News

POST TYPE

ARTICLE

ခိုတောင်ရွာက မုန့်တီ
22-Apr-2017
မြန်မာနှစ်သစ်ကူးကာလ တန်ခူးလ ရောက်ပြီဆိုလျှင် ရုံးပိတ်ရက်ရှည်နှင့်အတူ ခရီးထွက်သူတွေ မနည်းမနော ရှိကြသည်။ မန္တလေးမြို့ခံတွေကတော့ ဆရာမြို့မငြိမ်း၏ စစ်ကိုင်းတောင် သီချင်းထဲကလို စစ်ကိုင်းတောင်ဆီ အရောက်သွား တရားရှာဖွေတတ်ကြသည်။ စစ်ကိုင်းတစ်ဝိုက် ဘုရားတွေ ဖူးကြသည်။ မင်းကွန်းဘက် ခြေဆန့်ကြသည်။ မင်းကွန်းသို့ ကားလမ်းနှင့် ခရီးဆက်တိုင်း မဖြစ်မနေ ဖြတ်သန်းသွားရတော့ ရွာလေးတစ်ရွာ ရှိသည်။ ထိုရွာကား မင်းဝံတောင်ရိုးက ခိုတောင်ရွာ။

ခိုတောင်ရွာဟု ဆိုလိုက်သည်နှင့် ခိုတောင်မုန့်တီနှင့် တွဲဖက်ပြီး သိသူကလည်း မနည်းမနောပင်။ မုန့်တီဟုဆိုလိုက်လျှင် အောက်ပြည်အောက်ရွာတွင်တော့ ရခိုင်မုန့်တီကိုသာ လူသိများသော်လည်း အညာတစ်ဝိုက်တွင်တော့ မုန့်တီဟုဆိုလိုက်လျှင် မန္တလေးမုန့်တီ၊ ခိုတောင် မုန့်တီဟု အသိများကြသည်။

မန္တလေးမြို့တွင်တော့ မုန့်တီဟု မှာလိုက်လျှင် နှစ်မျိုးနှစ်စား ရှိသည်။ မန္တလေးမုန့်တီနှင့် ခိုတောင်မုန့်တီ။ 

မန္တလေးမုန့်တီက နန်းကြီး၊ ကြက်သား များများဖြင့် သုပ်တတ်ပြီး ခိုတောင်မုန့်တီကတော့ ခိုတောင်နန်းနှင့် ငါးဖယ်လုံးနှင့် ပိတ်စွယ်ဟင်းချိုနှင့်။ ထိုအထဲမှ ခိုတောင် မုန့်တီကတော့ နံနက်စာအတွက် သာမက နေ့ခင်းနေ့လယ် အဆာပြေစားစရာအဖြစ်ပါ နာမည်ကြီးတတ်သည်။

ခိုတောင်မုန့်တီ သမိုင်းစပြောရလျှင်တော့ ရာဇဝင်တွေနှင့် စပြောရမည်။ မင်းတုန်းမင်းလက်ထက် မိဖုရားတစ်ပါး ကိုယ်ဝန်ချဉ်ခြင်းတပ်ရာမှ တီကောင်ကို စားချင်သည် ဆိုသောကြောင့် ခိုတောင်ရွာနေ အမှုထမ်းများက မုန့်ဖတ်ကို ဆီနီဆီဝါဖြင့် လူးပြီး ဆက်သစေခဲ့ရာက ခိုတောင် မုန့်တီဖြစ်လာသည်ဟု အဆိုရှိကြသည်။ နန်းတွင်းထိ ဆက်သနိုင်ခဲ့သော စားစရာဖြစ်၍ တော်ဝင်နန်းသုံး အစားအစာအဖြစ်လည်း ခိုတောင်ဒေသခံများက ယနေ့ထက်တိုင် ဂုဏ်ယူမဆုံး ဖြစ်ကြတုန်းပင်။

စစ်ကိုင်းမှသည် မင်းကွန်းသို့ အသွား ကားလမ်းဘေး၊ ဧရာဝတီ မြစ်ကမ်းပေါ်ရှိ ခိုတောင်ရွာလေးသည် အိမ်ခြေ ၂၀ဝ ခန့်သာရှိသော သာမန်ရွာလေး ဖြစ်သော်လည်း ခိုတောင်မုန့်တီဖြင့် အသက်မွေးသူက ရွာလူဦးရေ၏ တစ်ဝက်နီးပါးရှိသည်ဟု ဆိုရမည်။ ခိုတောင်ရွာသာမက ခိုတောင်ရွာ၏ တောင်ဘက်ကပ်လျက်ရှိ  ချောင်းပေါက်ရွာလေးတွင်လည်း ခိုတောင် မုန့်တီလုပ်ငန်းဖြင့် အသက်မွေးသူက မနည်းမနောပင်။

