News

POST TYPE

ARTICLE

စက္ကူရုပ်တို့ မွေးဖွားရာ
26-Mar-2017


အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ်၊ ပလုတ်တုတ် ဟူသည့် မြန်မာမှု ကလေးကစားစရာများသည် ကလေးတို့ ငယ်စဉ်ကြီးပြင်းရာ ပတ်ဝန်းကျင်တွင် မစိမ်းခဲ့။ မြေကြီးရွှံ့စေးဖြင့် ပြုလုပ်သော အိုးပုတ်၊ ချိုးရုပ်များ၊ စက္ကူဖြင့်ပြုလုပ်သော ဖိုးဝရုပ်၊ နွားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်လေးများက ကလေးတို့၏ ငယ်ဘဝကို အရောင် စုံလင်စေခဲ့သည်။ မြန်မာ့ရိုးရာ စက္ကူအရုပ် ပြုလုပ်သည့် လုပ်ငန်းကို တစ်နိုင်ငံလုံးတွင် တစ်ရွာတည်းက ပြုလုပ် ရောင်းချနေပါသည်ဟုဆိုလျှင် အံ့ဩသွားကြပေလိမ့်မည်။ ထိုရွာကား စစ်ကိုင်းမြို့ရှိ ကန္နားတော်ရွာ။

စစ်ကိုင်းငါးထပ်ကြီး ဘုရားဘေးရှိ ကွန်ကရစ်လမ်းလေးအတိုင်း ဆင်းသွားလျှင် ကန္နားတော်ရွာကို ဦးတိုက်တွေ့နိုင်သည်။ ရွာထဲ ဝင်လိုက်သည်နှင့် လမ်းပေါ်၊ ဇရပ်ထဲ၊ ကွင်းပြင်ထဲတွင် နေလှန်းအခြောက် ခံထားသည့် စက္ကူရုပ်လေးများက ထိုးထိုးထောင်ထောင်နှင့် ကြိုဆိုနေသည်။ ယခင်က ကန္နားတော်တွင် တစ်ရွာလုံးနီးပါး  စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်ကြသော်လည်း ယခုအခါတွင်တော့ မိသားစု အနည်းငယ်သာ ကျန်ရှိတော့သည်။

ထိုမိသားစုများထဲမှ စက္ကူရုပ်လုပ်ငန်းကို အကြီးဆုံး လုပ်ကိုင်နေကြသူမှာ ဇော်ထက် စက္ကူရုပ်လုပ်ငန်း ဖြစ်သည်။ မိဘဘိုးဘွားများဖြစ်သော ဦးဘညိမ်း၊ ဒေါ်လှသင်တို့လက်ထက် လွန်ခဲ့သည့်နှစ် ၁၀ဝ ကျော်ကတည်းက အစဉ်အဆက် လုပ်ကိုင်ခဲ့သော စက္ကူရုပ်လုပ်ငန်းသည် မိရိုးဖလာ မြန်မာ့လက်မှု လုပ်ငန်းဟုဆိုလျှင်လည်း မမှားချေ။ တစ်အိမ်မှသည် နောက်တစ်အိမ် ဝိုင်းဝန်းကူညီ လုပ်ကိုင်ကြရင်း ကန္နားတော်တစ်ရွာလုံး စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်တတ်ခဲ့ကြသည်။

ဖြူနီဝါပြာရောင်စုံ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်၊ နွားရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်စသော မြန်မာ့ရိုးရာ စက္ကူရုပ်ကလေးများသည် မျက်စိပသာဒ ဖြစ်သည်။ ပေါ့ပါးပြီး ပြုတ်ကျလျှင် မကွဲတတ်သောကြောင့် ကလေးများအတွက် မိဘများက ကစားစရာအဖြစ် ရွေးချယ်ပေးခဲ့ကြသလို အချို့ကလည်း  ဇီးကွက် မောင်နှံများကို လာဘ်ခေါ် အဆောင်အဖြစ် ဝယ်ယူကြခြင်းများလည်း ရှိသည်။ 

