News

POST TYPE

ARTICLE

တရုတ်နယ်စပ်တံခါးကို တွန်းဖွင့်နေသော မြန်မာ့ဆန်
27-Apr-2017
မြန်မာနိုင်ငံ၏ အဓိက ဆန်ဈေးကွက်ကြီး ဖြစ်သည့် မူဆယ်နယ်စပ်ဈေးကွက်မှာ အကျပ်အအတည်း ကာလကို ကျော်လွန်လာပြီး ယခုတစ်ဖန် ပြန်အသက်ဝင်လာပြီ ဖြစ်သည်။

တစ်ရက်လျှင် တန်ချိန် ၂၀၀၀ ခန့်အထိ တင်ပို့လာရပြီဖြစ်သော ယင်းမူဆယ်ဈေးကွက်ကို မြန်မာနိုင်ငံမှ ဆန်တင်ပို့သူများက ခိုင်မာသော ဈေးကွက်တစ်ခု ဖြစ်လာရန် စိတ်အားထက်သန်လျက် ရှိသည်။

တရုတ်ဘက်က တရားမဝင်ဟု သတ်မှတ်ထားသော ယင်းဈေးကွက်မှတစ်ဆင့် ဆန်တင်ပို့မှုကို နှစ်နိုင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို ရောင်းဝယ်သည်အထိ မြန်မာအစိုးရ၏ ပံ့ပိုးကူညီမှုကို မြန်မာလုပ်ငန်းရှင်များက ရလိုကြသည်။

သို့သော် ယနေ့အထိ မူဆယ်မှ တရုတ်သို့ ဆန်တင်ပို့မှုကို တရုတ်နိုင်ငံဘက်က တရားမဝင် သတ်မှတ်ထားဆဲ ဖြစ်သည်။

မူဆယ်သို့ နယ်စပ်မှ ဆန်တင်ပို့မှုကို ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်က ခွင့်ပြုခဲ့ပြီး တဖြည်းဖြည်း အရှိန်ရလာခဲ့သော်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်တင်ပို့မှုကို တရားဝင် မစေ့စပ်နိုင်ခဲ့ပေ။

ယင်းကြောင့် တရုတ်ဘက်က အဖမ်းအဆီးများရှိခြင်း၊ နယ်စပ်ဒေသတွင် မြန်မာအစိုးရတပ်မတော်နှင့် တိုင်းရင်းသားလ က်နက်ကိုင်တို့၏ တိုက်ပွဲများ ရှိခြင်းတို့ကြောင့် ဆန်တင်ပို့မှုမှာ မနှစ်ကစ၍ ဆုတ်ယုတ်လာခဲ့သည်။

အချို့ဆန်ကုန်သည်များက အခြားလုပ်ငန်းပြောင်းသွားကြပြီ ဖြစ်သည်။

“ဆန်လိုင်းဘက်ကနေ သကြားလိုင်းဘက် ကူးတဲ့လူတွေ အများကြီးပဲ။ တချို့ကတော့ နှစ်မျိုးလုံး လုပ်တယ်။ ကျွန်တော်လည်း သကြားလုပ်ခဲ့ဖူးတယ် ဆိုပေမယ့် အခုအခြေအနေအရတော့ ပြန်ပြောင်းဖို့ ဆန္ဒမရှိတော့ပါဘူး။ သကြားက ရေရှည်လုပ်လို့ရမှာ မဟုတ်လို့လေ” ဟု ဆန်ကုန်သည်တစ်ဦးက ဖွင့်ဟပြောဆိုသည်။

ပြီးခဲ့သည့်နှစ်တွင်းက တရုတ်နိုင်ငံဘက်က အဖမ်းအဆီးများ သိသိသာသာ ပြုလုပ်ခဲ့ခြင်းကြောင့် တစ်ရက်လျှင် ဆန်တန်ချိန် ၁၀၀၀ မှ ၁၅၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်အတွင်း နေ့စဉ် တန် ၂၀၀၀ ခန့်အထိ တင်ပို့လာနိုင်ပြီ ဖြစ်သည်ဟုလည်း ဆန်တင်ပို့သူတို့က ပြောကြသည်။

တရုတ်သို့ မူဆယ်နယ်စပ်မှတစ်ဆင့် ဆန်ပုံမှန် ပြန်ပို့လာနိုင်ခြင်းသည် ယခုနှစ် နှစ်ဆန်းပိုင်းကာလများ အတွင်းက ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး သြင်္ကန်ရက်များမတိုင်မီ ရက်များအတွင်းက တရုတ်သို့ တစ်ရက်လျှင် ဆန်တန်ချိန် ၂၀၀၀ ကျော် ပုံမှန်ပြန်လည်တင်ပို့နိုင်ခဲ့ရာမှ ယခုနောက်ပိုင်းရက်များတွင်လည်း တရုတ်ကုန်သည်များက ပုံမှန် ပြန်လည်ဝယ်လာခဲ့သည်။
“မူဆယ်ဘက်က အခြေအနေ ပြန်ကောင်းလာပါပြီ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မူဆယ်ဆန်ဈေးကွက်နှင့် ပတ်သက်၍ ပြောဆိုသည်။