ရွာထဲသို့ ကားဝင်လိုက်သည်နှင့် ကားလမ်းဘေး ဘယ်ညာနှစ်ဖက်လုံးမှာ ဆိုင်းဘုတ်ကိုယ်စီဖြင့် ခိုတောင်မုန့်တီ ဆိုင်လေးများကို အစီအရီ တွေ့ရမည်။ တချို့ကလည်း ကိုယ့်အိမ်ကိုယ့်ရွာတွင် ဆိုင်ဖွင့် ရောင်းချတတ်ကြသလို တချို့ကလည်း မန္တလေးမြို့ပေါ်ထိတက်ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဈေးဗန်းရွက်ရောင်းကြသည်။ တချို့ကလည်း မြို့ပေါ်တွင် နေရာ အကျအန ထိုင်ပြီး ရောင်းကြသည်များလည်းရှိသည်။

ခိုတောင်မုန့်တီ တစ်ပွဲဖြစ်လာဖို့ ခိုတောင်ရွာသူတို့၏ နိစ္စဓူဝ လုပ်ငန်းစဉ်သည် လွယ်တော့ မလွယ်လှပါ။ နံနက်စောစော မိုးမလင်းမီ ၂ နာရီ၊ ၃ နာရီလောက်ကတည်းက အိမ်ရှိလူကုန် လုံးပန်းရသည်။ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လှီးသူကလှီး၊ မုန်လာချဉ်ဖတ် ပြင်သူကပြင်၊ ပဲမှုန့်ထည့် သူကထည့်၊ ဆီနီ ဆီဝါ သတ်သူကသတ်၊ နံနံပင်၊ ပိတ်စွယ်၊ ငါးခေါင်း၊ ငါးဖယ်လုံးတို့နှင့် ဟင်းရည်အိုး တည်သူကတည်၊ တစ်အိမ်သားလုံး တက်ညီလက်ညီ ဝိုင်းလုပ်နိုင်ပါမှ ခိုတောင်သည် တစ်ယောက် ဈေးရောင်းထွက်ဖို့ အဆင်သင့် ဖြစ်ရတတ်သည်။

မိုးသောက်စပြုပြီဆိုသည်နှင့် ခိုတောင်သည်တို့ မင်းကွန်းတောင်ရွာထွက် သစ်သားခုံဖိနပ်သံ တဂွက်ဂွက်ပေးလျက် လှေဆိပ်ဆင်းကြပြီ။ ဈေးဗန်းကိုယ်စီရွက်ရင်း မော်တော်ပေါ်တက်၊ မန္တလေးဆီ ချီတက်ကြပြီ။ ဈေးခံတောင်းလေးထဲမှာပါသော ပစ္စည်းများကလည်း စုံသည်။ မုန့်တီသုပ်ရန် လိုအပ်သော ပဲမှုန့်၊ ဆီချက်၊ ငရုတ်၊ ငံပြာရည် စသော ဟင်းခတ်ပစ္စည်းများ ထည့်ထားသည့် ကြွေရည်သုတ် စတီးခွက်လေးများ၊ စဉ့်အင်တုံလေးများ ပါသလို မုန့်တီ ထည့်သုပ်စရာ စတီးဇလုံလေးများလည်းပါသည်။ ပူပူနွေးနွေး တည်ထားသော ဟင်းရည်အိုးကတော့ ခံတောင်းထဲမှာ အနွေးဆုံးဖြစ်မည်။ လက်နှီးစုတ် အထပ်ထပ်ပတ်ပြီး လှေလေးစီးကာ တငြိမ့်ငြိမ့် ပါလာသည်။

မန္တလေးဘက်ကမ်း မရမ်းခြံဆိပ် ရောက်ပြီဆိုလျှင်တော့ ဈေးထဲဝင်၊ အသိဆိုင်တွေထဲ ဝင်ပြီး မုန့်ဖတ် ပိဿာချိန်လိုက် ချိန်ပြီးယူရသည်။ တချို့ကလည်း ဈေးပြန်ကြွေးဟု ခေါ်မည်ဖြစ်သော ဈေးသိမ်းချိန်မှ အကြွေးပြန်ပေးသည့်စနစ်ဖြင့် မုန့်ဖတ်ယူကြသည်။ ပြီးလျှင်တော့ ကိုယ့်ဖောက်သည်ရှိရာ ဈေးတွေ၊ ရပ်ကွက် လမ်းဆုံတွေ၊ ကျောင်းရှေ့တွေကို အမီသွားပြီး ဆိုင်ထွက်ဖို့ ပြင်ရသည်။ 

ဈေးချိုတော်၊ ကျောက်ဝိုင်း၊ ကိုင်းတန်း၊ ပန်းတန်း၊ စိန်ပန်း စသော အနောက်ပြင် တစ်ဝိုက်သည် ခိုတောင်မုန့်တီသည်တို့ အားပြုရာ ဈေးကွက်ဟုဆိုလျှင်လည်း မမှားချေ။ တစ်ပွဲ ၃၀ဝ - ၅၀ဝ စသဖြင့် အဝစားနိုင်သော ခိုတောင်မုန့်တီတို့သည် နံနက်ခင်းစာအတွက် ရွေးချယ်စရာ တစ်ခုလည်းဖြစ်သည်။ နံနက်ခင်းဆိုလည်း နံနက်စာ၊ နေ့ခင်းဆိုလည်း နေ့လည်စာ၊ မွန်းလွဲဆိုလည်း အဆာပြေ စား၍ရသောကြောင့် ခိုတောင်မုန့်တီသည်တို့ ရောင်းမကောင်းသည့်ရက်၊ ရောင်းမကုန်သည့်ရက် ဟူ၍ မရှိတတ်ခဲ့။

