News

POST TYPE

ARTICLE

သြင်္ကန်တွင် ပျော်ခွင့်မရသူများ
22-Apr-2017

မြန်မာလူမျိုး ကြီးကြီးငယ်ငယ်၊ ကျား၊ မ မရွေး အပျော်ရွှင်ရဆုံး၊ မြူးထူး အပျော်ပါးရဆုံး ပွဲတော်မှာ သြင်္ကန်ပင်ဖြစ်သည်။

သြင်္ကန်ဟု ဆိုလိုက်သည်နှင့် မည်သည့် မဏ္ဍပ်တွင် ရေကစားရမည်နည်း၊ မည်သည့်နေရာသို့ ရေပက်ခံထွက်ရမည်နည်း၊ မည်သည့်ဒေသသို့ အလည်အပတ် ခရီးထွက်ရမည်နည်း စသဖြင့် ပျော်စရာကို တွေးကြံဆတတ်သူများ ဒုနှင့်ဒေး။ 

မပျော်လိုလျှင်သော်မှ ဥပုသ်သီတင်း  ဆောက်တည်လိုသူ၊ တရားဘာဝနာ ရှုမှတ်ပွားများလိုသူတို့က သြင်္ကန်တွင်း  ကာလကို မျှော်ကြသည်သာ။

သို့သော် အများနှင့်မတူ ခြားနား နေရသူအချို့ရှိနေသည်။

သြင်္ကန်အတွင် ပျော်ရွှင်စရာကိုလည်း မကြံနိုင်၊ တရားဘာဝနာအရေးလည်း တွေးခွင့်မရသူများ ဖြစ်သည်။

ယင်းတို့အထဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် တင်အောင်ကျော်လည်း အပါအဝင် ဖြစ်သည်။

“၂၄ နာရီ တာဝန်ထမ်းရတယ်”ဟု ၎င်းက ဆိုသည်။

အခြားသော အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ရုံးပိတ်ရက် ကိုယ်စီဖြင့် မိမိ ဇာတိ ရပ်ရွာပြန်ကြသူများ၊ အားလပ်ခွင့်ဖြင့် ခရီးထွက်သူများ ရှိနေချိန်တွင် ၎င်းတို့အနေနှင့် တာဝန်ကျသည့် သက်ဆိုင်ရာ နေရာများတွင် လုံခြုံရေး ရယူထားရသည်။

သြင်္ကန်ကာလတွင် သာမန်အချိန်များထက်ပင် အမှုအခင်းများ ပို၍ပေါများတတ်သည်ဖြစ်ရာ အများပြည်သူတို့၏ လုံခြုံရေးအတွက် ဖွဲ့စည်းထားရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနှင့် ပို၍အလုပ်များချိန်လည်း ဖြစ်သည်။

အထူးသဖြင့် အများတကာတို့ ပျော်ရွှင်ရေကစားရာ သြင်္ကန်မဏ္ဍပ်များတွင် စောင့်ကြပ်ရခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ် ရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်များနည်းတူ တိုင်းဒေသကြီးနှင့် ပြည်နယ် အနှံ့အပြားရှိ အခြားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့ အနေနှင့်လည်း အဆိုပါ ဒုရဲအုပ်နှင့် များစွာ မကွာခြားလှပေ။ 

သြင်္ကန်ကာလ အများပြည်သူ လုံခြုံရေးအတွက် အဝေးပြေးလမ်းမများရှိ စစ်ဆေးရေးဂိတ်များ၊ တံတားများတွင် စောင့်ကြပ်ခြင်း၊ တရားမဝင် ကိုင်ဆောင်သည့် တုတ်၊ ဓား စသော လက်နက်များ ရှာဖွေသိမ်းဆည်းခြင်းတို့နှင့် အလုပ်ရှုပ်ကြရသည်။

အမှန်မှာ သြင်္ကန်မကျခင်ကပင် ရဲတပ်ဖွဲ့ဝင်တို့က စတင် အလုပ်ရှုပ်ကြခြင်း ဖြစ်သည်။ မှုခင်းကျဆင်းရေး အပါအဝင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး၊ လိင်စိတ်ကြွဆေး ရောင်းချမှုများကို ရှာဖွေဖမ်းဆီးရေး စသည်တို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်အလိုက်၊ ရဲစခန်းအလိုက် လှုပ်ရှားမှုများကို တွေ့ရမည်ဖြစ်သည်။

