News

POST TYPE

ARTICLE

တရုတ် နှစ်ထပ်ကွမ်းခရီးနှင့် ၉၆ ပါးဆေး
23-Apr-2017
သမ္မတ ဦးထင်ကျော် ပြန်လာသည်မှ ပူပူနွေးနွေးသာ ရှိသေးသည်၊ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ သွားဦးမည်။ နိုင်ငံ့ထိပ်ဆုံးခေါင်းဆောင် နှစ်ဦး တရုတ်ပြည်သို့  နှစ်ထပ်ကွမ်း ခရီးသွားခြင်းသည် အဘယ်ကြောင့်နည်း။

အဖြေမှာ တရုတ်ပြည်သည် မြန်မာပြည်အတွက် အလွန်အရေးကြီးလှသဖြင့်။ မည်မျှအရေးကြီးသနည်းဆိုမူ အခြားကိစ္စများကို အသာထား၊ တရုတ်တစ်ခုတည်းကို အာရုံစိုက်ရုံဖြင့် မြန်မာ့အရေး အများစု ပြေလည်သွားလိမ့်မည်။ ၉၆ ပါးဆေးဟု မဆိုလိုသော်လည်း ထိုလောက်နီးနီး။

တစ်အချက် ငြိမ်းချမ်းရေး 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့၏ တရုတ်ခရီးစဉ် နှစ်ခုလုံးသည် အစိုးရသစ် တက်လာကတည်းက ကြေညာထားပြီး ယခုလပိုင်းများတွင် ပိုပြီးတွန်းအားပေးလာသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်သည်။ အသွင်ကူးပြောင်းသည့် အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံ အဓိက ကွာခြားချက်မှာ လွတ်လပ်ရေး ရလုလုကာလ ကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်ခြင်း ဖြစ်သည်။ ထိုပြည်တွင်း နာကိုသာ ပြည်တွင်းငြိမ်းချမ်းရေးဖြင့် ကုစားနိုင်လျှင် ကျန်သော ပြဿနာ အများစု ပြေလည်သွားနိုင်သည်။ ယင်းသို့ ‘ငြိမ်းချမ်းရေးသာ အဓိက’ သဘောတရားကို အခြားသူများက သဘောတူညီကောင်းမှ တူမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေးကိုသာ အာဏာရကတည်းက ဖိတွန်းနေသော နိုင်ငံတော်၏ နံပါတ်တစ်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ သဘောတူမည်သာ။ သူသည် ကြုံလျှင်ကြုံတိုင်း မြန်မာနိုင်ငံအတွက်  ငြိမ်းချမ်းရေး၏ အခရာကျပုံကို ဟောပြောစည်းရုံးသူ မဟုတ်ပါလား။ 

ငြိမ်းချမ်းရေးတွင် တရုတ်နှင့် အဆက်အစပ် လေးချက် ရှိပြန်သည်။

(၁) တရုတ်နယ်စပ်ဆက်စပ် ဒေသများတွင်သာ တိုက်ပွဲဆက်ဖြစ်နေခြင်း
(၂) တရုတ်သည် မဟာအင်အားကြီး နိုင်ငံအဖြစ် ကြီးထွားနေခြင်း
(၃) တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေတွင် မရှိခြင်း
(၄) တောင်တရုတ်ပင်လယ်နှင့် အခြားနယ်မြေများတွင် တရုတ်လေသံ တင်းမာခြင်း

နံပါတ် (၁)