ရိုးရာစက္ကူရုပ်လုပ်ငန်း၏ အဓိက ကုန်ကြမ်းမှာ သတင်းစာ စက္ကူ၊ ဘိလပ်မြေ စက္ကူဟုခေါ်သော ညိုညိုကြမ်းကြမ်း စက္ကူသားများနှင့် ဆန်မှုန့်ကို ရေဖြင့် ခပ်ပျစ်ပျစ် ကျိုထားသည့် ကော်တို့ဖြစ်သည်။ စက္ကူရုပ် တစ်ရုပ် ဖြစ်လာစေရန် အဆင့်ဆင့် လုပ်ဆောင်ရပုံကလည်း မလွယ်လှပေ။ 

မိုဟုခေါ်သော ပုံစံထည်ကို လက်ပံသားကဲ့သို့ ပေါ့ပါးသော သစ်သားတို့ဖြင့် ပုံဖော်ထားရသည်။ မိမိပြုလုပ်မည့် အရုပ်အတိုင်း ဆင်ရုပ်ဆိုလျှင် ဆင်ရုပ်အလျောက်၊ ဖိုးဝရုပ်ဆိုလျှင် ဖိုးဝရုပ်အလျောက် မိုပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ရှိသေးသည်။ မိုများသည်လည်း စက္ကူရုပ် တစ်သုတ်စာ အခြောက်ခံရန် မိုပုံစံတူ အခု ၅၀၊ ၁၀ဝ စသဖြင့် ပြင်ဆင်ထားရသည်။

ရွာထဲရှိ အိမ်တွင်းမှု လက်မှုလုပ်ငန်းဖြစ်သဖြင့် စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်သူများမှာ တစ်ရွာလုံး အမျိုးတွေ၊ အသိတွေလို ဖြစ်နေတတ်သည်။ စက္ကူရုပ်လုပ်ငန်း စတော့မည်ဆိုလျှင် နေ့စား၊ လက်ခစား အမျိုးသမီး မိန်းကလေးတွေ လုပ်ငန်းရှိရာ အိမ်ကို စုဝေးရောက်ကြပြီ။ သတင်းစာ စက္ကူတွေ၊ ဘိလပ်မြေစက္ကူတွေ ဖြဲသင့်တာဖြဲ၊ ညှပ်သင့်တာညှပ်၊ ကော်ကျိုစရာ ရှိတာကျို အဆင့်ဆင့် လုပ်ကြပြီ။ 

လုပ်ငန်းစပြီဆိုသည်နှင့်ထိုင်ရာ မထလုပ်ပေရော့။ ကွပ်ပျစ်ပေါ် စက္ကူက တစ်ဖက်၊ လူက စားပွဲတစ်ဖက်နှင့် ကော်အိုးကို စားပွဲပေါ် တင်ရသည်။ သစ်သားမိုတွေပေါ်ကို သတင်းစာ စက္ကူတွေ တစ်ထပ်ပြီးတစ်ထပ် ရေနှင့်နယ်လိုက်၊ ကော်နှင့်ကပ်လိုက် စုစုပေါင်း သုံးထပ်ခန့် ကပ်ရသည်။ သို့မှသာ အရုပ်ကိုယ်ထည်သားထူပြီး တာရှည်ခံလိမ့်မည်။ သတင်းစာစက္ကူ သုံးထပ်စာကပ်ပြီးသည့် မိုများကို နေပူထဲ နှစ်နာရီခန့်နေလှန်း အခြောက်ခံရသည်။

