီးကျင်းပသည့် တိုင်းရင်းသားလူမျိုးစုများ ထိပ်သီးဆွေးနွေးပွဲ (မိုင်ဂျာယန်း ထိပ်သီးဆွေးနွေးပွဲဟုလည်း ခေါ်သည်) သို့ တက်ရောက်ခဲ့သလို တရုတ်နိုင်ငံ အနေနှင့် NLD အစိုးရက ကွပ်ကဲလုပ်ဆောင်ပေးလျက် ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ပံ့ပိုးကူညီသွားရန် ဆုံးဖြတ်ထားကြောင်းလည်း လူသိရှင်ကြား ပြောဆိုခဲ့လေသည်။ တိုင်းရင်းသားခေါင်းဆောင် အချို့က တရုတ်တို့သည် တရုတ်နိုင်ငံ၏ ကြီးမားသော အကြောင်းကိစ္စကြီးကို အထောက်အပံ့ဖြစ်ရန် အလို့ငှာ လက်နက်ချ အရှုံးပေးရန် မိမိတို့ကို သွေးဆောင်စည်းရုံးလျက်ရှိသည် ဟူသော ပြောဆိုမှုများနှင့် ပတ်သက်၍ Sun Guoxiang နှင့် အခြားသော တရုတ်အစိုးရ အရာရှိကြီးများ လွန်စွာ ကြိတ်ခဲမရ စိတ်ဝင်တစားဖြစ်လျက် ရှိလေသည်။  

တရုတ်မူဝါဒကို ပုံဖော်ပေးသည့် အကြောင်းကိစ္စများ

တရုတ်နိုင်ငံရှိ ပညာရှင်များ အဆိုအရ တရုတ်မူဝါဒဆိုင်ရာ အဘိဓာန်တွင် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးဟူသည် နယ်စပ်ဒေသတစ် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုဟူသော အကြောင်းကိစ္စအရ တရုတ်အမျိုးသား အကျိုးစီးပွားအတွက် နှစ်လိုဖွယ်နှင့် အပြုသဘောဆောင်ဖွယ် ကောင်းလှသည်။ သို့တိုင်အောင် ယင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ ဟူသည်မှာ လုံးလုံးလျားလျား ကွဲပြားခြားနားလှသည့် အရေးကိစ္စတစ်ခု ဖြစ်သည်။  မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဘေဂျင်းအစိုးရ၏ အောက်ဆုံးအဆင့် မျှော်မှန်းချက်မှာ နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲမှု ပေါ်ပေါက်ရေး ဖြစ်သည်။ တရုတ်နယ်စပ် လုံခြုံရေး ထိခိုက်ပျက်စီးမှုများ အပါအဝင် စစ်မက်ပဋိပက္ခများကြောင့် ဖြစ်သော ကမောက်ကမဖြစ်မှုများ ရှိထားရာ ဘေဂျင်အစိုးရ အနေနှင့် နယ်စပ်ဒေသတစ်လျှောက် စစ်မက်ဖြစ်ပွားမှုများကို ထိန်းချုပ်ရန် သို့မဟုတ် စီမံကွပ်ကဲနိုင်ရန် ဦးစားပေး လုပ်ဆောင်လျက် ရှိလေသည်။ ယင်းအချက်သည် နေပြည်တော် (မြန်မာအစိုးရ) နှင့် မြန်မာဘက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အတွက် တရုတ်ပြည်၏ အခြေခံအကျဆုံးသော လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုလည်း ဖြစ်လေသည်။ 

