News

POST TYPE

ARTICLE

ကျည်ဆန် ဘယ်ကလာသလဲ
22-Apr-2017

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ ခေါင်းပေါ်တွင် ပျံဝဲနေသည့် ကျည်ဆန်များ ရှိသည်။

ထိုကျည်ဆံသံ တရွှီရွှီများကြားတွင် အထိတ်တလန့်ဖြင့် နေထိုင်နေရသည်ဟု ငွေတော်ကျည်ကုန်းရပ်တွင် နေထိုင်သည့် ဦးဆန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့ ခေါင်းပေါ်မှာ ဝဲနေတာပဲ၊ ကိုယ့်ကို ဘယ်အချိန် ထိမှန်လာမလဲဆိုတာ မသိနိုင်ဘူး”ဟု သူက ဆိုသည်။ 

ပင်မအလုပ်ရုံ လျှပ်စစ် (ပလစ-၂) တပ်အနီးတွင် နေထိုင်ကြသည့် ဦးဆန်းအောင် အပါအဝင် နေအိမ် ခြောက်လုံးခန့်မှာအနီးရှိ စက်ပစ်ကွင်းမှ စမ်းသပ် ပစ်ခတ်မှုများ  ပြုလုပ်ချိန်တိုင်း ယင်းကဲ့သို့ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြပြီး ထိုခံစားမှုမှာ အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းမဟုတ်။ 

၂၀ဝ၆ ခုနှစ် နှစ်ကုန်ပိုင်းအချိန်က ဦးဆန်းအောင် နေအိမ်နှင့် ငါးအိမ်ခန့်ဝေးကွာသည့် နေအိမ် အပေါ်ထပ် ပြတင်းပေါက်ကို သေနတ်ကျည် ထိမှန်ခဲ့ဖူးပြီး ယင်းအချိန်မှစ၍ နေအိမ်အပေါ်ထပ်သို့ မည်သူမှ မတက်ဝံ့ကြတော့။ 

“ကျွန်တော်တို့အိမ်တွေပဲ ဖြစ်နေတာလားဆိုတော့ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့အိမ်တွေက အုတ်တိုက်တွေဆိုတော့ ကျည်မတိုးနိုင်ဘူး။ ကျွန်တော်တို့က ထရံကာတွေ”ဟု ဦးဆန်းအောင်က ဆိုသည်။ 

ထိုသို့ နေအိမ်ပြတင်းကို ထိမှန်ခဲ့သည့်ကျည်မှာ ပွိုင့်တူးတူးကျည်ဖြစ်ပြီး ယင်းဖြစ်စဉ်ကို ပ-လ-စ သို့ သွားရောက် အကြောင်းကြားခဲ့ရာ စက်မှုလယ်ယာကွင်း အတွင်းရှိ တောကြောင်ကို ပစ်ခတ်ရာမှာ ထိမှန်ခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ 

ယင်းကိစ္စဖြစ်ပေါ်ပြီး သုံးလခန့်အကြာ ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက်တွင် သေနတ်ကျည် ထိမှန်သေဆုံးသည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။ ယင်းနေ့ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က ကျန်စစ်သားလမ်း (၇၁ x ၇၂) လမ်းကြားတွင် အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး၏နဖူးကို သေနတ်ကျည် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။

မန္တလေးဆေးရုံကြီး၏ စစ်ဆေးချက်အရ သေဆုံးသူမှာ ဦးရဲဝင်း (၃၅ နှစ်) ဖြစ်ပြီး နဖူးတွင်ကျည်ဆန် ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း၊ ခွဲစိတ်စစ်ဆေးချက်အရ ဦးခေါင်းအတွင်းမှ အလျား ၂ ဒသမ ၇  စင်တီမီတာ၊ အကျယ် ဝ ဒသမ ၅ စင်တီ မီတာခန့်ရှိသည့် ကြေးရောင်ကျည်ဆန် ထိပ်ဖူးတစ်ခုကို တွေ့ရှိခဲ့သည်ဟုဆိုသည်။ 