ယခင်က တိုက်ပွဲကြီးများသည် ထိုင်းနယ်စပ်များတွင် အဖြစ်များသော်လည်း ယခုအခါ ငြိမ်သွားပြီ။ ထိုင်းနယ်စပ်အခြေစိုက် အဓိက လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သော KNU သည် ငြိမ်းချမ်းရေး ရယူနေပြီ။ ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို တပ်အပ်ပြောရန် ခက်ခဲသော်လည်း ထိုင်းနိုင်ငံ၏ မူဝါဒများ ပြောင်းလဲလာသည်နှင့်အမျှ ထိုင်းနယ်စပ်ရှိ လက်နက်ကိုင်များ ငြိမ်းချမ်းရေး ရယူရန် တွန်းပို့လာခဲ့သည်။ တပ်မတော်က နယ်မြေစိုးမိုးလာနိုင်ခြင်း၊ လက်နက်ကိုင်အဖွဲ့များ ကိုယ်တိုင်က ငြိမ်းချမ်းရေး ရယူလိုခြင်းတို့သည်လည်း  အကြောင်းအရင်းများ ဖြစ်သော်လည်း  နယ်မြေကပ်ရပ် အိမ်နီးချင်းနိုင်ငံ၏ သဘောထားသည် ငြိမ်းချမ်းရေးတွင် အဓိကဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို တပ်အပ်ပြောရန် ခက်ခဲသော်လည်း ထိုင်းနယ်စပ်တွင် သေနတ်သံ ငြိမ်သွားပြီး တရုတ်နယ်စပ်သည် သေနတ်သံ အကျယ်ဆုံးနေရာ ဖြစ်နေသည်က တစ်စုံတစ်ရာကို  ညွှန်ပြသည်။ စဉ်းစားရန် နောက်တစ်ချက်။ မြန်မာအစိုးရနှင့် သဘောထား မတိုက်ဆိုင်သော လက်နက်ကိုင်များ လှုပ်ရှားရာ နယ်စပ်၏ အခြားတစ်ဖက်မှ အိမ်နီးချင်း နိုင်ငံချင်း တူပြန်သော်လည်း တရုတ်နှင့် ထိုင်းသည် အကောင်ချင်းကွာသည်။ ထိုအခါ ကျွန်တော်ပြောခဲ့သည့် ငြိမ်းချမ်းရေး လေးချက်အနက် နံပါတ် (၂) အချက် ဝင်လာသည်။ 

နံပါတ် (၂) နှင့် နံပါတ် (၃)

တရုတ်သည် လက်ရှိတစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ဖြစ်သည့် အမေရိကန်ကို စိန်ခေါ်သည့် မဟာအင်အားကြီးနိုင်ငံ ဖြစ်လာရန် ကြီးထွားလာနေသည်။ ယင်းနှင့် နံပါတ် (၃) အချက်ဖြစ်သော မြန်မာနှင့် တရုတ်တို့ လက်ရှိဆက်ဆံရေး အခြေအနေ အကောင်းဆုံး မရှိခြင်းတို့ ပေါင်းလိုက်ပါက မိမိနှင့် မသင့်တင့်သော မဟာအင်အားကြီးလောင်းလျာ အိမ်နီးချင်းအဖြေကို ရသည်။ ထိုသို့ မိမိနှင့် မသင့်တင့်သော မဟာအင်အားကြီး လောင်းလျာအိမ်နီးချင်းနှင့် ပြည်ထောင်စုအစိုးရကို မကျေလည်သော လက်နက်ကိုင်များ ယင်းအိမ်နီးချင်း၏ နယ်စပ်တစ်လျှောက်တွင် ရှိနေခြင်းတို့ ထပ်ပေါင်းလျှင် မြန်မာ့လုံခြုံရေးသည် စိုးရိမ်စရာ။ 

နံပါတ် (၄)

အရှေ့တောင်အာရှရှိ တောင်တရုတ်ပင်လယ် ဆက်စပ်ဒေသများတွင် တရုတ်သည် ဘုန်းလက်ရုံး ဆန့်တန်းနေသဖြင့် ဒေသတွင်း နိုင်ငံများနှင့် တင်းမာနေသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ တိုက်ရိုက်ဘုန်းလက်ရုံး ဆန့်တန်းခြင်းများ မရှိသေးသော်လည်း တောင်တရုတ်ဒေသ ဥပမာအရ ရှိလာနိုင်သည်ဟု တွက်နိုင်သည်။ ယင်းသို့ ဖြစ်လာလျှင် တရုတ်နယ်စပ်ရှိ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံအတွက် အန္တရာယ်များစွာ ရှိလာမည်။ ညီအစ်ကို အချင်းချင်း ဖြစ်သော စစ်သည် ဝမ်းနည်းဖွယ် အကောင်းဆုံးတင်မက အထိခိုက် အနစ်နာဆုံးလည်း ဖြစ်သည်။ 

လက်နက်ကိုင်အဖွဲ့များသည် နှစ်ပေါင်းဆယ်နှင့်ချီပြီး နိုင်ငံရေး လုပ်လာသူများဖြစ်ရာ နိုင်ငံရေးပါးဝသူများ ဖြစ်ပြီး ယင်းတို့ ရည်မှန်းချက်ကို ဇွဲနပဲအပြည့်ဖြင့် ချီတက်မည်သာ။