တရုတ်တို့၏ အမြင်တွင်မူ ကြိုတင်မှန်းဆ၍ရသော အနာဂတ်ကာလ၌ စစ်မှန်သော မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုအတွက် ကဖျက်ယဖျက် ပြုနေသည့် ဆူးငြှောင့်ခလုတ်ကြီး အနည်းဆုံးသုံးခု ရှိနေသည်။ ပထမ ဆူးငြှောင့်ခလုတ်မှာ (ယူနန်ပြည်နယ်တွင် ပြုလုပ်သော အင်တာဗျူး၌ တရုတ်စကော်လာတစ်ဦး၏ ရှင်းပြချက်အရ) ဗမာလူမျိုးကြီးဝါဒ ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ပဋိပက္ခများအတွက် အခြေခံကျသော အကြောင်းအရင်းကြီးတစ်ရပ် ဖြစ်လေသည်။ ငြိမ်းချမ်းရေး ဟူသည်မှာ  ဗလာကျင်းနေသော ဆောင်ပုဒ်တစ်ခု မဟုတ်ပေ။ ငြိမ်းချမ်းရေးဟူသည် နေပြည်တော်ရှိ ဗဟိုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား နိုင်ငံရေးအာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ နိုင်ငံတော်အဆင့်မှ ဒေသအဆင့်အထိ ခွဲဝေနိုင်မှုအတွက် နှစ်ဦးနှစ်ဖက် လက်သင့်ခံနိုင်သော မူဘောင်တစ်ခုပေါ်တွင် အခြေခံရမည် ဖြစ်လေသည်။ သို့သော် ကာလတိုတစ်ခုအတွင်း စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်စွာ အပြီးသတ်နိုင်သည် ဟူသော အမြင်မှာ သမန်ကာလျှံကာ သဘောသာ ဖြစ်ပေလိမ့်မည်။ ဒုတိယ ဆူးငြှောင့်ခလုတ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်သည် NLD အစိုးရနှင့် မြန်မာစစ်တပ် (တပ်မတော်) အကြား ထိလွယ်ရှလွယ် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအောက်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ (စစ်တပ်က ခွဲထွက်ရေးဝါဒီ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို  တိုင်းပြည်၏ အန္တရာယ် သို့မဟုတ် ရန်သူအဖြစ် ရှုမြင်သဘောထားပြီး ယင်းအုပ်စုများအား တိုက်ခိုက်ချေမှုန်းမှုကို စစ်တပ်၊ တစ်နည်းအားဖြင့် တပ်မတော်အတွက် သမိုင်းပေးတာဝန်အဖြစ် ခံယူထားသည်) တစ်နည်းဆိုပါက အကယ်၍ စစ်တပ်က NLD အစိုးရကို တိုင်းပြည်အချုပ်အခြာအာဏာနှင့် မြန်မာပိုင်နက်ကို အပေးအယူ လုပ်နေသည်ဟု ရှုမြင်မည်ဆိုပါက ၎င်းအနေနှင့် (တိုင်းရင်းသား လက်နက်ကိုင်များနှင့်) ရရှိမည့် သဘောတူညီမှုများကို ကန့်ကွက်လာဖွယ် ရှိသည်။ သို့မဟုတ် အဟန့်အတား ဖြစ်အောင်ပင် လုပ်လာဖွယ်ရှိသည်။ ဤကိစ္စကြောင့် မြန်မာ့ပြည်တွင်း နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတို့၏ အကဲဆတ်သော အခြားအရေးကိစ္စများကိုပါ ထည့်တွက်ရမည့် သဘောမျိုး ဖြစ်စေသည်။ 