သို့သော် ယင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်ခြင်း မရှိဘဲ တရုတ်နိုင်ငံဘက်က ပုံမှန်ပြန်ဝယ်လာခြင်း ဖြစ်သည်ဟု ဆန်ကုန်သည်များက ဆိုသည်။ လတ်တလော တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၃၀၀၀ မှ ၄၃၀၀၀ ကျော် (တရုတ်ယွမ် ၁၂၀ မှ ၂၂၀ ခန့်) ထိ ဈေးရှိကြောင်း မူဆယ်ဆန်ဈေးကွက် အတွင်းမှ သိရသည်။

ထိုသို့ မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်သို့ ဆန်တင်ပို့မှု ပုံမှန်ပြန်ဖြစ်လာခြင်းကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်လာသည့်အပြင် လယ်သမားများအတွက်ပါ အကျိုးရှိစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသိုင်းအဝိုင်းက ဆိုသည်။

“ဒီလို ပြည်ပကို များများပို့နိုင်လေ စပါးလည်း ဈေးကောင်းရပြီး တောင်သူလယ်သမားတွေကို အကျိုးဖြစ်ထွန်းစေပါတယ်။ မနှစ်တုန်းက ပြည်ပမပို့နိုင်လို့ လယ်သမားတွေ အခက်အခဲ တော်တော်တွေ့ခဲ့ရပါတယ်” ဟု ယင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

တရုတ်နိုင်ငံသို့ ပြီးခဲ့သည့်နှစ်များ အတွင်းက မူဆယ်နယ်စပ်မှတစ်ဆင့် ၈၀ ရာခိုင်နှုန်းအထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၆၀ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့သည်။

“အခုကတော့ ပုံမှန်ပြန်ပို့လာနိုင်ပါပြီ။ ဈေးလည်းအတက်ဘက်ကို ပြန်ဦးတည်နေပြီဆိုတော့ တောင်သူတွေ အတွက်ရော ကုန်သည်တွေအတွက်ပါ ကောင်းမွန်လာမှာပါ” ဟု ဒေါက်တာစိုးထွန်းက မှတ်ချက်ပေးသည်။

၂၀၁၆ ခုနှစ် မတ်လအတွင်းမှ စတင်၍ တရုတ်အစိုးရဘက်မှ အဖမ်းအဆီးတို့ သိသိသာသာ ပြုလုပ်လာခြင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းများ အပါအဝင် မူဆယ်မြို့ပေါ်တို့ကို မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ (MNDAA) က ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ကုန်တင်ယာဉ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏကို လျော့နည်းနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် ဆန်ကုန်သည် အများစုက ခန့်မှန်းပြောဆိုခဲ့သည်။

သို့သော် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၁ ဒသမ ၄ သန်းသာ ပြည်ပတင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန် ၁ ဒသမ ၇ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး မြန်မာနိုင်ငံ အနေနှင့် ငါးနှစ်ဆက် ဆန်ပြည်ပသို့ တန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းသည် ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းဘက်မှ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် ဖြစ်ပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့မှုသည် တန်ချိန် သိန်းနှင့်ချီ၍ လျော့ကျခဲ့ကြောင်း စီးပွား/ကူးသန်းထံမှ သိရသည်။

ထိုသို့ မူဆယ်ဈေးကွက်မှ တင်ပို့နိုင်ခြင်း မရှိချိန်တွင် နောက်ထပ် ထွက်ပေါက်တစ်ခု ဖြစ်သည့် ကချင်ပြည်နယ် အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တင်ပို့ခဲ့ကြပြီး လက်ရှိအချိန်တွင် တစ်ရက်လျှင် တန်ထောင်နှင့်ချီ၍ တင်ပို့လျက်ရှိသည်။

သို့သော် ယင်းကုန်သွယ်ရေးစခန်းမှ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခစရိတ် များပြားခြင်းနှင့် မူဆယ်နယ်စပ်မှ တင်ပို့ခြင်းထက် ဈေးနိမ့်ခြင်းတို့ကြောင့် ကုန်သည်များက တင်ပို့လိုစိတ် နည်းကြပြီး မဖြစ်မနေ အဖြစ်သာ တင်ပို့ကြသည်။

မြန်မာ့ဆန်တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရသော်လည်း တရုတ်နိုင်ငံဘက်မှ တရားမဝင်အဖြစ်သာ သတ်မှတ်ထားခြင်းကြောင့် မရေရာမှုများစွာ ရှိနေသည့် မြန်မာကုန်သည်များ အနေနှင့် အကြွေးဖြင့်သာ ရောင်းချခြင်းဖြစ်သည့် အတွက် မည်သည့်အာမခံချက်မျှ မရှိပေ။

တရုတ်နိုင်ငံဘက်မှ အဖမ်းအဆီးရှိ၍ အဖမ်းခံရပါက ပစ္စည်းဆုံးသည့်အပြင် ငွေလည်း ပြန်လည်ရရှိခြင်း မရှိသည့်အတွက် မိအေးနှစ်ခါနာ ဖြစ်နေရသည်ဟု ဆန်ကုန်သည်တို့က ညည်းတွားပြောဆိုနေလေသည်။

