News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၁)
25-Apr-2017

Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun  က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာ အထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

အစီရင်ခံစာ အကျဉ်းချုပ်

- မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားမှာ ကချင်နှင့် ရှမ်းပြည်နယ်တစ်လျှောက် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကို အဓိကအာရုံစိုက် လုပ်ထားသည်။ အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ)၊ ညီညွတ်သော ‘ဝ’ တပ်ဖွဲ့ (UWSA) နှင့် ကိုးကန့်တပ်ဖွဲ့တို့ကို အလေးထားခြင်း ဖြစ်သည်။ ယင်းလက်နက်ကိုင်တပ်ဖွဲ့များသည် တရုတ်နိုင်ငံဘက် နယ်စပ်ဒေသ တစ်လျှောက်ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ဆက်နွှယ်မှု ရှိထားသလို နိုင်ငံရေး၊ စီးပွားရေးတို့နှင့်လည်း ဆက်စပ်မှု ရှိနေပါသည်။ 

- တရုတ်အစိုးရ (ဘေဂျင်း) ၏ ရပ်တည်ချက်မှာ ကြားဝင်စွက်ဖက်မှုမပြုရေး ဟူသည့် မူဝါဒ ကျင့်သုံးရေးဖြစ်ပြီး တရားဝင် အသိပေး ထုတ်ပြန်ထားသော မူဝါဒမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ဆွေးနွေးမှုနှင့် ဒိုင်ယာလော့ခ်များ ပေါ်ပေါက်လာရေးအတွက် အားပေးအားမြှောက်ပြုရေး ဖြစ်သည်။ သို့သော် တကယ်လက်တွေ့တွင်မူ ဘေဂျင်း၏ သဘောထားကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရန် ခဲယဉ်းလှသည်။ 

- များစွာမဝေးကွာတော့သည့် အနာဂတ်ကာလတွင် ပြီးပြည့်စုံသော (မြန်မာပြည်တွင်း) ငြိမ်းချမ်းရေး ရယူနိုင်လိမ့်မည်ဟု ဘေဂျင်းအစိုးရက ယုံကြည်ထားပုံ မရပေ။ သို့အတွက်ကြောင့် သူ၏ ဦးစားပေးမှုမှာ ကွဲပြားခြားနားမည့် မရေရာ မသေချာမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြောင်းလွယ်ပြင်လွယ် အနေအထားမျိုးရှိအောင် တတ်နိုင်သမျှ ဖန်တီးထားရန် ဖြစ်သည်။ 

- မြန်မာပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုများ တိုက်ရိုက်ပြုလုပ်ပေးနေသော ပုဂ္ဂိုလ်များနှင့် တရုတ်လူမျိုး အကျိုးစီးပွားကို ရှေးရှုသည့် အုပ်စုများ၏ ပြုမူဆောင်ရွက်မှုများကြောင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ ရှုပ်ထွေးနေသည်။ 

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်သော မြန်မာအစိုးရလက်ထက်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်လာသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ကွန်ဖရင့် (Union Peace Conference) သို့ တက်ရောက်ကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အားပေးအားမြှောက်ပြု တိုက်တွန်းရာတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် တရုတ်၏ အနာဂတ်မူဝါဒနှင့် အခန်းကဏ္ဍမှာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် မူတည်နေလိမ့်မည် ဖြစ်သလို တရုတ်ပြည်၏ အမျိုးသားအကျိုးစီးပွား အဓိပ္ပာယ်ဖွင့်ဆိုမှု အပြောင်းအလဲပေါ်တွင်လည်း မူတည်နေမည် ဖြစ်သည်။