တရုတ်နယ်စပ်တွင် လှုပ်ရှားနေသော အဓိက အဖွဲ့အစည်းနှစ်ရပ်မှာ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) နှင့် UWSA (ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်) တို့ ဖြစ်သည်။ KIO နှင့် UWSA တို့ သဘောတူလျှင် ငြိမ်းချမ်းရေး ဖြစ်ပြီ။ တစ်ဖက်တွင် KIO နှင့် UWSA သည် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ငယ်များ၏ ခေါင်းဆောင်နေရာကို အပြိုင်အဆိုင် ရယူရန် ကြိုးစားနေပုံပေါ်သည်။ ဥပမာ- မြောက်ပိုင်းသုံးဖွဲ့သည် နဂိုက KIO နှင့် ပိုနီးစပ်သော်လည်း ယခုအခါ UWSA ဘက်သို့ ရွေ့သွားသည်။ UWSA သည် လက်နက်ကိုင်အဖွဲ့များထဲတွင် တရုတ်နှင့် အနီးစပ်ဆုံးဟု အများက ကောက်ချက်ချ ခံရသောအဖွဲ့ဖြစ်သည်။ လူသူလက်နက်အင်အားနှင့်  စီးပွားရေး အကောင်းဆုံးဖြစ်သည်။ ထိုနှစ်ဖွဲ့၏ တရုတ်အပေါ် ယေဘုယျ သဘောထားမှာ ကွဲပြားကောင်း ကွဲပြားမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ကို ပါဝင်စေလိုခြင်းတွင် တူညီသည်။ 

လက်နက်ကိုင်အဖွဲ့များ၏ ဗျူဟာမှာ အပြောင်းအလဲ အမျိုးမျိုး ရှိသော်လည်း မဟာမိတ် အမျိုးမျိုး ကြေညာချက် အမျိုးမျိုး ထုတ်ကြသော်လည်း ခွဲထွက်လိုကြသည် မထင်ပါ။ ‘ဝ’ သည် ယခုနှစ်ပိုင်းများတွင် သဘောထား တင်းမာသည် ထင်မှတ်ရသော်လည်း လက်ရှိစီးပွားရေး အခြေကိုဖျက်ပြီး စွန့်စားလိမ့်မည် မထင်။ စစ်သာပြန်ဖြစ်လျှင် ‘ဝ’ နှစ်သုံးဆယ်လောက် တည်ဆောက်ထားသည်များ သဲထဲရေသွန်ဖြစ်ပြီး တောထဲသာ ပြန်ရောက်လိမ့်မည်။ KIO မှာမူ မြန်မာလူထု၏ ကရုဏာသက်အောင် Public Relations နည်းဖြင့် ဆောင်ရွက်နိုင်သူများ ဦးဆောင်သည့် အဖွဲ့အစည်းဖြစ်ပြီး စစ်ရေးရောနိုင်ငံရေးပါ ကျွမ်းကျင်သည့် အဖွဲ့အစည်း ဖြစ်သည်။

အထက်ဖော်ပြပါ လေးချက်ကြောင့် တရုတ်နှင့်သာ ရှင်းလိုက်နိုင်လျှင် ငြိမ်းချမ်းရေး ပြဿနာသည် ထင်သည်ထက် မြန်စွာ ပြီးသွားနိုင်သည်။ ရှင်းလည်းရှင်းရမည်။ တရုတ်နှင့် ယခုမရှင်းနိုင်က နောင်တရုတ် ယခုထက် ကြီးထွားလာလျှင်၊ ယခုတရုတ်ကဲ့သို့ မဟုတ်ဘဲ မော်စီတုန်း ခေတ်ကကဲ့သို့ တော်လှန်ရေးကို ပြည်ပသို့ တင်ပို့လိုသည့် ထောင်လွှားသော တရုတ်ဖြစ်လာလျှင် မြန်မာအတွက် အန္တရာယ်ကြီးလှသည်။ ရှင်းတာက ဟုတ်ပြီ။ ဘယ်လိုရှင်းမလဲ။How။ မည်သို့နည်း။ 

တရုတ်အကျိုးစီးပွား

နိုင်ငံရေးနယ်ပယ်တွင် ပြဿနာ ဖြေရှင်းလျှင် တစ်ဖက်က ဘာလိုချင်သနည်း၊ တစ်နည်း အကျိုးစီးပွား Interests ကို ကြည့်ရသည်ဟု ပညာရပ်သဘောအရရော အတွေ့အကြုံများကပါ ဆိုသည်။  တရုတ်၏ မြန်မာနိုင်ငံတွင် အကျိုးစီးပွားမှာ အဘယ်နည်း။ 

