News

POST TYPE

ARTICLE

ငြိမ်းချမ်းရေး စကားဝိုင်းရောက် လူငယ်တစ်ယောက်
07-Jan-2017

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသအသီးသီးမှ လူငယ်များ တွေ့ဆုံခဲ့ကြသော ငြိမ်းချမ်းရေး စကားဝိုင်းသို့ ကိုတင့်ဇော်ဟိန်းလည်း တက်ရောက်ခဲ့သည်။ ဒေသဖွံ့ဖြိုးရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်နေသည့် လူငယ်တစ်ဦးအနေနှင့် ယခုစကားဝိုင်းတွင် ပါဝင်ရခြင်းသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတိပင် ဖြစ်၍နေသည်။ 

မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက် အကြံပေးအဖြစ်သာမက လူငယ်ရေးရာမူဝါဒ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်အဖြစ်ပါ ထိုပွဲသို့ သူတက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 

ပခုက္ကူသား အသက် ၂၉ နှစ်အရွယ် ကိုတင့်ဇော်ဟိန်းတွင် ၎င်းအပါအဝင် မောင်နှမ ငါးဦးရှိပြီး ငယ်စဉ်ကပင် ဖခင်ဖြစ်သူ ကွယ်လွန်သွားသောကြောင့် မိခင်ကိုကူညီရင်း ကျောင်းတက်ခဲ့ရသည်။ အလယ်တန်း ကျောင်းသားဘဝတွင် သူငယ်ချင်းများ ကျူရှင်တက်နေချိန်၌ သူက သုံးမိုင်ခန့် ခရီးကို စက်ဘီးစီးကာ ပုလင်းခွံအိတ်များ သယ်ရင်းပိုးရင်း အိမ်စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ရသူလည်း ဖြစ်သည်။
 
ဘွဲ့ရပြီးနောက်ပိုင်း အလုပ် တစ်ဖက်နှင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်များကို လေ့လာခဲ့ပြန်သည်။ ထို့နောက် ရန်ကုန်သို့ သူ ဆင်းလာခဲ့သည်။
 
“ရန်ကုန်က ဘုန်းကြီးကျောင်းမှာ ကျောင်းသားလုပ်ရင်း ပညာဒါန သင်တန်းတွေကို ၂ နှစ်လောက် လိုက်တက်တယ်။ စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်တယ်။ ဘုန်းကြီးကျောင်းမှာ ဝါတွင်းဆိုရင် မနက် ဆွမ်းခံလိုက်ရတယ်။ ဆွမ်းချက်၊ ပန်းကန်ဆေး အကုန် လုပ်တယ်။ မနက်စာ ဘုန်းကြီးကျောင်းက စားသွားတယ်။ နေ့လယ်ဖြစ်သလို စားတယ်။ ညစာ ဟင်းပေါင်းနဲ့ စားတယ်။ အိမ်က တစ်လ ငါးသောင်းပဲ ပေးတာလေ။ အဲဒီ ၅ သောင်းနဲ့ လောက်အောင် သုံးရတယ်။ ဒီလိုနဲ့ ဘဝကို ရုန်းကန်ရတယ်”ဟု ကိုတင့်ဇော်ဟိန်းက သူ့ဘဝ ဖြတ်သန်းခဲ့ပုံကို ပြောပြသည်။

ငယ်စဉ်ကပင် ဘဝကို ကြိုးစားရုန်းကန်ရင်း မိမိကိုယ်ပိုင်ဘဝနှင့် မိသားစုဘဝကို တိုးတက် ဖွံ့ဖြိုးအောင် လုပ်နိုင်သူ ကိုတင့်ဇော်ဟိန်းသည် မိမိဒေသ ဖွံ့ဖြိုးရေးအတွက်ကိုပါ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပြန်သည်။ အစပထမပိုင်းတွင် ရန်ကုန်ရှိ Voluntary Internship Program(VIP) ဆိုသည့် အခမဲ့ စာသင်ကြားပေးနေသော လူငယ်အဖွဲ့အစည်းတွင် ပါဝင်ကူညီခဲ့သည်။ 