ရန်ကုန်အခြေစိုက် မြန်မာအစိုးရ အရာရှိကြီးများ၏ အဆိုအရ မြန်မာနိုင်ငံတွင်း တူညီသော  သဘောထားအမြင်မှာ စစ်တပ်သည် ၎င်း၏ နိုင်ငံရေးအာဏာနှင့် အခွင့်ထူးကို ကာကွယ်ရန် တိုင်းရင်းသား အရေးကိစ္စကို အသုံးချလျက်ရှိသည် ဟူသော အမြင်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် NLD အစိုးရအနေနှင့် လက်သင့်ခံလာမည့် မည်သည့်စေ့စပ်ညှိနှိုင်းမှုကိုမဆို စစ်တပ်က လက်ခံလာဖွယ် မရှိပေ။ နောက်ဆုံး မပြောလျှင်မပြီး ဖြစ်စေသည့် ကိစ္စတစ်ခု ရှိပါသေးသည်။ ယင်းမှာ ဗမာလူမျိုးအများစုနှင့် တိုင်းရင်းသားလူမျိုးစုများ အကြား ရှုပ်ထွေးနက်နဲသည့် ဆက်ဆံရေးက တစ်ဖက်၊ အရပ်သားအစိုးရနှင့် မြန်မာစစ်တပ်အကြား ထိလွယ်ရှလွယ်သော ဆက်ဆံရေးကတစ်ဖက် ရှိထားသည့် အနေအထားထဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် တိုင်းပြည်တည်ဆောက်ရေးတို့မှာ နှောင့်နှေးကြန့်ကြာရန် အီလေးဆွဲခံရသည့် ဖြစ်စဉ်တို့ ဖြစ်ကုန်တော့သည်။ သို့အတွက်ကြောင့်  တရုတ်တို့၏ အမြင်တွင် (ငြိမ်းချမ်းရေးအတွက်) ရရှိသည့် မည်သည့်သဘောတူညီချက်မဆို ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ တစ်ဖက်  သို့မဟုတ် နှစ်ဖက်စလုံး၏ ဖျက်ဆီးခြင်း ခံရမည့် သဘောတွင် ရှိနေသည်။ အကြောင်းမှာ တကယ်လိုအပ်နေသည့် ယုံကြည်မှု မရှိခြင်းကြောင့်ပင် ဖြစ်သည်ဟု ယူနန်နှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံမေးမြန်းခံရသူများ၏ ထုတ်ဖော်ပြောဆိုမှုများအရ သိရသည်။ 

ဤသဘောအမြင်အရ ဆိုပါက မြန်မာနိုင်ငံတွင် ကာလတိုအတွင်း ငြိမ်းချမ်းရေး ပေါ်ထွန်းလိမ့် မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားမည် မဟုတ်ပေ။ တရုတ်အစိုးရ အရာရှိများ၏ အကဲဖြတ်ချက်အရ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် မဝေးကွာတော့သည့် အနာဂတ်တွင် အနှောင့်အယှက်များ၊ ပြိုလဲပျက်စီးမှုများစွာနှင့် ပြည့်နှက်နေပေလိမ့်မည်။ ယင်းအနေအထားထဲတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲမှု ဟူသည်မှာ ပြီးပြည့်စုံသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုထက် ပို၍ဖြစ်နိုင်ခြေ ရှိပေလိမ့်မည်။ သို့အတွက်ကြောင့် ဆက်စပ်ဆင်ခြင်ကြည့်မည် ဆိုပါက တရုတ်နိုင်ငံအနေနှင့် စစ်မက်ပဋိပက္ခများနှင့်  တရုတ်-မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကြောင့် ပေါ်ပေါက်လာမည့် ကာလရှည် စိုးရိမ်စရာ ပြဿနာများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သလိုအပ်ပေမည်။ ဤအကဲဖြတ်ချက်အရ မူဝါဒရေးရာ ဂယက်ရိုက်ခတ်မှုနှစ်ရပ် ပေါ်ပေါက်နိုင်သည်။ 

ပထမတစ်ခုမှာ ဘေဂျင်း (တရုတ်အစိုးရ) အနေနှင့် နေပြည်တော် (မြန်မာအစိုးရ) နှင့် ဆက်ဆံရေး သာသာယာယာ ဖြစ်စေရန် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကူညီပံ့ပိုးသည့် နည်းလမ်းကို အသုံးပြုလာနိုင်သည်။ 