(၁) တရုတ်နယ်စပ် ငြိမ်းချမ်းရေး 
(၂) စွမ်းအင်စီမံကိန်းများ
(၃) အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် ဝင်ပေါက်နှင့် one-belt-one-road

မိမိနယ်စပ်တွင် စစ်ဖြစ်ခြင်းကို မည်သည့်နိုင်ငံကမျှ ပုံမှန်အခြေအနေတွင် မလိုလားပါ။ တရုတ်သည်လည်း သူ့နယ်စပ်တွင် စစ်ဖြစ်ခြင်းကို လိုလားမည် မဟုတ်။ အနည်းဆုံးအားဖြင့် သူ့ဘက်ခြမ်းတွင် ငြိမ်းချမ်းစေချင်သည်။ 

စွမ်းအင်စီမံကိန်းများအနက် အထင်ရှားဆုံးမှာ လောလောဆယ် ရပ်တန့်ထားသော မြစ်ဆုံစီမံကိန်း ဖြစ်သည်။ မြစ်ဆုံကို ရပ်လိုက်သည့်အတွက် တရုတ်ဘက်က အငိုက်မိသွားသလို တရုတ်မြန်မာ ဆက်ဆံရေး ဒီရေသည် ပြောင်းပြန်စီးသွားသည်။ မြစ်ဆုံတွင် တရုတ်ဘက်က နှစ်ချက် အထိနာသည်။ ငွေကြေးနှင့် သိက္ခာ။ ဒေါ်လာဘီလီယံချီတန်သော စီမံကိန်းဖြစ်သည့် အတွက် အကောင်အထည်ဖော်ရန် နှောင့်နှေးလျှင်ပင် ငွေကြေးအဆုံးအရှုံးကြီးသည်။ လုံးဝရပ်ပစ်လိုက်လျှင်မူ အထိအနာဆုံး။ တရုတ်သည် နိုင်ငံတကာ၏ လေးစားကြောက်ရွံ့မှုကို ရရန် ကြိုးစားနေချိန်တွင်  မြန်မာကဲ့သို့သော ‘ခြင်းထဲကကြက်’ ၏  လူသိရှင်ကြား နှပ်ပစ်ခံရခြင်းသည် မဟာအင်အားကြီးလောင်းလျာအဖို့ မခံချင်စရာ။ 

မြန်မာပြည်တွင်း လက်နက်ကိုင်များနှင့် ပတ်သက်ပြီး တရုတ်၏ အယူအဆသည်လည်း မြစ်ဆုံနောက်ပိုင်းတွင် တရုတ်ပြည်တွင်း အုပ်စုများအကြား သဘောထား ကွဲပြားလာသည်။ မြန်မာအစိုးရကို အိတ်ထဲထည့်ထားနိုင်ရန်အတွက် လက်နက်ကိုင်များကို ထောက်ပံ့သင့်သည် ဟူသော အုပ်စု၊ မြန်မာ့ပြည်တွင်းရေးကို လက်ရှောင်နေသင့်သည် ဟူသော အုပ်စု၊ ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်သင့်သည် ဟူသော အုပ်စုဟု အနည်းဆုံး သုံးဖွဲ့ ရှိလာသည်။

မြန်မာသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဝင်ပေါက် ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် တရုတ်တို့ ဆက်သွယ်သော ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရထားလမ်းသည် လူ၊ စွမ်းအင် ထွက်ပေါက်ဝင်ပေါက် ဥပမာ။ 

one-belt-one-road သည် ရှေးတရုတ်နိုင်ငံ၏ ပိုးလမ်းမကြီးကို ခေတ်သစ်ရေလမ်း၊ ကုန်းလမ်း ပိုးလမ်းမကွန်ရက်ကြီးအဖြစ် အကောင်အထည်ဖော်နေသည့် ဧရာမ စီမံကိန်းကြီး ဖြစ်သည်။  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် သြဇာကို နောက်တစ်ဆင့်သို့ ဆွဲတင်မည့် စီမံကိန်းကြီး ဖြစ်သည်။ လက်ရှိသမ္မတ ရှီကျင့်ဖျင်၏ အချစ်တော် စီမံကိန်းကြီး ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး အနောက်ဥရောပ ပြန်လည်တည်ထောင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်ခဲ့သည့် မာရှယ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီး ဖြစ်သည်။ ထိုမာရှယ် စီမံကိန်းကြောင့် အနောက်ဥရောပ ပြန်ထလာသလို အမေရိကန်၏ သြဇာအာဏာသည်လည်း ကြီးမားလာခဲ့သည်။ ထိုကွန်ရက်၏ ဗဟိုချက်မှာ တရုတ်ပြည်ဖြစ်ပြီး  တရုတ်ပြည်နှင့် ပတ်ဝန်းကျင် ဒေသများ၏ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ လိုအပ်ချက်ကို ဖြည့်ဆည်းရင်း တရုတ်ပြည်၏ ဗဟိုကျမှုကို မြှင့်တင်ပေးမည့် စီမံကိန်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာသို့ထွက်ရန် တရုတ်၏ လိုအပ်ချက်၊ အိန္ဒိယနှင့် တရုတ်အကြား  အလွယ်ဆုံးသော ဆက်သွယ်ရေးဟူသော ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံနေသည်။  ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သို့ one-belt-one-road ထိပ်သီးဆွေးနွေးပွဲတက်ရန် မကြာမီသွားမည်။  