“ကျွန်တော် လာခဲ့ရတဲ့ ဘဝက ကြမ်းတယ်ဗျာ။ ဆိုတော့ ကျွန်တော် မရခဲ့ဖူးတဲ့ ဖွံ့ဖြိုးရေး အရသာတွေကို နောက်မျိုးဆက်သစ်အတွက် လက်ဆင့် ကမ်းချင်တယ်ဗျာ။ ကိုယ့်ဒေသက မဖွံ့ဖြိုးခဲ့တော့  ဖွံ့ဖြိုးခြင်းရဲ့ အရသာကို ကိုယ့်နေရာက လူတွေကိုပါ  သိစေချင်လာတယ်။ လုပ်စေချင်လာတယ်။ စကားပုံ တစ်ခုလိုပေါ့။ သင့်နောက်မျိုးဆက်အတွက် ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ပေးဖို့ တာဝန်ရှိတယ်။ ကျွန်တော့်အတွက် ဆိုတာထက် နောက်မျိုးဆက်ကို  ကျွန်တော်တို့ထက် ပိုကောင်းတဲ့ ဝန်းကျင် တစ်ခုကို  ပေးချင်တဲ့ ဆန္ဒတစ်ခုလေးပါပဲ”ဟု ကိုတင့်ဇော်ဟိန်းက ဖွံ့ဖြိုးရေးကိစ္စများတွင် စိတ်ပါဝင်စားခဲ့ရခြင်းနှင့် ပတ်သက်ကာ ဆိုသည်။ 

ကိုတင့်ဇော်ဟိန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆောင်ရွက်နေရင်းကပင် နိုင်ငံရေးဘက်ကို စိတ်ဝင်စားလာခဲ့သည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နေရင်း ပြောင်းလဲမှုများကိုလည်း တွေ့ရသော်လည်း မပြောင်းလဲခြင်းများလည်း ရှိနေသေးကြောင်း၊ နိုင်ငံရေးကသာ အဓိက ပြောင်းလဲပေးနိုင်မည် ဖြစ်ကြောင်း သူသိလာရသည်။ 

“မူဝါဒတွေနဲ့ ပြောင်းလဲလို့မှ ရမယ်။ ကျွန်တော်တို့က ကူပေးရုံပဲ ရတယ်။ အစိုးရကလုပ်မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလို့ရမယ်။ လွှတ်တော် အမတ်တွေ ဘာတွေကျတော့လည်း ကျွန်တော်က ဝါသနာ မပါဘူး။ ကျွန်တော်က သုတေသနတွေလုပ်၊ အကြံတွေပေးပြီး လုပ်ချင်တာ။ နောက်ကနေပဲ နေချင်တာ။ ရှေ့မထွက်ချင်ဘူး။ တတ်နိုင်သမျှ နောက်ကနေပဲ နေတယ်။ အဓိကကတော့ ပညာရှင်နိုင်ငံရေးကို ပိုအားသန်တယ်။ ပိုပြီး လုပ်ချင်တယ်”ဟု ကိုတင့်ဇော်ဟိန်းက ဆိုသည်။ 

ပညာရှင်နိုင်ငံရေးကို စိတ်ဝင်စားသော ကိုတင့်ဇော်ဟိန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ရခြင်းနှင့် ပတ်သက်ပြီး  ယခုလို ပြောပြသည်။

“ပွဲက ၁ ရက်နေ့ လုပ်မယ်။ ဖိတ်ကြားတာက ၃၀ ရက်နေ့ ညနေ။ ဖိတ်ကြားခံရတဲ့အထိ ပြောရဖို့  မသေချာသေးပါဘူး။ ဒါပေမဲ့ အချက်အလက်တွေတော့  စုသွားပါတယ်။ အရမ်းကသီပေမယ့် အရေးကြီးတဲ့ ပွဲမို့ရအောင် တက်လိုက်တာပါ။ အခက်အခဲ အများကြီး ရှိပေမယ့် နားလည်ပေးလိုက်ပါတယ်”။

ကိုတင့်ဇော်ဟိန်းသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ် ဘာ့ကြောင့် ငြိမ်းချမ်းရေး မရသေးသလဲ ဆိုသည်ကို အဓိက ဆွေးနွေးခဲ့ပြီး ယုံကြည်မှုများ ပျောက်နေခြင်း၊ အရင်းအမြစ်များကို စီမံခန့်ခွဲမှု မရခြင်းတို့ကိုလည်း ဆွေးနွေးခဲ့သည်။ အကြံပြု မေးခွန်းများအဖြစ် နောင်ယခုလိုပွဲများကို နေပြည်တော်တွင် ပြုလုပ်သည်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါဝင်သင့် ပါဝင်ထိုက်သူများကို ဖိတ်ကြားပေးရန်နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ပြုလုပ်ရန်များ  အကြံပြုခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများတွင် ပါဝင်ပေးရန်၊ ငြိမ်းချမ်းရေး လုပ်ဆောင်ရင်းနှင့်ပင် အခြားဒေသ  ဖွံ့ဖြိုးရေးများကိုပါ တစ်ပြိုင်တည်း ပြုလုပ်ရန် အကြံပြုခဲ့သေးသည်။ 

“ပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူးကို ရွေးကောက်ခံ မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးအဖြစ် ဖွံ့ဖြိုးရေးကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။ နောက်ဆုံး လူတွေက အုပ်ချုပ်တာ မဟုတ်ဘဲ ပြည်သူ့ဗဟိုပြု ဥပဒေကို အုပ်ချုပ်တာ လိုချင်တာပါ။ ဒါကြောင့် ဥပဒေပြုဖို့ အားကောင်းချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပိုမို ကြိုးစားစေချင်တယ်လို့ အကြံပြုခဲ့ပါတယ်”ဟု ကိုတင့်ဇော်ဟိန်းက ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးဖြစ်ခဲ့ပုံလေးကို ပြောပြသည်။ 

မေးခွန်းများနှင့် အကြံပြုချက် များစွာပြောကြား ဆွေးနွေးခဲ့သော ကိုတင့်ဇော်ဟိန်းက ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကားများအပေါ် အားရမှု သိပ်မရှိဟု ဆိုသည်။ 

“သိပ်အားမရဘူး။ စစ်တပ်အပေါ်မှာ ပျော့လွန်းတာဗျာ။ နောက်ပြီး သူ့အနေနဲ့ စစ်ဘေးရှောင်စခန်းတွေ သွားနားထောင်သင့်တယ်။ ဒါပေမဲ့ တခြားဘက်က  ကြည့်ရင် အစိုးရက ကိုးလပဲဆိုတော့ ဒီလောက်လုပ်နိုင်တာပဲ ကျေနပ်ရမှာပေါ့။ ကျွန်တော်တို့ကလည်း မျှော်လင့်ချက်ကြီးတာလည်း ပါပါတယ်။ တရားသော စစ် ထောက်ခံပွဲတွေ ဖြစ်နေတာလည်း အားမရပါဘူး။ လေယာဉ်သုံးတဲ့အပေါ်မှာ ဖြေတာလည်း အားမရပါဘူး”ဟု ကိုတင့်ဇော်ဟိန်းက သူ့အမြင်ကို ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် သူ လွန်စွာ စိတ်လှုပ်ရှားခဲ့ရသည်။

“နောက်ပြီး စကားပြောရချိန်မှာ သူ့ရဲ့ ပါဝါက ကြောက်ဖို့ ကောင်းတယ်။ စကားလုံးတွေ ပျောက်ဆုံးစေတယ်။ မျက်လုံးချင်း ဆုံပြီး မကြည့်ရဲဘူး။ ခြေဖျား လက်ဖျားတွေ အေးစက်စေတယ်ဗျာ။ နောက်ပြီး သမိုင်းဝင်တဲ့ပွဲမို့ ပိုစိတ်လှုပ်ရှားမိတယ်။ တစ်နိုင်ငံလုံးက ကြည့်နေမှာလေ”ဟု အရေးကြီးပွဲ တစ်ခုတွင် စိတ်လှုပ်ရှားခဲ့ရပုံများကို ပြန်ပြောင်း ပြောပြသည်။

ပထမဆုံးအကြိမ်အဖြစ် ယခု အခြေအနေအထိ ဆွေးနွေးခွင့်ရခြင်း၊ ဦးစားပေးခြင်းတို့ကို ကျေးဇူးတင်ရကြောင်းလည်း ကိုတင့်ဇော်ဟိန်းက ပြောသည်။  ထိုငြိမ်းချမ်းရေး စကားဝိုင်းတွင် ကိုတင့်ဇော်ဟိန်းသည် ချင်းလူမျိုးတို့၏ အမှတ်အသား ဖြစ်သော သဘက်ကို လည်ပင်းတွင် ဝတ်ဆင်ခဲ့မှုနှင့် ပတ်သက်၍လည်း ချင်းလူမျိုး အယောင်ဆောင် ဟူသော ကဲ့ရဲ့သံများ လူမှုကွန်ရက် စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သေးသည်။ 

“အဓိက နိုင်ငံအဆင့်ပွဲမှာ ငြိမ်းချမ်းရေးပွဲမှာ လူမျိုးကို ကိုယ်စားမပြုဘဲ တဘက်လေး ပတ်ခဲ့လို့ပေါ့။ ကျွန်တော့်ရဲ့ စာမျက်နှာ (Facebook) မှာ တရားဝင် ရှင်းပြခဲ့ပါတယ်။ အမှားအယွင်းပြုခဲ့ရင် တောင်းပန်ပါတယ်ပေါ့။ ဒါပေမဲ့ ကိုယ်စားပြုဆိုတဲ့ စကားပြောလာရင် ကျွန်တော့်ဘက်က ပြောစရာက ချင်းလူမျိုးက ချင်းပြည် တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ မကွေးတိုင်းအတွင်း စေတုတ္တရာ၊ ငဖဲနဲ့ အောင်လံဘက်တွေမှာ အရှိုချင်းတွေ အများကြီးပါ။ ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့ စေတုတ္တရာနဲ့ ငဖဲကမြို့နယ်နဲ့ တိုင်းအလုပ်အမှုဆောင်တွေက ချင်းတွေပါ။ ငြိမ်းချမ်းရေးပွဲမှာ တဘက်နဲ့ ပတ်သက်ပြီး အမြင် အမျိုးမျိုး ရှိပေမယ့် ကျွန်တော်က အယောင်ဆောင် မဟုတ်ပါဘူး။ အလွဲသုံးစား မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် တိုင်းနဲ့ နိုင်ငံအတွက် စိတ်သန့်သန့်နဲ့ လုပ်ဆောင်ပါတယ်”ဟု ကိုတင့်ဇော်ဟိန်းက ရှင်းပြသည်။

