News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၂)
26-Apr-2017

Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun  က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာ အထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

တရုတ်တို့၏ သံခင်းတမန်ခင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် ပဏာမ အရေးကြီးသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ တရားဝင် မူဝါဒမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ဆွေးနွေးမှု (ဒိုင်ယာလော့ခ်)များ ဖြစ်ပေါ်လာရန် အားပေးအားမြှောက် ပြုရေးပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီကာလ၊ မြန်မာတပ်မတော် အစိုးရ (စစ်အစိုးရ)က အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို နယ်ခြားဒေသစောင့်တပ်ဖွဲ့အဖြစ် အသွင် ကူးပြောင်းရန် အဆိုပြုခဲ့သည့် ၂၀ဝ၈ နှင့် ၂၀ဝ၉ ခုနှစ် မတိုင်မီ ကာလကတည်းကပင် တရုတ်နိုင်ငံသည် အလားတူ မူဝါဒကို ကျင့်သုံးခဲ့သည်။ တရုတ်အစိုးရသည် ၂၀၁၃ ခုနှစ်တွင် Wang Yingfan ကို အာရှရေးရာဆိုင်ရာ ပထမဆုံးတရုတ် အထူးသံတမန်အဖြစ် ခန့်အပ်ကာ မြန်မာဗဟိုအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား စစ်မက်ပဋိပက္ခများကို ကြားဝင် ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ပိုင်ခွင့် အာဏာပေးခဲ့သည်။ 

Wang Yingfan ကို ခန့်အပ်ပြီးနောက် မကြာမီကာလတွင် တရုတ်အစိုးရသည် နယ်စပ်ဒေသရှိ ရွှေလီမြို့တွင် ကေအိုင်အေနှင့် မြန်မာအစိုးရတို့ စေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် နှစ်ကြိမ်တိတိ ဦးဆောင် စီစဉ်ပေးခဲ့သည်။ ထိုအချိန်မှစ၍ နောက်ပိုင်းကာလတွင် တရုတ်အထူးသံတမန် Wang Yingfan သည် ကုလသမဂ္ဂ အထူးသံတမန်နှင့် အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲများသို့ တက်ရောက် လေ့လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Wang Yingfan ၏ တာဝန်ကို Sun Guoxiang က လွှဲပြောင်းရယူသည်။ ၂၀၁၆ ခုနှစ်တွင်မူ Wang နှင့် နမ်ဘီးယားတို့ နှစ်ဦးစလုံး ကချင်ပြည်နယ်၊ မိုင်ဂျာယန်းတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လူမျိုးစုများ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ 

တရုတ်နိုင်ငံ၏ ပါဝင်စွက်ဖက်မှု အတိုင်းအတာသည် စစ်မက်ပဋိပက္ခများ ပြင်းထန်လာမှု၊ တရုတ်နိုင်ငံအပေါ် ယင်းစစ်မက် ပဋိပက္ခ၏ ဂယက်များ ကူးစက်ပျံ့နှံ့လာမှု စသည်တို့နှင့် အညမညသဘော အားဖြင့် ချိတ်ဆက်လျက်ရှိသည်။ ဥပမာအားဖြင့် ဆိုရလျှင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တပ်ဖွဲ့အကြား နောက်ဆုံးတစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာသည့် ကချင် စစ်မက်ပဋိပက္ခများသည် ၂၀၁၁ ခုနှစ်၊ ဇွန်လကတည်းက ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် စစ်မက်ပဋိပက္ခများ ပြင်းထန်လာကာ မြန်မာတပ်မတော်က ပစ်ခတ်လိုက်သော ဗုံးများ တရုတ် နယ်နိမိတ်ထဲသို့ ကျရောက်ခဲ့ခြင်း၊ ဒုက္ခသည် မြောက်မြားစွာ တရုတ်ပြည်ထဲသို့ ဝင်ရောက်ခိုလှုံခဲ့ခြင်း စသည်ဖြစ်ရပ်တို့ ပေါ်ပေါက်လာပြီးနောက်ပိုင်း၊ ၂၀၁၃ ခုနှစ် အစောပိုင်း ကာလရောက်မှ Wang Yingfan ကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်းတွင် ကိုးကန့် (MNDAA) တပ်ဖွဲ့က တပ်မတော်ကို ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု ယူနန်ပြည်နယ်တွင် တွေ့ဆုံ မေးမြန်းခံရသော ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များအဆိုအရ သိရသည်။ မည်သို့ပင် ဆိုစေကာမူ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပထမ ဆုံးထုတ်ပြန်သည့် စစ်မက်များအပေါ် စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်မှာ ကိုးကန့်တို့၏ ထိုးစစ်ကြောင့် ဒုက္ခသည်ပေါင်း များစွာ တရုတ်ပြည်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလရောက်ပါမှ ပေါ်ထွက်လာသည်။ ၂၀၁၅ ခုနှစ်၊ မတ်လတွင်း မြန်မာစစ်တပ် (တပ်မတော်) ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ် အရပ်သား ငါးဦး သေဆုံးသွားရာ  တရုတ်အစိုးရက တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို အရေးပေါ်ဆင့်ခေါ်ကာ ရိုးစင်းမှုရှိသည့် ဖြေရှင်းချက် တောင်းဆိုသလို ဗုံးကြဲ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် ဗုံးကြဲ တိုက်ခိုက်မှုများ ယင်းနှစ်၊ မေလ၌ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်ရာ တရုတ်က ဇွန်လအရောက်တွင် အမှန်တကယ် ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကာ တုံ့ပြန်ခဲ့တော့သည်။ 