ငြိမ်းချမ်းရေးနှင့် ထွက်ပေါက် ဝင်ပေါက်

တရုတ်၏ အကျိုးစီးပွားတို့ကိုကြည့်လျှင် ‘ဘာလုပ်ရမည်’ ကို မြင်လောက်ပါပြီ။  တိုးလို့တန်းလန်း ဖြစ်နေသော မြစ်ဆုံသည် ပြဿနာ ဖြစ်သလို အဖြေလည်း ဖြစ်သည်။ မြစ်ဆုံကိစ္စ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ရှင်းနိုင်လျှင် မြစ်ဆုံတစ်ခုတည်း သာမက အခြားအရေးများပါ ပြေလည်သွားမည်။ တရုတ်အတွက် မြစ်ဆုံသည် အဓိက မဟုတ်ဘဲ ထွက်ပေါက် ဝင်ပေါက်သည်သာ အဓိကဖြစ်ကြောင်း လွန်ခဲ့သော သုံးလေးနှစ် ကတည်းက တရုတ်တွင် ဆွေးနွေးပွဲမျိုးစုံ တက်ခဲ့ပြီး သဘောပေါက်ပါသည်။ ရှင်းရှင်းပြောလျှင် မြစ်ဆုံနှင့် ဘာနှင့်လဲမလဲ။ အလွယ်ဆုံးနည်းမှာ ဝင်ပေါက်ထွက်ပေါက်။

တရုတ်၏ ရထားလမ်း၊ ပိုက်လိုင်းတို့သည် မြန်မာပြည်ကို ကန့်လန့်ဖြတ် နှစ်ပိုင်းပိုင်းလိုက်သလို ဖြစ်သွားမည်ဟု စိုးရိမ်သူများ ရှိသည်။ ယင်းလမ်းကြောင်းကို အကြောင်းပြပြီး တရုတ်က ကျူးကျော်လာနိုင်သည်ဟု ထင်သူများပင် ရှိသည်။ စာရေးသူအမြင်မှာ ထိုရထားလမ်း၊ ပိုက်လိုင်းတို့ကိုသာ တရုတ်က အားကိုးရလျှင် တရုတ်ပြည်နှင့် ခိုက်ရန်ဖြစ်ပွားနိုင်ခြေပင်  လျော့သွားမည်။ ယင်း၏အသက်သွေးကြောမတစ်ချောင်း ဖြတ်သွားရာ မြန်မာပြည်  တည်ငြိမ်အေးချမ်းရေးကို တရုတ်က ပိုအလေးထားမည်။ တရုတ်ကို မြန်မာက ရထားလမ်း၊ ပိုက်လိုင်းတို့ဖြင့် ပြန်ကိုင်ထားနိုင်မည်။ တစ်ဖန် ထိုရထားလမ်း၊ ပိုက်လိုင်းတို့ကြောင့် စတင်အကျိုးခံစားရမည်မှာ ယင်းတို့စတင်သည့် ရခိုင်ပြည်နယ် ဖြစ်သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးလာလျှင် နိုင်ငံတကာက အာရုံစိုက်နေသည့် ရခိုင်အရေးသည်လည်း ပြေလည်သွားမည်။ တရုတ်၏ one-belt-one-road ကို ကြိုဆိုကြောင်း တရုတ်နယ်စပ် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေး ကြေညာချက်တစ်ခုတွင် ဖော်ပြထားရာ တရုတ်ရထားလမ်း၊  ပိုက်လိုင်းတို့သည် ငြိမ်းချမ်းရေးကိုပါ ဆောင်ကြဉ်းလာမည်။ တရုတ်နယ်စပ် ငြိမ်းချမ်းမှသာ ဝင်ပေါက်ထွက်ပေါက်တည် ငြိမ်မည်ဖြစ်ရာ မြန်မာ့ငြိမ်းချမ်းရေးသည် တရုတ် အလိုလားဆုံးအရာ ဖြစ်လာမည်။ တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း လက်နက်ကိုင်ဆောင်ရန် အကြောင်းပြချက် ခိုင်လုံမှု လျော့နည်းလာမည်။ ယင်းတို့ လက်နက်ကိုင် တော်လှန်ရခြင်း ကိုယ်တိုင်က ဒေသဖွံ့ဖြိုးရေးအတွက်ဟု ကြွေးကြော်ထားသည် မဟုတ်ပါလား။ 