နိဒါန်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ NLD အစိုးရအနေနှင့် နိုင်ငံရေးအာဏာကို ချောမွေ့စွာ လက်လွှဲရယူနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အချိန်ကာလအားဖြင့် ရှည်လျားမည် ဖြစ်သော်လည်း အပြုသဘောဆောင်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ တက်ရောက်လာနိုင်ခဲ့သည်။ သို့သော်လည်း များပြားလှစွာသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေး (မြန်မာပြည်မြောက်ပိုင်းဒေသတွင် မြန်မာတပ်မတော်နှင့် ယနေ့အချိန်အထိ စစ်မက်ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင်) မှာ ယခုအထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။ ပဋိပက္ခတို့၏ အရင်းအမြစ်ကြီးများသဖွယ် ဖြစ်နေသည်။ ဤအရေးကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းရာတွင် လူများစုနှင့် လူနည်းစု ဆက်ဆံမှု၊ ဗဟိုအစိုးရနှင့် ပြည်နယ်ဒေသ အစိုးရတို့ အကြား အာဏာခွဲဝေမှု၊ မြန်မာတပ်မတော်၏ အခန်းကဏ္ဍ အစရှိသည်တို့က မေးစရာ မေးခွန်းကြီးများ အဖြစ် ပါဝင်ပတ်သက်နေလေသည်။ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့ပြီး NLD အစိုးရက ဆက်လက်အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟူသည်မှာ ကာလကြာရှည်စွာ ရှိခဲ့သော တိုင်းရင်းသားလူမျိုးစုများ သွေးကွဲမှုများ အဆုံးသတ်ရေးနှင့် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်မှု ပေါ်ပေါက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ အကောင်းဆုံး ကြိုးပမ်းချက်များကို ကိုယ်စားပြုပေသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ အနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသည့် ပလေယာ (Player) တစ်ဦးအဖြစ် ယခင်ကအတိုင်း ဆက်လက်ပါရှိနေမည် ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်ပြည်ဘက် နယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားအုပ်စုများနှင့် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအရ အချိတ်အဆက် ရှိသလို နိုင်ငံရေး၊ စီးပွားရေး စသည်တို့နှင့်လည်း ဆက်နွှယ်မှု ရှိနေသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ပြည်၏  ရပ်တည်မှုမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသည့် မူဝါဒအတိုင်း လိုက်လံကျင့်သုံးရေးပင် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံမှ မူဝါဒ ရေးဆွဲမှုဆိုင်ရာ အသိုင်းအဝိုင်းတွင် လတ်တလော ပြုလုပ်နေသည့် အချေအတင် ဆွေးနွေးချက်များအရ တရုတ်ပြည်၏ ရပ်တည်ချက်မှာ ဘက်မလိုက်မှုအပေါ်တွင် မူတည်ထားခြင်း မဟုတ်သလို ကိုယ်ကျိုးမငဲ့ကွက်မှု အပေါ်တွင်လည်း အခြေတည်ထားခြင်း မဟုတ်ပေ။ ယင်းအသိုင်းအဝိုင်းက ထွက်ပေါ်လာသော အသံများသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တရုတ်ပြည်၏ ပံ့ပိုးကူညီမှုကို နှစ်သက်အသားပေးသည့် သဘောတွင် ရှိပါသည်။ ထိုသို့ လုပ်ဆောင်ပါမှ တရုတ်နိုင်ငံနှင့် တရုတ်စီးပွားရေး လုပ်ငန်းများဆိုင်ရာ အကျိုးစီးပွားအပေါ် မြန်မာအစိုးရ၏ ပြုမူဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေမည်ဟု ယူဆထားခြင်း ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများဘက်ကို ယိမ်းသည့် နိုင်ငံခြားရေးမူဝါဒဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိန်းညှိလိုပုံ ရသောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအပေါ် ပံ့ပိုးမှုကို အသားပေးမည့် ကိစ္စမှာ တရုတ်မူဝါဒချမှတ်မှုဆိုင်ရာ အသိုင်းအဝိုင်းအတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်လာရတော့သည်။ 

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (ကေအိုင်အေ၊ ‘ဝ’ တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ အပါအဝင်) ကို ငွေကြေးတိုက်ရိုက် ထောက်ပံ့ပေးနေသည့် ပုဂ္ဂိုလ်များ၊ တရုတ်လူမျိုး အကျိုးစီးပွားကို ရှေးရှုသည့် အုပ်စုများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ရှုပ်ထွေးလျက် ရှိသည်။ ထိုသို့ ၎င်းတို့အကြား အဆက်အဆံ ရှိနေမှုများက တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် မိမိတို့ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်ရှိအောင် ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးထားသလို မြန်မာတပ်မတော်နှင့် ဖြစ်ပွားသည့် စစ်မက်ပဋိပက္ခများ အတွက်လည်း တစ်မျိုးတစ်ဖုံ အထောက်အပံ့ ဖြစ်စေသည်။ ဘေဂျင်းအစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ထိုသို့သော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သီးခြားအပေးအယူ ပြုလုပ်နေမှုများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံသည် မျက်နှာနှစ်ဖက်ပါသည့် အခန်းကဏ္ဍအား ရယူထားသည်ဟူသော ယူဆချက်ကို ပိုမိုခိုင်မြဲသွားစေပါသည်။ 