ကိုးကန့်တပ်ဖွဲ့ကို ထောက်ပံ့ပေးရေးအတွက် ပြည်တွင်းရှိ တရုတ်ပြည်သူတို့၏ ဖိအားပေးမှုများက တစ်ဖက်၊ မြန်မာသမ္မတ ဦးသိန်းစိန်အစိုးရနှင့် ဆက်ဆံရေးကောင်း တစ်ရပ် ထူထောင်လိုသော ဆန္ဒကတစ်ဖက် စသည့်အနေအထား နှစ်ရပ်ကြောင့် ညှပ်ပူးညှပ်ပိတ်ဖြစ်နေသော တရုတ်အစိုးရ၏ မူလမျှော်လင့်ချက်မှာ နယ်စပ်ဒေသ လုံခြုံမှုရှိရေးနှင့် နယ်စပ် ပြဿနာများနှင့် ခပ်ကင်းကင်း နေလိုရေးပင်ဖြစ်ခဲ့သည်။ သို့တိုင်အောင် ယူနန်ပြည်နယ်ထဲရှိ ဒေသအစိုးရ အရာရှိများနှင့် ပညာရှင်များ အဆိုအရ မြန်မာစစ်တပ်က တရုတ်နယ်စပ်ဒေသနှင့် တရုတ်လုံခြုံရေးအတွက် အနည်းငယ်မျှသာ အလေးအနက်ထားမှန်း ရှင်းရှင်းလင်းလင်း သိလာချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) အပေါ် တရုတ် အစိုးရ၏ သဘောထားမှာ ပို၍မှန်းဆရ ခက်ခဲလာသလို စာနာစိတ်များလည်း ပိုများလာသည်ဟု သိရပါသည်။ ကိုးကန့်တပ်ဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ပြီးနောက် တရုတ်အစိုးရက ကိုးကန့်ပဋိပက္ခအတွက် ပြည်သူ့ရေးရာ လုပ်ဆောင်ရွက်ပေးမှုများ အားလုံးကို ရပ်စဲလိုက်တော့သည်။ 