သြင်္ကန်ကာလတွင်မူ လူစုလူဝေး ကြီးမားစွာ ဖြစ်ပေါ်တတ်သည်ဖြစ်ရာ အကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ အပါအဝင် ပေါက်ကွဲမှုစသည့် အန္တရာယ်များကလည်း အများပြည်သူကို ခြိမ်းခြောက်နေသည်။

လွန်ခဲ့သည့် ခုနစ်နှစ်က ရန်ကုန်မြို့တော်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးသုံးလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုက သင်ခန်းစာ ဖြစ်သည်။

ထိုစဉ်က ပွဲချင်းပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရခဲ့သူများစွာ ရှိခဲ့သည်။ မှတ်တမ်းများအရ သေဆုံးသူ ၁၀ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၀ဝ ကျော်ခဲ့သည်။

သို့သော် ယခုနှစ် သြင်္ကန်အတွက်မူ အများပြည်သူတို့ အနေနှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်စရာ မလိုကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြိုတင် ပြောဆိုခဲ့သည်။ ပြောဆိုခဲ့သည့်အတိုင်း တင်းကျပ်သည့် စည်းမျဉ်း၊ စည်းကမ်းများဖြင့် ရေကစား မဏ္ဍပ်များကို ခွင့်ပြုကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လုံခြုံရေး ယူစေခဲ့သည်။

“လုံခြုံရေးဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အလုပ်၊ သြင်္ကန်တွင်းမှာ ပိုလို့တောင် အရေးကြီးတယ်”ဟု ဒုရဲအုပ် တင်အောင်ကျော်က ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များနည်းတူ သြင်္ကန်တွင် နားခွင့်မရသည့် အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများလည်း ရှိသေးသည်။ 

အသက် ၄၀ အရွယ် စည်ပင်ဝန်ထမ်း အမျိုးသား နှစ်ဦးကလည်း သူ့အနေနှင့် သြင်္ကန်ငါးရက်လုံး ပိတ်ရက်မရရှိခဲ့ဟု ဆိုသည်။ ယင်းအတွက် အချိန်ပိုကြေး၊  ဆုကြေးများလည်း မရ။

ဌာနပေါင်း ၂၀ ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဌာနခွဲတစ်ခုဖြစ်သည့် စက်မှုနှင့် မော်တော်ယာဉ်ဌာန ဝန်ထမ်းဖြစ်သူ ၎င်းတို့အနေနှင့်  သြင်္ကန်တွင်းကာလ ယာဉ်များ လိုက်လံ စောင့်ကြပ်ရခြင်း၊ အခြားစည်ပင်ဝန်ထမ်းများ ရုံးဆင်း၊ ရုံးတက် အကြို အပို့လုပ်ရခြင်းများဖြင့် အနားမရခဲ့။
 
သို့သော် ယင်းရက်များတွင် အခြားနေ့များကဲ့သို့မဟုတ်ဘဲ နံနက်၊ နေ့လယ်၊  ညစာတို့ကို တာဝန်ရှိသူများက ကျွေးမွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“သြင်္ကန်မှာ မနားရလို့ အစားထိုး ပိတ်ရက်လည်း မရပါဘူး”ဟု ၎င်းတို့အနက်မှ တစ်ဦးက ဆိုသည်။

ပျော်ပွဲရွှင်ပွဲများ ပြီးဆုံးသွားချိန်တွင် ယင်းနေရာတွင် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ ပြန့်ကျဲစွာ ကျန်ရစ်ခဲ့သည်မှာ အခြားပွဲလမ်း သဘင်များနည်းတူ သြင်္ကန်ကာလ ဖျော်ဖြေရေး မဏ္ဍပ်များလည်း ပါဝင်သည်။ 

သြင်္ကန်ကာလ မြို့တော်အတွင်း အမှိုက်သရိုက်များနှင့် ပေပွညစ်ထေးနေမှုကို ပစ်ထား၍မရ။

ဖျော်ဖြေရေး အစီအစဉ်များ ညပိုင်းတွင် ပြီးဆုံးသည်နှင့် သန့်ရှင်းရေး ဝန်ထမ်းများက အချိန်မီ သိမ်းဆည်းကြရသည်။ 