“ဆရာဝန် စစ်ဆေးချက်အရတော့ ကျည်က ဦးနှောက် အမြှေးပါးကို မပေါက်သွားဘူး။ အရှိန်နဲ့ မဟုတ်တဲ့သဘောပေါ့။ အမြှေးပါးနားလေးမှာ ကပ်နေတယ်လို့ ပြောတယ်”ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် (ပ)  ၂၀၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အခင်းဖြစ်ပွားသည့်နေရာမှ မျက်မြင် သုံးဦးကို ခေါ်ယူမေးမြန်းခဲ့သော်လည်း ၎င်းတို့မှာ ဆိုင်ကယ်သမား လဲကျသွားသည့်အချိန်မှသာ သိရှိကြခြင်းဖြစ်ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

“ဖြစ်ပြီးနောက်နေ့မှ ကျည်ဆန်ကို CID ကို ပို့ဆောင် စစ်ဆေးနေပါတယ်။ ကျည်ဆန်ဆိုပေမယ့် သူက ခဲဖူးထိပ်ဖူးကျည်ပါ။ ဘာအမျိုးအစားဆိုတာ စစ်ဆေးပြီးမှပဲ သိရမယ်။ အခုထိတော့ စစ်ဆေးဆဲပါပဲ။ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။ 

ယင်းကျည်ဆန်သည် အထက်တွင် ဖော်ပြခဲ့သည့် ဦးဆန်းအောင်တို့ နေထိုင်သည့်အနီးရှိ ပ-လ-စ ဘက်မှ သေနတ်စမ်း သပ်ပစ်ခတ်စဉ် မတော်တဆ လမ်းကြောင်း ချော်လာသည့် ကျည်ဆန်ဖြစ်နိုင်သည်ဟု ယူဆနေကြသူများ ရှိသော်လည်း ဗိုလ်မှူးကြီး မျိုးမင်းအောင်ကမူ ယင်းကဲ့သို့ မဖြစ်နိုင်ကြောင်း ဆိုသည်။

“ကျည်ဆန်က နေရာတိုင်းက လာနိုင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီဖြစ်စဉ်ကို ဆောင်ရွက်နေဆဲပါပဲ”ဟု ၎င်းက ပြောဆိုသည်။ 

မည်သည့်နေရာက ပေါ်လာသည့် ကျည်ဆန်မှန်း မသိရှိရသေးသော်လည်း ဖြစ်စဉ်တွင် လုပ်ကြံပစ်ခတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ကောလာဟလများလည်း ထွက်ပေါ်နေပြီး ယင်းကဲ့သို့ လုပ်ကြံပစ်ခတ်ခြင်းဆိုလျှင်လည်း လူမှားပြီး လုပ်ကြံ ပစ်ခတ်ခံရခြင်းသာဖြစ်ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးရဲထွန်းက ပြောကြားသည်။

သေဆုံးသူမှာ အနေအထိုင် အေးဆေးပြီး ရန်ဖြစ်ဖူးခြင်းများလည်း မရှိကြောင်း၊ မိမိတို့ မိသားစုမှာလည်း ရန်ငြှိုးရန်စမရှိကြောင်း ၎င်းကဆိုသည်။ 

ယင်းအပြင် အခင်းဖြစ်ပွားပြီး နောက်တစ်ရက် မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းကလည်း လုပ်ကြံပစ်ခတ်မှု မဟုတ်ဘဲ ကျည်ဆန် ထပ်ဆင့်ထိမှန် သေဆုံးခြင်း ဖြစ်သည်ဟု ဆိုလိုက်သည်။ 

ကျည်ဆန်မှာ တစ်နေရာရာမှ Twist ဖြစ်ကာ (ရစ်ပတ်ကာ) မတော်တဆ လာမှန်ခြင်းဖြစ်ကြောင်း၊ လုပ်ကြံပစ်ခတ်သည့် သဘောမတွေ့ရကြောင်း၊ ယင်းနေရာတစ်ဝိုက်တွင် ပစ်ခတ်သံ မကြားရသည့်အတွက် တစ်နေရာမှ Twist ဖြစ်ကာ လာထိသည့်သဘောဟု ယူဆကြောင်း ၎င်းကဆိုသည်။ 

“သေနတ်ပစ်မှု ဖြစ်တယ်လို့လည်း ဘယ်လိုမှ ပြောလို့ရတဲ့ အနေအထား မရှိသေးပါဘူး။ ပုဒ်မကတော့ ၃၀၂ ဆိုတာကတော့ လူတစ်ယောက် ဖြစ်သွားတဲ့အတွက် လောလောဆယ် ဖွင့်တာပေါ့။ ဥပဒေရဲ့ အကြံပြုချက်အရ ပုဒ်မပြန်ပြောင်းလဲတာတို့ကတော့ ရှိမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်မှာပါ”ဟု ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောသည်။
 