၂၀၁၆ ခုနှစ်၊ မတ်လ NLD ပါတီဦးဆောင်သော အစိုးရ အာဏာရရှိလာသည့် အချိန်မှစ၍ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးမှာ တိုးတက်မှုများ ရှိလာသည်။ (NLD အစိုးရသည် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရနှင့် နှိုင်းယှဉ်ပါက လူအများ၏ အလေးထားမှုကို ပိုမိုရရှိထားသည်) ယင်းနှစ်၊ မတ်လအတွင်း တရားဝင် အာဏာလွှဲပြောင်း ရယူလိုက်ချိန်တွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ခက်ထန်သော စိန်ခေါ်မှုကြီး တစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ရတော့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ်၊ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်သည့် အချိန်ကစတင်ကာ ဆိုးရွားလာခဲ့သည်။ (တက်ကြွ လှုပ်ရှားသူများနှင့် သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီများကတော့ ယင်းကိစ္စကို အောင်ပွဲတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်) အဆိုပါ မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် လူကြိုက်များ ထောက်ခံမှု မည်သည့်အခါကမျှ မရရှိခဲ့သည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။ သို့သော် တရုတ်တို့ကမူ အရပ်သားတစ်ပိုင်း မြန်မာအစိုးရအနေနှင့် တရားဝင်လုပ်ပိုင် ခွင့်အာဏာ (Legitimacy) ရရှိရေး၊ ထင်ပေါ်ကျော်ကြားရေး၊ ပြည်သူလူထုနှင့် အနောက်နိုင်ငံကြီးများ၏ ထောက်ခံမှုရရှိရေး စသည်တို့အတွက် ကြိုးပမ်းရာတွင် မိမိတို့သည် အသုံးချခံဖြစ်ခဲ့ရသည်ဟု ရှုမြင်ကြလေသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းလိုက်မှု၊ တရုတ်-မြန်မာ မီးရထားလမ်း ဖောက်လုပ်မည့်ကိစ္စ စွန့်လွှတ်လိုက်မှု၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် လုပ်ကိုင်ခွင့်ရရေးအတွက် တရုတ်တို့ ကြိုးပမ်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမှု စသည်တို့ဖြင့် တရုတ်စီးပွားရေး ဦးတည်ချက်များအပေါ် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဟက်ဟက်ပက်ပက်မရှိသော သဘောထားများ ထွက်ပေါ်လာချိန်တွင် တရုတ်တို့၏ စိုးရိမ်သောကမှာ ပိုမိုကြီးထွားလာတော့သည်။ ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကေအိုင်အေ၊ “ဝ” တပ်ဖွဲ့နှင့် SSA-မြောက် အပါအဝင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးမည့် ကိစ္စအား ငြင်းပယ်လိုက်ချိန်တွင် တရုတ်တို့၏ စိုးရိမ်သောကမှာ အထွတ်အထိပ်သ ရောက်သွားလေသည်။ (ယင်းနှစ် အောက်တိုဘာတွင် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ရှစ်ဖွဲ့က NCA ကို လက်မှတ် ရေးထိုးခဲ့သည်) ထိုစဉ်က မြန်မာအစိုးရ အရာရှိကြီးများက တရုတ်နိုင်ငံသည် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များ NCA လက်မှတ် ရေးထိုးမှုမပြုရန် ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်းဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်ဟုပင် လူသိရှင်ကြား ထုတ်ဖော်စွပ်စွဲခဲ့ကြသည်။ တရုတ် အစိုးရကလည်း ယင်းစွပ်စွဲချက်ကို ပြင်းထန်စွာ ငြင်းဆိုခဲ့သလို နေပြည်တော်ရှိ မြန်မာအစိုးရ အာဏာပိုင်များကို တရားဝင် ကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့လေသည်။ 