ဒုတိယတစ်ခုမှာ- ဘေဂျင်းအနေနှင့် တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို စွန့်လွှတ်ပေးမည် မဟုတ်ပေ။ အကြောင်းမှာ ယင်းအုပ်စုများကို ချေမှုန်း၍ မရနိုင်သလို တရုတ်အနေနှင့် အလွန်အမင်း ဖိအားပေးမည် ဆိုပါက ၎င်းအုပ်စုများသည် တရုတ်နိုင်ငံကိုပင် ဆန့်ကျင်လာမည့်  အနေအထားတွင် ရှိသောကြောင့် ဖြစ်သည်။ ဤနေရာတွင် လွန်စွာအရေးပါလွန်းလှသည့် အချက်တစ်ခုကို ပြောချင်ပါသည်။ ယင်းမှာ ဘေဂျင်းအစိုးရသည် နေပြည်တော် (မြန်မာအစိုးရ) သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ဟူသည့်ဘက် နှစ်ဖက်အနက် တစ်ဖက်ဖက်ကိုရွေးမည် ဟူသော ယူဆချက်ပေါ်တွင် အခြေတည်ကာ ရပ်တည်လုပ်ကိုင်နေခြင်းမဟုတ် ဟူသော အချက်ပင် ဖြစ်လေသည်။ အမှန်တွင် ဘေဂျင်းသည် မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတို့နှင့်ပါ နှစ်ဖက်စလုံးနှင့် ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်နေခြင်း ဖြစ်သည်။ (နှစ်ဖက်စလုံး ဘေဂျင်းအတွက် ထူးခြားသည့် ပန်းတိုင်များကို ဖြည့်ဆည်းပေးလျက် ရှိသည်) 

ပထဝီ မဟာဗျူဟာအဆင့်တွင်မူ မြန်မာပြည်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများမှာ တရုတ်အစိုးရ၏ ကြီးကျယ်ခမ်းနားသော မဟာဗျူဟာ ဦးတည်ချက်တို့ (ဥပမာ-ပိုးသားလမ်းမကြီး စီမံကိန်း- One Belt, One Road နှင့် အိန္ဒိယ သမုဒ္ဒရာမဟာဗျူဟာ) အတွက် ပြဿနာပေးနိုင်သည့် အဟန့်အတားများပင် ဖြစ်သည်။ တရုတ်ပြည်၏ ကြီးမားသည့် မဟာဗျူဟာဒီဇိုင်းမှာ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတို့နှင့် ဆက်သွယ်ရေး စီမံကိန်းများနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်များ ထူထောင်နိုင်ရေးပင် ဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့မှာ အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် တရုတ်ပြည်၏ ရေကြောင်းလမ်းအတွက် ဗဟိုချက်မများ ဖြစ်လာပေလိမ့်မည်။ သို့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရည်မှန်းချက်အတွက် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အနုတ်လက္ခဏာဆောင်စွာ ထိခိုက်စေသည့် သဘောတွင် ရှိလေသည်။ တိုက်ရိုက်သဘောအရ ဆိုပါက တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခသည် တရုတ်၏ စီမံကိန်းကြီးများ မြန်မာနိုင်ငံ အနောက်ဘက်ကမ်း (ရခိုင်) ဒေသသို့  မရောက်မီကတည်းကပင် နယ်စပ်ဒေသတစ်လျှောက် မဟာဗျူဟာ ဦးတည်ချက်များကို ကန့်လန့်ခံပိတ်ဆို့နေသည့် အရာသဖွယ် ဖြစ်နေသည်။ သွယ်ဝိုက်သည့် သဘောအရဆိုပါက တရုတ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆက်ဆံရေးတို့၏ ပြဿနာများသော အရေးကိစ္စတို့က တရုတ်အပေါ် မြန်မာနိုင်ငံ၏  ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသလို မြန်မာနှင့် အနီးကပ် ဆက်ဆံရေး ထူထောင်မည့် ရည်မှန်းချက်ကိုလည်း နှောင့်နှေးစေခြင်းပင် ဖြစ်တော့သည်။ 

ချွန်ထူးဟန်
ဆက်လက်ဖော်ပြပါမည်