မဝေးတော့သည့် အနာဂတ်ကာလ တစ်ခုတွင် တိုင်းရင်းသားလူမျိုးများ အရေးကိစ္စကို ဖြေရှင်းနိုင်ဖွယ်မရှိဟု သိရှိထားပြီးဖြစ်သော တရုတ်အစိုးရအတွက် အရေးတကြီး ဖြစ်စေသည့် စိုးရိမ်သောကမှာ တရုတ်နယ်စပ်ဒေသတစ်လျှောက် မတည်မငြိမ် ဖြစ်မှုများကို ကာကွယ်ဟန့်တားရေးပင် ဖြစ်တော့သည်။ သို့သော်လည်း NLD ပါတီ ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် တရုတ်အစိုးရသည် မြန်မာနှင့် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကောင်းတစ်ရပ် ထူထောင်နိုင်ရေးအတွက် သိသာထင်ရှားသော ကြိုးပမ်းချက်များကို ပြုလုပ်ခဲ့လေသည်။ နောက်ဆုံးတွင်မူ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘေဂျင်းအနေနှင့် မည်မျှအတိုင်းအတာအထိ ကြိုးပမ်းလုပ်ဆောင်ပေးမည်နည်း ဟူသည်မှာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်တွင် မူတည်မည် ဖြစ်သလို မြန်မာနိုင်ငံ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များသည် တရုတ်ပြည်၏ စီးပွားရေးနှင့် မဟာဗျူဟာ အကျိုးစီးပွားနှင့် တူညီမှု ရှိ၊ မရှိ သို့မဟုတ် ဆန့်ကျင်ကွဲလွဲမှု ရှိ၊ မရှိ ဟူသည့် အချက်ပေါ်တွင်လည်း မူတည်နေပါလိမ့်မည်။ 

တင်းမာမှုများ၏ သမိုင်းဇာစ်မြစ်

မြန်မာပြည်မြောက်ပိုင်း၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် တရုတ်တို့ ပါဝင်ပတ်သက်နေမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အမြဲပင်တစေ ဆူးငြောင့်ခလုတ်သဖွယ် ဖြစ်စေခဲ့သည်။ သမိုင်းကြောင်းအရ ဆိုပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (Union of Burma။ မူရင်းအတိုင်း ပြန်ဆိုသည်) အကြား ၁၉၆၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော နယ်စပ်ဒေသဆိုင်ရာ သဘောတူညီချက်စာချုပ်မှာ ဗြိတိသျှကိုလိုနီ အစိုးရက သတ်မှတ်ပြဋ္ဌာန်းခဲ့သော ၁၉၄၁ နယ်စည်းသတ်မှတ်မှု ပြဋ္ဌာန်းချက်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ အငြင်းပွားမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက တရားမဝင် လက်သင့်ခံပြီးနောက် အဆုံးသတ်ခဲ့ရသည်။ သို့တိုင်အောင် ဤအစီရင်ခံစာအတွက် ယူနန်ပြည်နယ်တွင် တွေ့ဆုံမေးမြန်းခံရသော ဒေသခံများ၏ ဖွင့်ဟညွှန်းဆိုမှုများအရ ဘေဂျင်းကွန်မြူနစ်အစိုးရက နိုင်ငံရေး အသိအမှတ်ပြုမှုနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် အလဲအထပ် သဘောမျိုးဖြင့် ရှေးယခင်ကတည်းက ရှိခဲ့သော တရုတ်နိုင်ငံ နယ်နိမိတ်အား စွန့်လွှတ်ခဲ့မှုအပေါ် ဒေသခံ တရုတ်လူမျိုးများနှင့် တရုတ်နွှယ် တိုင်းရင်းသားလူမျိုးများ အကြား မကျေမနပ်ဖြစ်မှုမှာ အခိုင်အမာ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် တွေ့ဆုံမေးမြန်းခံရသူများ အဆိုအရ ၁၉၆၀ နယ်စပ်ဒေသဆိုင်ရာ သဘောတူညီချက်မှာ တရားမျှတမှု မရှိသော ၁၉၄၁ နယ်စည်းသတ်မှတ်မှုကို တရားဝင် အသိအမှတ်ပြုခြင်းသာ ဖြစ်သည်ဟု ဒေသခံ အတော်များများက ရှုမြင်ကြသည်။ ဆိုလိုသည်မှာ ၁၉၄၁ နယ်စည်းသတ်မှတ်မှုမှာ ဒုတိယကမ္ဘာစစ်အတွင်း (ဗြိတိသျှကိုလိုနီအစိုးရ လက်ထက်) တရုတ်ပြည်၏ ပျော့ကွက်ရှိသော စေ့စပ်ညှိနှိုင်းမှု အနေအထားအပေါ် အသာစီးယူ အမြတ်ထုတ်မှုတစ်ခု ဖြစ်သည်ဟု ၎င်းတို့က ရှုမြင်ကြခြင်း ဖြစ်သည်။