လမ်းတကာ လှည့်ပြီး ခုံဖိနပ်သံ တဂွက်ဂွက်နှင့် ခိုတောင်မုန့်တီသည်များ ရှိသလို ဆိုင်နေရာ အကျအနဖြင့် ဆိုင်ထွက်တတ်ကြသော ခိုတောင် မုန့်တီသည်များလည်း ရှိသည်။ တချို့ကလည်း ရေလမ်းခရီးနှင့်မဟုတ်၊ ကားနှင့်လာကာ ဆိုင်ဖွင့်ကြသည်များလည်း ရှိသည်။ နန်းရှေ့ဈေး၊ ဈေးချိုတော် ဆင်ကြီးနှစ်ကောင်၊ အောင်တော်မူပေါက် အစရှိသော နေရာများသည် ခိုတောင်မုန့်တီသည်ကို တကူးတက စောင့်မနေချင်သူတို့အဖို့ သွားရောက် စားသုံးနိုင်သည့် ဆိုင်များလည်း ဖြစ်သည်။

ခိုတောင်မုန့်တီ လက်ရာကတော့ တစ်ဆိုင်နှင့်တစ်ဆိုင် ထူးပြီး ကွာခြားသည် မရှိတတ်သော်လည်း ဟင်းရည်ကောင်းကောင်း ရနိုင်သော ဆိုင်အဖို့တော့ ပိုပြီး လူစည်တတ်သည်ဟု ဆိုရမည်။ ခိုတောင် မုန့်တီ၏ အသက်ဖြစ်သော ဟင်းရည်သည် ငါးခေါင်း၊ ပိတ်စွယ်၊ ငါးဖယ်လုံးစသော ဧရာဝတီမြစ်တွင်းမှ ရသည့် သားငါးသီးနှံတို့အပြင် တရုတ်နံနံလေးနှင့် မွှေးနေ၊ နွေးနေပါမှ ခိုတောင်မုန့်တီ အရသာ ပြည့်ဝသည်ဟု ဆိုရပေမည်။ ခိုတောင်အသက် ဂေါ်ဖီဖတ်ဟုလည်း ဆိုတတ်ကြသေးသည်မို့ ဂေါ်ဖီ၊ ပဲတောင့်ရှည်တို့လည်း ကြွပ်နေလတ်နေပါမှ ခိုတောင်မုန့်တီ စားရသည်က အရသာ ပိုရှိတတ်သည် ဆိုရမည်။

ခိုတောင်မုန့်တီသည်တိုင်းကတော့ ကျေးလက်သဘာဝပီပီ မိမိ၏ ဖောက်သည်များကို မှတ်မိတတ်ကြ၊ ဂရုစိုက်တတ်ကြသလို ဖောက်သည်များကလည်း မိမိစားနေကျ အသည်ကို သံယောဇဉ်ရှိရှိ၊ စွဲစွဲမြဲမြဲ အားပေးတတ်သည်မှာလည်း ချစ်စရာ ဓလေ့တစ်ခုဟု ဆိုရမည်။

“သမီးလေး နန်းကြီးနဲ့ သုပ်မလား၊ ငရုတ်သီး လျှော့ထားတယ်နော်၊ ဟင်းရည် ထပ်ယူပါဦး”ဟူသော လောကွတ်စကားများသည် တစ်ဦး၏ မေတ္တာဆိုပါလျှင် ခိုတောင် မုန့်တီသည်တွေအတွက် “ရေသောက်ပါဦးလား၊ ပန်းကန်ဆေးရည် လဲဦးမလား၊ မနေ့က ဘာလို့ မထွက်တာလဲ” စသဖြင့် ပြန်လည် ကမ်းလှမ်းတတ်သော ဓလေ့မှာ  စားသုံးသူတို့၏ စေတနာဟု ဆိုရပေမည်။

ခိုတောင်ရွာနှင့် ခိုတောင်မုန့်တီ၊ ခိုတောင်မုန့်တီ စားသုံးခြင်းဓလေ့နှင့် မန္တလေး ပြည်သူလူထုက ခွဲခြားမရခဲ့။ ခုံဖိနပ်သံ တဂွက်ဂွက်ဖြင့် မြို့ထဲ ဝင်လာသည့် ခိုတောင် မုန့်တီသည်တိုင်းကို မန္တလေးက ကြိုဆိုနေဆဲဖြစ်သလို ခိုတောင်ရွာထိ အရောက်သွားစားတတ်ကြသော မန္တလေး မြို့ခံများကိုလည်း ခိုတောင်ရွာက ကြိုဆိုနေဆဲ ဖြစ်ပါလိမ့်မည်။

ယဉ်ယဉ်နှောင်း


  • VIA