ထို့ကြောင့် ဆန်ကုန်သည်အချို့မှာ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်ကြသည်လည်း ရှိကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောဆိုသည်။

ထိုသို့ တရားမဝင် ဖြစ်နေသော မူဆယ် ၁၀၅ မိုင်မှတစ်ဆင့် ဆန်တင်ပို့ခြင်းကို တရားဝင်ပို့ခွင့်ရရင် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ဖြစ်သည့် ၂၀၁၄ ခုနှစ်အတွင်းက နှစ်နိုင်ငံ အစိုးရများ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ ရေကြောင်းဘက်မှသာ တရားဝင် ဆန်ပို့ရန် သဘောတူညီမှု ရရှိခဲ့သည်။

“အဓိကကတော့ ကိုယ့်ဘက်က တရားဝင်ဖြစ်ပြီး သူ့ဘက်က မဖြစ်တာက သူတို့ဘက်က ကုန်သည်တွေက အခွန်ရှောင်ချင်လို့ပါ” ဟု ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ဆန်စပါးအသင်းချုပ်၏ အဓိကနေရာမှ လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်သည့် ဦးရဲမင်းအောင်က ပြောဆိုသည်။

ထိုသို့ အဖမ်းအဆီးများ ရှိနေသည့်အတွက် ပင်လယ်ရေကြောင်းမှ တရားဝင် တင်ပို့ခြင်းကို ပမာဏများစွာ တင်ပို့နိုင်ရန် လုပ်ဆောင်လျက်ရှိရာ ၂၀၁၅ ခုနှစ်အတွင်းက ဆန်တန်ချိန် တစ်သိန်း တင်ပို့မှုသည် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ယခုနှစ်အတွင်း ဆန်တန်ချိန် တစ်သိန်း ထပ်မံတင်ပို့နိုင်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားခြင်းကို တရုတ်နိုင်ငံဘက်မှ မည်သည့်အကြောင်းပြန်ချက်မျှ မရရှိသေးပေ။

ပထမအကြိမ် ဆန်တန်ချိန် တစ်သိန်းတင်ပို့မှုကို အရည်အသွေး လိုအပ်ချက်များကြောင့် နှစ်နှစ်နီးပါးထိ တင်ပို့ခဲ့ရပြီး ယခုအခေါက် တင်ပို့နိုင်ရန် အတွက်လည်း တရုတ်ဗဟိုအစိုးရ၏ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်ပေးသည့် ဆန်စက်များမှသာ တင်ပို့ခွင့်ရရှိမည် ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် အသိုင်းအဝိုင်းထံမှ သိရသည်။

တစ်နှစ်လျှင် မြန်မာ့ဆန် ပြည်ပတင်ပို့မှု၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ ရရှိလျက် ရှိပြီး ပြီးသည့်ဘဏ္ဍာနှစ် အတွင်းက အမေရိကန်ဒေါ်လာ သန်း ၆၀၀ ထိ ရရှိခဲ့ရာမှ မူဆယ်နယ်စပ်မှ ရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ခန့်ထိ ရရှိခဲ့သည်။

ထို့ပြင် မူဆယ်နယ်စပ်မှ ဆန်တင်ပို့ခြင်းသည် ကမ္ဘာ့ဆန်ပေါက်ဈေးအတိုင်း ရရှိနိုင်သည့်အပြင် တရုတ်မှလည်း ပမာဏများများ ဝယ်ယူခြင်းကြောင့် ထုတ်လုပ်မှုစရိတ် မြင့်မားသည့် မြန်မာ့ဆန်ဈေးကွက်အတွက် တရားမဝင် မူဆယ်ဈေးကွက်ကြီးသည်သာ အားကိုးရာ ဖြစ်နေပေသည်။

မြန်မာ့လယ်ယာကဏ္ဍ၏ အဓိက ပို့ကုန်ပစ္စည်းတစ်ခု ဖြစ်သည့် ဆန်စပါးတင်ပို့မှုကို ယခုဘဏ္ဍာနှစ်တွင် စံချိန်တင်ပမာဏ ဖြစ်သော တန်ချိန် နှစ်သန်းထိ တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပြီး နိုင်ငံခြားဝင်ငွေ အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထိ ရရှိရန် မျှော်မှန်းထားလေသည်။

ဆန်ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် ဆန်ကုန်သည်တစ်ဦးဖြစ်သူ ကိုမိုက်ကတော့ ယခုလို ဆိုသည်။
“မူဆယ်ဘက်က ဈေးကောင်းလည်းရတယ်။ ပို့ရတာလည်း လွယ်တဲ့အတွက်ကြောင့် ဒီလမ်းကြောင်းကို တရားဝင်ဖြစ်အောင် လုပ်ပေးစေချင်ပါတယ်။ ဒါဆို ဆန်တင်ပို့မှုက ပိုမိုလာမှာပါ” ဟု ဆိုသည်။

ဟိန်းမြတ်စိုး