အခင်းဖြစ်ပွားသည့် ကျန်စစ်သားလမ်းတွင် စစ်တပ်မရှိဘဲ တမာတန်းဘက် (ပလစ-၂ ကို ရည်ညွှန်းသည်) တွင်တော့ စစ်တပ်ရှိကြောင်း၊ သို့သော် စစ်တပ်နှင့် အခင်း ဖြစ်ပွားရာကြားတွင် နေအိမ်၊ မော်တော်ယာဉ်၊ လူ၊ ဘုရားကျောင်းကန် များစွာရှိသည့်အတွက် ဆက်စပ်မှု ရှိနေသည်ဟု ပြော၍မရကြောင်း၊ စစ်တပ် (ပလစ-၂) မှ လေ့ကျင့်ပစ်ခတ်မှုမျိုး ပုံမှန်ရှိလျှင် ရှိမည်ဖြစ်သော်လည်း အခင်းဖြစ်သည့်နေရာနှင့် မည်သို့မျှ ဆက်စပ်၍မရကြောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်က ရှင်းပြသည်။

ယင်းသို့ဆိုလျှင် ကျန်စစ်သားလမ်းပေါ်သို့ ကျည်ဆန် ဘယ်ကလာသနည်း။

ဦးဆန်းအောင်ကမူ ယင်းကျည်ဆန်သည် ပလစဘက်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်လေသည်။ ၎င်းမှာ တပ်မတော် (လေ) အငြိမ်းစားတစ်ဦးဖြစ်ပြီး လက်နက်နှင့် ကျည်ဆန်အကြောင်း နားလည်သည်ဟု ဆိုသည်။

“ပလစ-က သေနတ်တွေ ပျက်ရင်  ပြင်တဲ့နေရာ၊ သူကပြင်ပြီး စမ်းသပ်ပစ်ခတ်တဲ့ စက်ပစ်ကွင်းရှိတယ်။ အဲဒီမှာ ပြင်ပြီးတဲ့သေနတ်တွေကို စမ်းပစ်လေ့ရှိတယ်။ အဲဒါက အဲဒီ ပလစ စတည်တဲ့ ၁၉၉၀ ပြည့်ဝန်းကျင်ကတည်းကပဲ”ဟု ၎င်းက ပြောဆိုသည်။ 

မကြာခဏ ဆိုသလို သေနတ် စမ်းသပ်ပစ်ခတ်ရာမှာ ထွက်ပေါ်လာသည့် “အုံး-အုံး”ဟူသည့်အသံများ ကြားရလေ့ရှိပြီး ပစ်လမ်းကြောင်းချော်ကာ ကျည်နှင့် လေ ပွတ်တိုက်ကာ ထွက်ပေါ်လာသည့် “ရွှီ-ရွှီ”ဟူသည့် အသံများကိုလည်း ရံဖန်ရံခါ ကြားရလေ့ရှိကြောင်း ၎င်းက ပြောပြသည်။

ယင်းအပြင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ၎င်းတို့အနီး နေအိမ်ပြတင်းကို သေနတ်ကျည် ထိမှန်ခဲ့ဖူးသည့်အတွက် ကျန်စစ်သားလမ်းသို့ ကျရောက်သည့်ကျည်မှာ ပလစ- အတွင်းမှ ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။

“စက်ပစ်ကွင်းမှာ သေနတ်ပစ်တဲ့ ခံကတုတ်ဆိုတာ ရှိတယ်။ သူက တောင်ဘက်ကနေ မြောက်ဘက်ကို ပစ်ရတာ။ အခုဟာ ကျည်က အရှေ့ဘက်ကို မတော်တဆ လွဲမှားပစ်ခတ်မိလို့ ထွက်ပေါ်လာတဲ့ ကျည်လို့ ယူဆတယ်”ဟု ၎င်းကပြောသည်။
 