သေချာသည်မှာ တရုတ်ပြည်သည်  မြန်မာပြည်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိပါ။ အင်္ဂလိပ်သည်ပင် အင်္ဂလန်၏ အကျိုးစီးပွားတို့ သေချာစေရန်သာ သိမ်းပိုက်ခဲ့ပြီး လူနည်းနည်းနှင့် ကျဲကျဲဝိုင်းကာ မြန်မာပြည်ကို အုပ်ချုပ်ပြီး အကျိုးစီးပွားတို့ ထုတ်ယူသုံးစွဲသွားသည် မဟုတ်လား။ ကိုယ့်အကျိုးစီးပွားသာပြည့်လျှင် နိုင်ငံကို အလုပ်ရှုပ်ခံပြီး ဘာကြောင့် သိမ်းရမည်နည်း။ မြန်မာဘက်ကလည်း ကိုယ့်အကျိုးစီးပွားပါ  တစ်ခါတည်းရအောင် ကြံဆောင်ရန်သာ လိုသည်။

မြန်မာနိုင်ငံ၏ အားနည်းချက်မှာ လမ်းပန်းဆက်သွယ်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နားလည်ထားရာ တရုတ်၏ one-belt-one-road အပါအဝင် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများကို မြန်မာဘက်က လက်ခံနိုင်လျှင် ကိုယ့်အားနှင့်ကိုယ် မတည်ဆောက်နိုင်သော မြန်မာတို့ တရုတ်ကို ‘ငါးကြင်းဆီနှင့် ငါးကြင်းကြော်နိုင်မည်’။ စင်စစ် သမ္မတ ဦးထင်ကျော် တရုတ်ပြည်သို့ ရောက်ရှိနေစဉ်တွင် ပထမဆုံး သင်္ဘောကပ်ပြီး ရေနံပိုက်လိုင်းမှ ရေနံပို့လွှတ်လိုက်ရာ သေချာစွာ ကြိုတင်ပြင်ဆင်ပြီး တိုက်ဆိုင်ကာ ထုတ်လွှတ်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းပိုင်းကို တရုတ် မြန်မာ ဆွေးနွေးမှု အတော်ခရီးရောက်နေပုံ ရသည်။ 

တရုတ်သည် ကမ္ဘာတွင် အကြီးဆုံး ဈေးကွက်ကြီးဖြစ်ရာ တရုတ်နှင့် မြန်မာတို့ တံခါးပွင့်ခြင်းသည် မြန်မာတို့ လုပ်နိုင်လျှင် ရတနာပုံဆိုက်သည်နှင့် တူမည်။ ယခုပင်လျှင် တရုတ်သည် မြန်မာ၏ အဓိက ကုန်သွယ်ဖက်၊ မြန်မာတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ရာ ရတနာပုံဆိုက်သည် ဆိုသော စကားသည် တင်စားပြောခြင်း မဟုတ်ကြောင်း ယခုထက် ဆက်ဆံရေး ပိုပွင့်လာပါက ထင်ရှားမည်။ တရုတ်နှင့် ရန်ဖြစ်လျှင်ပင် မွဲချိန်တွင် ရန်မဖြစ်ဘဲ အင်အားတောင့်ချိန်မှ ရန်ဖြစ်သင့်သည်။ စီးပွားရေးတောင့်မှ စစ်ရေးတောင့်မည်။ 

တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေး၊ စီးပွားရေးရောဂါတို့အတွက် ၉၆ ပါးဆေးဟု ဆိုလျှင် ပိုအံ့မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည် နဂါးကို အလမ္မာယ်ပြနိုင်ပါစေဟုသာ။ 

ဇေယျသူ


ABOUT AUTHOR

(ဇေယျသူ)