ယင်းအတွက် မြို့တော်စည်ပင် သာယာရေး ကော်မတီလက်အောက်ရှိ ခရိုင်နှင့် မြို့နယ် ကော်မတီများမှ သန့်ရှင်းရေး ဝန်ထမ်းများက တာဝန်ယူရသည်။

ရုံးချုပ်မှ အရာရှိများပင် အနားမရခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမျိုးသမီး အရာရှိတစ်ဦးက ပြောဆိုသည်။

ရဲတပ်ဖွဲ့နှင့်အပြိုင် ၂၄ နာရီ အချိန်ပြည့် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်အတွက် အဆင်သင့် ရှိနေရသည့် နောက်ထပ် အဖွဲ့အစည်းတစ်ခုမှာ မီးသတ်တပ်ဖွဲ့ ဖြစ်သည်။ 

အမြဲတမ်း မီးသတ်တပ်ဖွဲ့ဝင် (သန္ဓေ တပ်ဖွဲ့ဝင်) များကို သက်ဆိုင်ရာ မီးသတ်စခန်းရုံးများတွင် အဆင်သင့် ထားရှိခဲ့ပြီး အားလုံးကို သြင်္ကန်ပိတ်ရက် မပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောဆိုသည်။

ယင်းအပြင် သြင်္ကန်ကာလအတွင်း ရေနစ်သေဆုံးမှုများ ရှိတတ်ခြင်းကြောင့် လူအများ ရေကစားရာ ကန်တော်ကြီး၊ အင်းလျားကန်နှင့် သာဓုကန်တို့တွင် အမြန်ရေယာဉ်များ ထားရှိကာ ကူညီကယ်ဆယ်ရေးအတွက် အသင့်အနေအထားတွင် ရှိနေရကြောင်း ၎င်းကဆိုသည်။

လူ့သဘာဝအရ ပျော်ချင်ပါးချင်သည့် စိတ်ကလေးများ မီးသတ်ဝန်ထမ်းများတွင်လည်း ရှိကြရာ ယင်းတို့အတွက်လည်း စီမံဖြည့်ဆည်းပေးရန် ဌာနအကြီးအကဲတို့အနေနှင့် တာဝန်ရှိပါသည်။

“သူတို့အတွက် ဘယ်ကိုမှ လည်ပတ်ခွင့် မပေးပေမယ့် စခန်းတွေရှေ့မှာ ရေကစားနိုင်အောင် စီစဉ်ပေးရတယ်။ စခန်းရှေ့မှာပဲ ပက်ကြပေါ့။ အဲဒီမှာ စတုဒီသာတွေလည်း ကျွေးကြတယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆိုသည်။

သြင်္ကန်တွင် လုံခြုံရေးများ မည်သို့ပင်ချထား၊ ဆောင်ရွက်ထားသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများက နိုင်ငံ အနှံ့အပြားတွင် ရှိနေခဲ့သည်သာ။

၂၀၁၇ ခုနှစ်၊ သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၂၈၅ ဦး သေဆုံးခဲ့ပြီး ၁၀ဝ၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အများစုမှာ ယာဉ်တိုက်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ ရေနစ် သေဆုံးမှုတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကာ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးတို့က ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

ပျော်ချင်သူတို့ ပျော်ရွှင်ကြခြင်းဖြစ်သော်လည်း ၎င်းတို့ အနေနှင့် အပျော်လွန်သွားကြသူများဖြစ်သည်။

မတော်တဆဖြစ်ဖြစ် ခိုက်ရန်ဖြစ်ပွားခြင်းပင်ဖြစ်ဖြစ် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက ဆေးရုံနှင့် ဆေးပေးခန်းများသည်လည်း အနား မနေရတော့ပေ။

သြင်္ကန်ကာလ အနားမရကြသူများတွင် ဆရာဝန်နှင့် သူနာပြုဝန်ထမ်းများလည်း ပါဝင်သည်။ 

အစိုးရ ဆေးရုံများအပြင် ပုဂ္ဂလိက ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး ဝန်ထမ်းများအနေနှင့် သြင်္ကန်ပိတ်ရက်များကို အပြည့်အဝ မခံစားရပါ။ သက်ဆိုင်ရာ ဆေးရုံအုပ်တို့၏ စီမံခန့်ခွဲမှုအလိုက် သြင်္ကန်ကာလအတွင်း တာဝန်ထမ်းဆောင်ကြရသည်။ 