ပြီးလျှင်တော့ နေ့လယ် ထမင်းစား ခဏနား၊ လုပ်ငန်းပြန်စလျှင် ထိုသစ်သားမိုများပေါ်မှ စက္ကူရုပ်လေးများကို ထက်ခြမ်းခွဲပြီး နှစ်ပိုင်းဖြစ်အောင် ပြန်လုပ်ရသည်။ နှစ်ပိုင်းခွဲပြီး မိုကိုပြန်ထုတ်ပြီးလျှင်တော့ ထိုကိုယ်ထည် နှစ်ခြမ်းကွဲကို တစ်ဖန် ဘိလပ်မြေစက္ကူညိုများ၊ ကော်များနှင့် တစ်ထပ်ကပ်ပြီး ပြန်တွဲစပ်ရသည်။ တွဲလိုက်၊ ခွဲလိုက်၊ ပြန်တွဲလိုက်ပြီးလျှင်တော့ နောက်ထပ် နှစ်နာရီခန့် နေလှမ်းပြီးလျှင် ညနေစောင်းဆို စက္ကူရုပ်ကိုယ်ထည် ပုံကြမ်းပီပီပြင်ပြင် ဖြစ်လာလေပြီ။

ကိုယ်ထည်ပြီးလျှင် ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရသည်။ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်များ ဆိုလျှင်တော့ ခေါင်းကို အရှင်ဖြစ်စေရန် ခေါင်းပိုင်းလည်စပ်တွင် ရွှံ့စေးခဲ တစ်ပါတည်း ထည့်တွဲပေးရသည်။ သို့မှသာ အရုပ်လေးများက သက်ရှိနေသယောင် ခေါင်းတဆတ်ဆတ်၊ လည်တခါခါ ဖြစ်နေပေလိမ့်မည်။ ပစ်တိုင်းထောင်ရုပ်များ၏ အောက်ခြေတွင်လည်း အလေးချိန်ပါစေရန် ရွှံ့စေးမံပေးရသည်။ ယမင်းရုပ်၊ ဖိုးဝရုပ်များဆိုလျှင်လည်း ဆံပင်မွေးအနေဖြင့် အပ်ချည်ကြိုး အမည်းစများ တွဲပေးရသည်များလည်း ရှိသည်။

အခြေခံအဆင့်တွေပြီးပြီဆိုလျှင်တော့ ဆေးသုတ်၊ ရွှေပြားကပ် အချောသတ်သည့်အဆင့် ရောက်လေပြီ။ တောင့်တောင့်တင်းတင်း ကိုယ်ထည်နှင့် စက္ကူရုပ်လေးများကို အဆင်အသွေး လှပဆန်းသစ်စေရန် ဆေးခြယ်ရသည့်အဆင့်က နောက်ဆုံးအဆင့် ဖြစ်သည်။ စက္ကူရုပ် လုပ်ငန်းအတွက် ခြယ်သသောဆေးမှာ  တရုတ်နိုင်ငံထုတ် အိမ်သုတ်ဆေးများ ဖြစ်ပြီး ရွှေရောင်စက္ကူများမှာလည်း တရုတ်ရွှေစက္ကူဟု ဈေးကွက်ထဲတွင် ခေါ်ဝေါ်ကြသည်။

ပစ်တိုင်းထောင်၊ ဇီးကွက်ရုပ် စသော စက္ကူရုပ်များအပြင် လက်ပံသားဖြင့်ထုသော လက်မအရွယ် ဇီးကွက် အသေးလေးများကိုလည်း ထိုရွှေစက္ကူများဖြင့် ကော်သုတ် အလှဆင်ပြီး ဆေးခြယ်ကြသည်။ ဖိုးဝရုပ်နှင့် ယမင်းရုပ်ဆိုလျှင် အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ဆင်ရုပ်မြင်းရုပ်ဆိုလျှင် အဖြူရောင် အနီရောင်၊ ကျားရုပ်ဆိုလျှင် အဝါနှင့် အနက်စင်း စသဖြင့် သူ့အရောင်နှင့်သူ လိုက်ဖက်အောင် ခြယ်မှုန်းရသည်။ 