NLD အစိုးရသစ်မှာမူ တရုတ် ဆန့်ကျင်ရေး သဘောထားကို ဆက်လက် ပံ့ပိုးသွားကာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် မြန်မာပြည်တွင်း စီးပွားရေး အာဂျင်ဒါ နှစ်ရပ်စလုံးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို  လက်လွှတ် ဆုံးရှုံးခံမည်လော သို့မဟုတ် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းကာ တိုင်းရင်းသား လူမျိုးစုများ ပြန်လည်သင့်မြတ်ရေး အပါအဝင် မြန်မာ့အမျိုးသားရေးဦးစားပေးလုပ်ငန်း စဉ်များအတွက် ဘေဂျင်း၏ အကူအညီကိုရယူမည် လော အစရှိသည့် ဘေးကျပ်နံကျပ်ဖြစ်စေသော ရွေးချယ်စရာ အချက်ကြီးနှစ်ရပ်နှင့် ပက်ပင်းကြုံတွေ့ရလေသည်။ ယနေ့အချိန်ကာလအထိ NLD အစိုးရ၏ မှတ်တမ်းများကို အရင်း စစ်ကြည့်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအချက်ကို ရွေးချယ်လိုက်ပုံရသည်။ သို့အတွက်ကြောင့် NLD အစိုးရသည် တရုတ်အပေါ် ထားရှိသည့် မြန်မာ့မူဝါဒကို  ပြန်လည် ထိန်းညှိလာခဲ့သည်။ NLD အစိုးရ ပထမဆုံး လုပ်ဆောင်ပြသည့်လုပ်ရပ်မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း ပေါ်ပေါက်ခဲ့သော တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုများတွင် မြန်မာနိုင်ငံက ဘက်မလိုက်သော ကြားနေ ရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ဒုတိယ လုပ်ဆောင်ချက်မှာ ရပ်ဆိုင်းခံထားရသော တရုတ်တို့၏ မြစ်ဆုံစီမံကိန်းအတွက် ဆုံးဖြတ်ချက်အပေါ် ပြန်လည် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသလာခြင်းပင်ဖြစ်လေသည်။ ယင်းကိစ္စအတွက် နှစ်နိုင်ငံစလုံးမှ အလုပ်အမှုဆောင်အဆင့် အစိုးရအကြီးတန်း အရာရှိကြီးများ အပြန်အလှန် ခရီးစဉ်များ တဖြည်းဖြည်း များပြားလာခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (NLD အာဏာရပြီးစ ကာလ)တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဖိတ်ကြားခံရသော (၎င်းပထမဆုံး လက်ခံတွေ့ဆုံသော) နိုင်ငံခြား ဧည်သည်တော် ဖြစ်လာခဲ့ရသည်။ ယင်းနှစ်၊ ဇူလိုင်လတွင်မူ တရုတ်နိုင်ငံတော် လုံခြုံရေးဝန်ကြီး Geng Huichang မှာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ (သူ၏ ခရီးစဉ်မှာ ပုံမှန် အနေအထားမျိုး မဟုတ်ဘဲ ထူးခြားသည့် ခရီးစဉ်အဖြစ် သတ်မှတ်ခံရသည်) ယင်းခရီးစဉ်အတွင်း ဝန်ကြီး Geng Huichang အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနဟူသည် တရုတ်ပြည်၌ လွန်စွာ အရေးပါ အရာရောက်လွန်းလှသည့် အနေအထားတွင်ရှိသလို တရုတ်အမျိုးသား လုံခြုံရေးအတွက် အထူး လုပ်ပိုင်ခွင့်ရထားသော ဝန်ကြီးဌာနတစ်ခုဖြစ်ရာ ွနညါ ံကငခ့ညေါ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုဆွေးနွေးမှုသည် မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် မြန်မာပြည် မြောက်ပိုင်းကိစ္စတို့အပေါ် အထူးအလေးထားခြင်း ဖြစ်လိမ့်မည်ဟု တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ လေ့လာစောင့်ကြည့်သူများက အကဲဖြတ်ခဲ့ကြလေသည်။ ဩဂုတ်လ၊ တရုတ်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် မလည်ပတ်မီ ရက်သတ္တ တစ်ပတ်ခန့်အလိုတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာ ဌာန အကြီးအကဲဖြစ်သူ Song Tao မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ကာ မြန်မာ့နိုင်ငံရေးနှင့် စစ်ဘက် အသိုင်းအဝိုင်းတို့မှ မတူညီသော ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြန်သည်။ 

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း တိုင်းရင်းသား လူမျိုးစုများအကြား အမျိုးသား ရင်ကြားစေ့ ကိစ္စမှာ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုအာဂျင်ဒါ၌ ထိပ်ဆုံးနေရာတွင် ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တို့ ပူးတွဲ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကိစ္စကို သုံးကြိမ်သုံးခါ ထည့်သွင်းဖော်ပြထားရာ ယင်းကိစ္စအပေါ် နှစ်ဖက်နိုင်ငံစလုံးက မည်မျှ အတိုင်းအတာအထိ အလေးအနက်ထားသည် ဟူသောအချက်ကို ပေါ်လွင်စေခဲ့ပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိနိုင်ရေး၊ နိုင်ငံရေး ဒိုင်ယာလော့ခ်များ ပြုလုပ်ခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်အောင် အကောင်အထည်ဖော်ရေး စသည်တို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်များကို ပံ့ပိုးကူညီရန် တရုတ်နိုင်ငံက ဆုံးဖြတ်ထားသည်။ မြန်မာနိုင်ငံကမူ မြန်မာ့အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကူညီပံ့ပိုးပေးမှုတွင် တရုတ်ပြည်၏ အခန်းကဏ္ဍနှင့် ကြိုးပမ်းချက်များမှာ အပြုသဘောနှင့် အပေါင်းလက္ခဏာ ဆောင်သည်ဟူသော အချက်ကို အသိအမှတ်ပြုထားသည်။ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပေါ်ထွန်းရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်နှင့် နယ်စပ်ဒေသတစ်လျှောက် တရားဥပဒေကို အခြေခံသော စီမံအုပ်ချုပ်မှုများ အားကောင်းမောင်းသန်ဖြစ်လာရန် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြလေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်ပြီးဆုံးသွားပြီးနောက် နှစ်ရက်အကြာတွင် တရုတ်အထူးသံတမန် Sun Guoxiang သည် “ဝ” တပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA-ESS) တို့ရှိရာသို့ သွားရောက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ကွန်ဖရင့်တွင် ယင်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပါဝင်နိုင်ရန် ကြိုးပမ်းခဲ့လေသည်။ 

ချွန်ထူးဟန်


  • VIA