“ကျွန်တော်တို့ ဆေးရုံမှာ လက်ထောက်ဆရာဝန် ၁၀ ယောက်ရှိတယ်။ သြင်္ကန်ငါးရက်မှာ တစ်ရက် နှစ်ယောက်စီ ဆင်းရတယ်”

ယင်းစကားကိုဆိုသူက စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြည်သူ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့်  လက်ထောက်ဆရာဝန်တစ်ဦးဖြစ်သည်။

တာဝန်ကျဆရာဝန်တို့အနေနှင့် နံနက် ၈ နာရီမှ နောက်ရက် နံနက် ၈ နာရီအထိ ၂၄ နာရီ အချိန်ပြည့် တာဝန်ယူရခြင်းဖြစ်သည်။ 

ယင်းအပြင် မိမိတာဝန်ချိန် မဟုတ်သော်လည်း အရေးပေါ်လူနာ ရောက်ရှိလာပါက အလျဉ်းသင့်သလို သွားရောက် တာဝန်ထမ်းဆောင်ပေးရကြောင်း ၎င်းက ဆိုသည်။

ဆေးရုံအုပ်ကြီးကိုယ်တိုင် သြင်္ကန်တွင်း ကာလတွင် ရုံးခန်းတွင် ရှိနေပေးရသည်။ 

ဆရာဝန်များနည်းတူ သူနာပြု ဆရာမများ အနေနှင့်လည်း သြင်္ကန်ပိတ်ရက်များကို မခံစားကြရသလို ဇာတိရပ်ရွာသို့လည်း မပြန်နိုင်အားကြပါ။

သူနာပြုများက ပို၍ပင် ပင်ပန်းကြရသည်ဟု အထက်ပါ လက်ထောက်ဆရာဝန်က ဆိုသည်။

၎င်းတို့နည်းတူ သြင်္ကန်ကာလတွင် အနားမရသူများ၊ တစ်စိတ်တစ်ပိုင်းသာ ရရှိသူများ နောက်ထပ် ကျန်ပါဦးမည်။ မီးရထားဌာန၊ သတင်းဌာနများ စသဖြင့်။ အထူးသဖြင့် အများပြည်သူကို ဝန်ဆောင်မှု ပြုရသည့်လုပ်ငန်းခွင်တွင် ရှိနေကြသူများဖြစ်သည်။

သြင်္ကန်ဟု ဆိုလိုက်သည်နှင့် မည်သည့်မဏ္ဍပ်တွင် ရေကစား၍ မည်သည့်နေရာတွင် အပျော် ကျူးရမည်နည်း၊ သို့မဟုတ် မည်သည့်ဒေသသို့ အလည်အပတ်ခရီး ထွက်ရမည်နည်း စသဖြင့် ပျော်စရာကို တွေးကြံဆတတ်သူများနှင့် မပျော်လိုလျှင်သော်မှ ဥပုသ်သီတင်း ဆောက်တည်လိုသူ၊ တရားဘာဝနာ ရှုမှတ်ပွားများလိုသူတို့ များစွာ ရှိနေချိန်တွင် အခြားတစ်ဖက်တွင် အလုပ်တာဝန်အောက်တွင် ရှိနေကြရသူများ ရှိနေသည်။

အများပြည်သူကို လုံခြုံရေး ပေးဆောင်ရခြင်းသည် မိမိတာဝန်ဖြစ်ရာ အများသူငါတို့ ပျော်ရွှင်ချိန်တွင် ကိုယ်မပါဘဲ ရှိနေရခြင်းအပေါ် သိပ်ပြီးထူးခြားစွာ မခံစားရဟု ဒုရဲအုပ် တင်အောင်ကျော်က ဆိုသည်။

ပြည်သူတို့အနေနှင့် ဘေးအန္တရာယ် မရှိဘဲ လုံခြုံစွာ ပျော်ရွှင်နေစေရေးသာ အဓိက။

“ကျွန်တော်တို့မှ မထိန်းရင် ဒီလူတွေရဲ့လုံခြုံရေးကို ဘယ်သူက ထိန်းမလဲ”ဟု ၎င်းက ဆိုသည်။

အောင်မျိုးထက်


  • VIA