တရုတ်ဘက်က လက်လွှတ်ဆုံးရှုံးနေရသည် ဟူသော သဘောထားအမြင်မှာ ပြင်းပြင်းထန်ထန် ရှိနေသည်။ သို့သော် တိုင်းရင်းသားမျိုးနွယ်စု တော်စပ်ပုံအရ ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါ ဒေသများတွင် နေထိုင်သူ ဒေသခံ အတော်များများသည် မြန်မာနိုင်ငံသားအဖြစ် ခံယူထားခြင်း မရှိရာ ယင်းသဘောထားအမြင်ကို ပိုမိုအားကောင်းလျက် ရှိစေသည်။ ယင်းသို့ နိုင်ငံသားအဖြစ် မခံယူကြခြင်းမှာလည်း ယင်းဒေသများသည် မြန်မာဗဟိုအစိုးရ (နေပြည်တော်) ၏ အုပ်ချုပ်မှုအောက်တွင် မရှိသောကြောင့် ဖြစ်သည်။ အလားတူပင် သေချာသည့် အချက်တစ်ခုမှာ ဗမာလူမျိုးတို့၏ သဘောထားအမြင်တွင်လည်း အဆိုပါ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးစုများကို မြန်မာနိုင်ငံနှင့် သက်ဆိုင်မှုရှိသူများ အဖြစ် သတ်မှတ်လေ့ မရှိကြပေ။ နယ်စည်းပိုင်းခြား သတ်မှတ်မှု အမြဲထာဝရ ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းက တိုင်းရင်းသားမျိုးနွယ်စုများကို ဤနိုင်ငံသား၊ အခြားနိုင်ငံသားဟူ၍ ခွဲခြားသတ်မှတ်ပစ်လိုက်သလို ဖြစ်စေခဲ့လေသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် နေထိုင်သူ အများစုသည် တရုတ်နိုင်ငံဘက် နယ်စပ်ဒေသတွင် နေထိုင်သူများနှင့် တူညီသော တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ်ကြသည်။ ဥပမာအားဖြင့် မြန်မာ ကချင်လူမျိုးနှင့် တရုတ်ဂျင်းဖောတို့မှာ တူညီကြသည်။ ‘ဝ’ လူမျိုးတို့မှာလည်း မြန်မာပြည်ဘက်တွင် နေသူများ ရှိသလို တရုတ်ဘက်တွင် နေထိုင်သူများလည်း ရှိကြသည်။ ၎င်းတို့သည် တူညီသော ဘာသာစကားကို ပြောဆိုကြသလို ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတို့လည်း တူညီကြသည်။ နီးကပ်သည့် ဆက်ဆံရေး ရှိကြသလို ချစ်ကြည်ရင်းနှီးမှုလည်း ရှိကြပေသည်။ တရားဝင် သတ်မှတ်ထားသော နယ်ခြားစည်းမျဉ်းမှာ ၎င်းတို့အတွက် ကြီးမားသည့်အဟန့်အတားမျိုး မဖြစ်တော့ပေ။

၎င်းတို့၏ သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုသည် ယဉ်ကျေးမှု တော်လှန်ရေးကာလ၊ တရုတ်နိုင်ငံက ပုန်ကန်တော်လှန်မှုကို ပြည်ပသို့ ရောက်အောင် လုပ်ဆောင်သည့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးခဲ့စဉ် မြန်မာပြည်မြောက်ပိုင်း၌ သြဇာလွှမ်းမိုးခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကြောင့် ပိုမိုရှုပ်ထွေးခဲ့ရသည်။ တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ထောက်ပံ့မှုများအား ၁၉၈၀ ပြည့်နှစ်များတွင် ရပ်ဆိုင်းပစ်လိုက်ရာ ယင်းပါတီ ပြိုကွဲမှုက မတူညီသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပေါ်ထွန်းစေခဲ့သည်။ (ဥပမာ- ‘ဝ’ နှင့် ကိုးကန့်တပ်ဖွဲ့တို့ ဖြစ်သည်ဟု တွေ့ဆုံမေးမြန်းခံရသော ဒေသခံများ၏ အဆိုအရ သိရသည်) အဆိုပါ လက်နက်ကိုင်အုပ်စုများက တရုတ်နိုင်ငံတွင်းရှိ ၎င်းတို့၏ မျိုးနွယ်စုများ၊ ဆွေမျိုးပေါက်ဖော်များ၊ ကူညီပံ့ပိုးပေးသူများနှင့် နီးကပ်သော ဆက်ဆံရေးများကို တရားမဝင်သဘောဖြင့် ဆက်လက်ထူထောင်ထားလေတော့သည်။

ချွန်ထူးဟန် 
(ဆက်လက်ဖော်ပြပါမည်။)