စက္ကူရုပ်လုပ်ငန်းသည် နေအပူရှိန်ကိုမှီးပြီး အခြောက်လှမ်း လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သောကြောင့် မိုးရွာသည့်အချိန်နှင့် မိုးတွင်းများဆို အလုပ်မတွင်ခဲ့။ မိုးတွင်းချိန်ဆိုလျှင် လုပ်ငန်းသိမ်းပြီး ဘုရားပွဲရာသီ၊ အလှူပွဲလမ်း သဘင်ပေါများသော သီတင်းကျွတ်ရာသီနှင့် တပေါင်း တန်ခူး ကာလများတွင်ဆိုလျှင် ပိုပြီးရောင်းအား ကောင်းတတ်သည်။ 

“အရောင်းရဆုံးကတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ တပို့တွဲတပေါင်းလောက်ပဲ။ အဲဒီအချိန်ဆို အိမ်ထဲ လုပ်ထားသမျှ အရုပ်အကုန် ကုန်တော့တာ။ ပုံမှန်ဆိုရင်တော့ မန္တလေးဘုရားကြီး၊ စစ်ကိုင်း ကောင်းမှုတော်တို့ ပုံမှန် ဖောက်သည်ပေးရတယ်”ဟု စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ခင်မာရီကဆိုသည်။ 

စစ်ကိုင်းက စက္ကူရုပ်လေးများသည် နိုင်ငံအနှံ့ ခြေဆန့်နေဆဲ။ နိုင်ငံခြားမှလာသော ခေတ်မီကစားစရာများကို မယှဉ်နိုင်သောအခါ စက္ကူရုပ်လေးများ ဈေးကွက် ကျဉ်းမြောင်းလာပြီး လုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာခဲ့ရသည်။

“အခုနောက်ပိုင်းတော့ ရွှေဇီးကွက် မောင်နှံရုပ်ကြီးတွေ အော်ဒါမှာကြတယ်။ ၁၂ လက်မကနေ ၁၈ လက်မ၊ ၂၄ လက်မ အမြင့်လောက်ထိ အရွယ် အမျိုးမျိုးပဲ။ အဲဒါကြီးတွေကတော့ ဈေးအရဆုံးပေါ့။ ဇီးကွက်နှစ်ကောင် လာဘ်ကိုဆောင်ဆိုတဲ့ ဆိုရိုးရှိတော့ တချို့ကအိမ်တွေ ဆိုင်တွေမှာ တခမ်းတနား ချိတ်ကြတယ်။ လာဘ်ခေါ်တဲ့ သဘောပေါ့။ အဲ့ဒါကလွဲရင် ကျန်တာတော့ ပုံမှန် လုပ်နေကျ နိစ္စဓူဝ လုပ်ငန်းအတိုင်းပါပဲ။ တစ်ရက်လုပ် တစ်ရက်စားရတာ”ဟု ဒေါ်ခင်မာရီက ထပ်လောင်း ပြောကြားသည်။

၁၉၉၆ မြန်မာ့ခရီးသွားနှစ်အတွက် လာဘ်ကောင်အဖြစ် ဖိုးဝရုပ် အသုံးပြုခဲ့သလို ၂၀၁၃ ဆီးဂိမ်းအိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပစဉ်တွင်လည်း ဇီးကွက်ကို လာဘ်ကောင်အဖြစ် အသုံးပြုခဲ့သည်။  ထိုအရုပ်လေးများ၏ အခြေခံစက္ကူရုပ် လုပ်ငန်းလုပ်ကိုင်ရာ ကန္နားတော်ရွာလေးမှာတော့ ရိုးရာစက္ကူရုပ် လုပ်ငန်းတို့ အသက် ငင်နေဆဲ။ ကန္နားတော်ရွာလေးတွင် ကျေးလက်အခြေခံ ခရီးသွားလုပ်ငန်း ပွင့်လန်းလာပြီး ရွာသူရွာသားများအတွက် လာဘ်ခေါ်နိုင်မည့် တစ်နေ့ရောက်လာ စေချင်ပါသေးသည်။

ယဉ်ယဉ်နှောင်း

  • VIA