ခံကတုတ်မှာ အကျယ်ပေ ငါးဆယ်၊ အမြင့် ပေသုံးဆယ်ရှိပြီး ပေနှစ်ဆယ် အကွာအဝေးမှ ပစ်ခတ်ရကြောင်း၊ ပစ်ကွင်း တည့်တည့် ပစ်ခတ်လျှင် “အုံး-အုံး” အသံမြည်ပြီး ပစ်ကွင်းလွဲမှား ပစ်ခတ်မိလျှင် “ရွှီ-ရွှီ” အသံမြည်ကြောင်း ၎င်းက ရှင်းပြသည်။ 

သို့သော် ယင်းစက်ပစ်ကွင်းအတွင်းမှ တာဝန်ရှိသူများ စမ်းသပ်ပစ်ခတ်လျှင် ကျည်ချော်နိုင်မည့် အကြောင်းမရှိဘဲ ပြင်ပမှ လာရောက် စမ်းသပ်ပစ်ခတ်မှုများလည်း ရှိသည်ဟု အဆိုပါ ရပ်ကွက်နေသူ အချို့ထံမှ သိရှိရသည်။ သေနတ်စမ်းသပ် ပစ်ခတ်လိုသူတို့ကို အခကြေးငွေယူ၍ စမ်းသပ် ပစ်ခတ်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ သို့သော်လည်း  ယင်းအချက်ကို အတည်ပြု၍ မရပေ။

စက်ပစ်ကွင်းနှင့် ပေသုံးထောင်ခန့် (တစ်မိုင်ခန့်) ဝေးသည့်နေရာတွင် ကျည်ဆန်ထိမှန် သေဆုံးခြင်းမှာ မဖြစ်နိုင်ကြောင်း သုံးသပ်သူများ ရှိသလိုဖြစ်နိုင်သည်ဟု သုံးသပ်နေသူများလည်း ရှိသည်။ ဥပမာအနေဖြင့် ၁၉၈၉ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန်တွင် မန္တလေးမြို့တွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားပြီး ဈေးချိုနာရီစင်အနီးမှ မိုးပေါ်ထောင် (လေးဆယ့်ငါး ဒီဂရီခန့်ထောင်၍)ပစ်ခတ် လိုက်သည့် သေနတ်ကျည်ဆံမှာ ကမ်းနားလမ်းအနီးရှိ နေအိမ်ရှေ့ ထွက်ထိုင်နေသူ တစ်ဦး၏ နဖူးကို ထိမှန်သေဆုံးခဲ့ဖူးသည့် သာဓကရှိကြောင်း ယင်းခေတ်ကာလကို ဖြတ်ကျော်ခဲ့သူ အချို့ထံမှ သိရှိရသည်။ 

လက်ရှိ တစ်လခန့် ကြာမြင့်လာသည့်အချိန်အထိ သေနတ်ကျည်ဆံ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မဖော်ထုတ်နိုင်သေးပါ။ ဦးဆန်းအောင်တို့နည်းတူ မန္တလေးဒေသခံတို့မှာလည်း မည်သည့်အချိန်တွင် မည်သည့်နေရာမှာ သေနတ်ကျည်ဆန် ထပ်မံ ထွက်ပေါ်လာဦးမည်ကို ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။ 

“ကျန်စစ်သားလမ်းဖြစ်စဉ်အပြီး မတ်လ ၂၉ နဲ့ ၃၀ မှာလည်း ပလစထဲက ထပ်မံ စမ်းသပ်ပစ်ခတ်မှုတွေ ရှိသေးတယ်။ ကျည်လမ်းကြောင်းချော်တဲ့ တရွှီရွှီအသံတွေလည်း ကြားရတာပဲ။ အဲဒါကြားတိုင်း ရင်ထိတ်နေရတယ်။ ဖြစ်နိုင်ရင်တော့ ဒီစက်ပစ်ကွင်းကြီးကို နေရာရွှေ့စေချင်ပါတယ်။ သူတည်ခါစက မြို့ပြင်ဆိုပေမယ့် အခုချိန်မှာတော့ လူနေရပ်ကွက်တွေကြားထဲမှာ ဖြစ်နေတဲ့အတွက် ရွှေ့မယ်ဆိုရင် အကောင်းဆုံးပါ။ မဟုတ်ရင် အချိန်မရွေး ကျည်ထိမှန် သေဆုံးတာမျိုးတွေ ဖြစ်နေမှာ စိုးရိမ်ရပါတယ်”ဟု ဦးဆန်းအောင်က ဆိုလိုက်လေသည်။

မြတ်(ကလေး)


  • VIA