News

POST TYPE

ARTICLE

မြန်မာ့နိုင်ငံရေးကစားပွဲ၏ အကဲဆတ်သည့် ဖြစ်စဉ်သစ်
24-Apr-2017
Asian Times မဂ္ဂဇင်း၏ သုံးသပ်ချက်ဆောင်းပါးကို ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည်။ 

မတ်လက အမေရိကန် ရေတပ်သင်္ဘောသည် သဘာဝဘေး ကြိုတင်ကာကွယ်မှုသင်တန်း လေ့ကျင့်ရေး အစိတ်အပိုင်းတစ်ရပ် အနေနှင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးကတည်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့သော အမေရိကန် ရေတပ်သင်္ဘော ဖြစ်သည်။ ဆိပ်ကမ်းအာဏာပိုင်များက အမေရိကန် အရာရှိများ၏ ‘ချစ်ကြည်ရင်းနှီးသော အလည်အပတ် ခရီးစဉ်’ ဟု ရည်ညွှန်းသုံးနှုန်းခဲ့ကြသည်။ 

သို့တိုင်အောင် လေ့လာသုံးသပ်သူများကတော့ ထိုသို့ အမေရိကန် ရေတပ်သင်္ဘော လာရောက်မှုသည် ဆယ်စုနှစ်များစွာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီးနောက် နှစ်နိုင်ငံစ စ်တပ်တို့အကြား မဟာဗျူဟာမြောက် ဆက်ဆံမှု တည်ဆောက်နိုင်ရေးအတွက် ပဏာမ ခြေလှမ်းများကို ဖော်ကျူးသည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြမည် ဖြစ်ပေသည်။ 

ထိုသို့ သင်္ဘောဆိုက်ကပ်ခြင်းကို အိမ်နီးချင်း တရုတ်နိုင်ငံက သတိပြုမိပါလိမ့်မည်။ နိုင်ငံတကာနှင့်  အဆက်အသွယ်ဖြတ်ကာ အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံအား အနောက်က ထိုသို့သော စီးပွားရေးနှင့် ဘဏ္ဍာရေး အကူအညီများ ပေးအပ်ကာ လွှမ်းမိုးမှုမျိုး လုပ်လိုစိတ် နည်းပါးအောင် တရုတ်နိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ ရည်ရွယ်ဆောင်ရွက်ခဲ့သည်။  

များမကြာမီက မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်သည် တရုတ်နိုင်ငံသို့ ခြောက်ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ယခင်လိုပင် အားကောင်းနေသေးကြောင်း တွေ့မြင်ခဲ့ရသည်။ အလည်အပတ် ခရီးစဉ်တွင် စွမ်းအင်လုံခြုံမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်သော မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံကာ ဖောက်လုပ်ထားသည့် ရေနံပိုက်လိုင်း ဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများမှ မကြာခဏ ကာကွယ်ပေးနေသည်မှာ ထိုသို့သော အရေးပါသည့် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ  အကျိုးစီးပွားများကြောင့် ဖြစ်သည်ဟု ရှင်းလင်းစွာ သိမြင်နိုင်သည်။ 

မတ်လ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ် အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေသည်ဟူသော စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့အား စေလွှတ်ရန် သဘောတူညီခဲ့သည်။ 

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန် လိုအပ်သည်ဟု ရည်ညွန်းပြောဆို၍ ကုလသမဂ္ဂ၏ ယင်းအစီအစဉ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ 

အနောက်နိုင်ငံနှင့် အလွန်းသင့်သည့် ဆက်ဆံရေးရှိသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ကိုယ်စားလှယ်များအား စုံစမ်းစစ်ဆေးမှုကို မပြုလုပ်ရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုမှုများ ရှိခဲ့ကြောင်း သံတမန် အသိုင်းအဝိုင်း၏ သတင်းရင်းမြစ်များအရ သိရသည်။ 

တရုတ်နိုင်ငံ၏မူဝါဒမှာ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဟု ဆိုထားသော်ငြားလည်း မြန်မာနိုင်ငံကတော့ ခြွင်းချက်ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ညီညွှတ်သော ‘ဝ’ ပြည်တပ်မတော် (UWSA) အား တရုတ်က ကျောထောက်နောက်ခံ ပေးနေမှုမျိုးမှာ ယင်းအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်နိုင်ပေသည်။ 

UWSA သည် များမကြာမီကာလ ပန်ဆန်းညီလာခံဟု သိထားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်သော ညီလာခံတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံ၏  လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အား ငြိမ်းချမ်းရေးဖြစ်စဉ်သစ်ဖြင့် အစားထိုးရန် ယင်းညီလာခံကနေ တောင်းဆိုခဲ့သည်။ 

တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပေးထားကာ လက်နက်များ တပ်ဆင်ပေးထားသော မူးယစ်ဆေးဝါး ကုန်သွယ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် UWSA သည် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်နေသော အရွယ်အစား သေးငယ်သည့် တိုင်းရင်းသားလက်နက်ကိုင် များစွာ၏ ခေါင်းဆောင်မှုနေရာကို ယခုအခါတွင် ရယူဖို့ ကြိုးစားနေပြီ ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ထိလွယ်ရှလွယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အနာဂတ်၌ အဓိက အခန်းကဏ္ဍကနေ ဝင်ရောက်ကစားရန် နေရာယူနေပြီဟု ဆိုလိုနေခြင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံက ပါဝင်နေသည့် ယင်းဖြစ်စဉ်သည် မြန်မာတပ်မတော်နှင့် ၎င်း၏ ယာယီမဟာမိတ်အသစ်များ ဖြစ်သော အမေရိကန်နှင့် ဥရောသမဂ္ဂတို့ အတွက်တော့ ခေါင်းခဲစရာပင် ဖြစ်သည်။ ၂၀၁၁ ကတည်းက အနောက်နိုင်ငံများသည် နိုင်ငံအဝန်း ဖြစ်ပွားနေခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် များစွာသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးခန့် ထည့်ဝင်ခဲ့သည်။ 

အနောက်နိုင်ငံများက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရန်ပုံငွေကြေးများစွာ ပေးအပ်နေစဉ် မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများ၌ တပ်မတော်က မဟာဗျူဟာမြောက်သည့် နေရာများကို သိမ်းပိုက်နိုင်ရန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို အသုံးပြုခဲ့သည့် တိုက်ပွဲများ များမကြာမီကာလကပင် ရုတ်ခြည်းဖြစ်ပွားခဲ့သည်။  

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်စေခြင်းဖြင့် မြန်မာတပ်မတော်အား ပဋိပက္ခ ဖြစ်လာတော့မည့် လက္ခဏာများကို ပြသလာခဲ့သည်။ တရုတ်နိုင်ငံသည် UWSA နှင့် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်နေစဉ်မှာပင် အခြားသော လက်နက်ကိုင် သူပုန်ခေါင်းဆောင်များနှင့် ချိတ်ဆက်နေသည့် ဘဏ်အကောင့်များကို ထိန်းသိမ်းခြင်းများ၊ ပစ်မှတ်ထား ဖမ်းဆီးချုပ်နှောင်မှုများကို ပြုလုပ်ခဲ့သည်။ 

ထိုသို့ တရုတ်နိုင်ငံ၏ ထောက်ပံ့ပေးမှုများ ပေးထားသော ရှမ်းပြည်မြောက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ကျယ်ပြန့်စွာ ရရှိထားသည့် UWSA အား တပ်မတော်က တိုက်ခိုက်မည်တော့ မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဆန့်ကျင်၍ တိုင်းရင်းသား လက်နက်ကိုင်များအကြား ညီညွတ်သော တပ်ဦးသစ် ပေါ်ထွန်းရေး အဆိုပြုခဲ့သည့် ပန်ဆန်းညီလာခံကို ယင်းနယ်မြေမှာပင် လုံခြုံစွာ ကျင်းပပြီးစီးခဲ့သည်။ 

တပ်မတော်အတွက်တော့ UWSA အပေါ် တိုက်ခိုက်ခြင်းသည် တရုတ်နိုင်ငံနှင့် တစ်ဆင့်ခံ (Proxy) ပဋိပက္ခတစ်ခုကို မီးမွှေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ UWSA နှင့် အစိုးရသည် ယခုလောလောဆယ်တွင် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည်။ 
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံက အနောက်နိုင်ငံများကို အာဏာနှင့် သြဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်ရာတွင် UWSA အား ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အသုံးပြုလာနေသည်ကို သိမြင်နားလည်သဘောပေါက်လာကြသည်။ 

UWSA အတွင်းတွင်လည်း အာဏာလွန်ဆွဲပွဲများ ရှိနေသည်ဟု အစီရင်ခံစာများက ဖော်ပြကြသည်။ စစ်ရေးအခန်းကဏ္ဍနှင့် တပ်၏ အဆင့်အတန်းကို တိုးချဲ့လိုသည့် နိုင်ငံရေးစိတ် ပိုကဲသောအုပ်စုနှင့် စီးပွားရေး အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် မြန်မာစစ်ဗိုလ်ချုပ်များနှင့် လက်တွဲလုပ်ဆောင်လိုသည့် စီးပွားရေး အခြေခံအုပ်စုတို့ အကြားတွင် ဖြစ်သည်။ 

ယင်းတို့ထဲတွင် လျှပ်စစ်ပစ္စည်းများကအစ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ချည်ထည် အစရှိသည့် ဒေသခံ စီးပွားရေးလုပ်ငန်း များစွာကို လုပ်ကိုင်နေသည့် ‘ဝ’ ပိုင် Hong Pan ကုမ္ပဏီ ပါဝင်သည်။ Hong Pan ၏ ကုန်သည်ယာဉ်များသည် တပ်မတော် စစ်ဆေးရေးဂိတ်များတွင် ဘယ်တော့မှ ရပ်တန့်ခြင်း မရှိဘူးဟု ဒေသခံများက ဆိုသည်။ 

ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်နေသည့် အခြားသော ‘ဝ’ ပိုင် ကုမ္ပဏီများသည် အစိုးရတပ်မတော်နှင့် ဖြစ်ပွားသည့် မည်သည့်စစ်ပွဲတွင်မဆို သူတို့၏ ကုန်သွယ်ရေးလမ်းကြောင်းအား ကြီးကြီးမားမား ထိခိုက်မှု ရှိလာနိုင်သည်ကို ကြိုတွက်ထားပုံ ရပါလိမ့်မည်။ 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း UWSA မှာ တရုတ်နိုင်ငံ၏ တစ်ဆင့်ခံ ခြိမ်းခြောက်နိုင်သည့် အဖွဲ့အဖြစ် ပေါ်ထွန်းလာမှုသည် အနောက်နိုင်ငံများအား အံ့အားသင့်စေခဲ့သည်ဟု ယင်းအခြေအနေနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များအရ သိရသည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က မြန်မာတပ်မတော်နှင့် ဆက်ဆံရေး များများပြုလုပ်လာခဲ့ပြီး နောက်ပိုင်း မကြာမီကာလကပင် ထိုသို့သော ဖြစ်ထွန်းတိုးတက်လာမှုမှာ သိသာထင်ရှားလာခြင်း ဖြစ်သည်။ 

အမေရိကန်နိုင်ငံက စီးပွားရေး အရေးယူ ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးခဲ့သော်လည်း အမေရိကန်လွှတ်တော်က စောင့်ကြပ်ထိန်းကျောင်းသည့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်စိုးခြင်း ဥပဒေနှင့် ကာကွယ်ရေးဆိုင်ရာ အရေးယူမှု ဥပဒေများက မြန်မာတပ်မတော်အပေါ် အမေရိကန် တပ်မတော်၏ ထိတွေ့ဆက်ဆံမှုများကို တင်းကျပ်စွာ ကန့်သတ်ထားဆဲ ဖြစ်သည်။ 

အမေရိကန်လွှတ်တော် အတွင်းတွင် ယင်းကန့်သတ်မှုများ ဖယ်ရှားမှုအပေါ် ခုခံဟန့်တားနေသည့် သြဇာကြီးမားသော အုပ်စုများ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် များမကြာမီက ကချင်နှင့် ရှမ်းပြည်နယ်များတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည် ဟူသော အမြင်ကြောင့်ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးများကို ပြောင်းလဲပစ်ရန် အမေရိကန်နိုင်ငံ ပင်တဂွန် စစ်ဌာနချုပ်သည် ပေးထားသည့် အကန့်အသတ်ဘောင် အတွင်းကပင် မြန်မာတပ်မတော်နှင့် ထိတွေ့ဆက်ဆံနိုင်သော နည်းလမ်းများကို ရှာဖွေခဲ့သည်။ ယင်းနည်းလမ်းများထဲတွင် ထိုင်းနိုင်ငံ အပါအဝင် အခြားသော အရှေ့တောင်အာရှ နိုင်ငံများ၌ သီးခြားတွေ့ဆုံးဆွေးနွေးမှုတို့ ပါဝင်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရေး ကစားပွဲကြီးမှာ ယခုအခါတွင် အကဲဆတ်သည် ဖြစ်စဉ်သစ်ထဲသို့ အငြင်းပွားဖွယ် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ 

အမေရိကန်နှင့် ဥရောသမဂ္ဂတို့က မြန်မာနိုင်ငံနှင့် တပ်မတော် အချင်းချင်း ဆက်ဆံရေးကို မြှင့်တင်ရန် လုပ်ဆောင်လာချိန်တွင် ၎င်းတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပေးအပ်သည့် ရန်ပုံငွေများသည် တရုတ်ကြောင့် ဆုံးရှုံးနေလေပြီ ဖြစ်သည်။ 

ယခုအခြေအနေသည် တပ်မတော်အနေနှင့် တရုတ်ကျောထောက်နောက်ခံ UWSA နှင့် တစ်ဆင့်ခံ ပဋိပက္ခများဆီသို့ ဦးတည်သွားမလား သို့မဟုတ် အနောက်နှင့် နီးစပ်သွားသည့် တပ်မတော် ဖြစ်လာလေမလား ဆိုခြင်းကို ခန့်မှန်းမြင်ယောင်ကြည့်လို့ မရသေးပါ။ သို့သော် အခြေအနေများ ပြောင်းလဲမှု ရှိလာနိုင်သည်ကို မြင်တွေ့နေရဆဲပင် ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် သံတမန်ရေးအရရော၊ ဘဏ္ဍာရေးအရရော၊ ပထဝိ နိုင်ငံရေး မဟာဗျူဟာအရပါ သူတို့ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်UWSA ၏ စိန်ခေါ်မှုအား မည်သို့တုံ့ပြန်မည် ဆိုသည့် အကျပ်အတည်းတစ်ရပ်မှာ ယခုအခါ ကြုံတွေ့နေရပြီ ဖြစ်လေသည်။

Ref: Myanmar’s Great Game enters volatile new phase, Asian Times