လက်ရှိ နိုင်ငံရေးနှင့် ပတ်သက်ပြီးလည်း  ကိုတင့်ဇော်ဟိန်းက ]]လက်ရှိနိုင်ငံရေး အခင်းအကျင်း ကို ကျွန်တော် Óဏ်မီသလောက် ပြောပါ့မယ်။ အဓိက  အင်အားစုတွေရဲ့ အားပြိုင်မှုတွေပေါ့။ စစ်တပ်ကလည်း သူ့ပါဝါကို လူထုထောက်ခံတဲ့ ပွဲတွေ ကျင်းပပြီး  အတိုက်အခံက ကူညီနေတယ်။ နောက်ပြီး ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကပါလာရင် နိုင်ငံရေး ပိုရှုပ်တယ်။ ဒါကလည်း ဦးနုရဲ့လက်ထက်ကတည်းက ဖြစ်လာတဲ့ ကိစ္စတွေပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ယုံကြည်မှုတွေက အခုထက်ထိ တက်မလာသေးဘူး။ နောက်တစ်ခုက စစ်ပွဲဆိုရင် အနိုင်အရှုံး ရှိရမယ်ဗျာ။ အခု ၇၀ နီးပါးဗျာ။  အဖြေမထွက်သေးဘူး ဆိုတော့ လုပ်ပွဲကြီးများ ဖြစ်နေသလားလို့တောင် တွေးမိလာတယ်ဗျာ”

“နောက်ပြီး ရခိုင်ကိစ္စ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ လွှတ်တော်အမတ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းတာတွေ၊ ဥပဒေတွေ အားမကောင်းတာတွေကြောင့် တွေးမိရင် မောတယ်ဗျာ။ နောက်တစ်ခု အစိုးရက အသံတိတ်နေတယ်ဗျာ။ စစ်ပွဲကိစ္စတွေမှာ။ တိတ်တိတ်နေခြင်းသည် အားပေးခြင်းလို့လည်း အနက်ကောက်လို့ ရတယ်လေ။ နောက်ပြီး လွှတ်တော်ဥက္ကဋ္ဌတို့ ဒုသမ္မတတို့ စစ်သားတွေသွား  အားပေးတာတွေက အမျိုးသား ရင်ကြားစေ့ရေး ဆိုပေမယ့် သွားမယ်ဆို တခြား လက်နက်ကိုင်ဘက်တွေပါ သွားအားပေးကြဗျာ။ နောက်တစ်ခု မြန်မာနိုင်ငံမှာ ဆဲတဲ့သူ၊ ဘေးထိုင်ဘုပြောတွေ များတယ်။ ပေါင်းလုပ်မယ်ဆို  ပြဿနာတွေ တက်ပြီ။ အဓိက အင်အားစုတွေကြားမှာ ယုံကြည်မှုနဲ့ ဘုံတန်ဖိုးထားမှု ပျောက်နေတယ်”ဟု သူ့အမြင်ကို ဆိုသည်။

လူငယ်များသည် တာဝန်ကို ကျေခဲ့၊ ကျေဆဲ၊ ကျေမြဲပင်ဖြစ်သည်ကို သတင်းများ ပြန်ကြည့်ပါက သိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး  ငြိမ်းချမ်းရေးပွဲများကို ဦးဆောင်သူမှာ လူငယ်များဖြစ်ကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အရေးကိစ္စများတွင် ကိုယ်စားလှယ် အချင်းချင်းပင် ပူးပေါင်းမှု မရှိဘဲ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အဆင်မပြေကြောင်း ကိုတင့်ဇော်ဟိန်းက ဆိုသည်။

“မင်စွန်းတဲ့ လက်သန်းတွေအတွက် နာလှပါတယ်။ ပဝါစကို ယီးလေးခိုလိုက်ရင် ၂၀၂၀ မှာ ပြည်သူက ဒဏ်ခတ်ပါလိမ့်မယ်။ နောက် ၂၀၁၇ မှာ ကျွန်တော် အိပ်မက် မက်နေတာလေးပေါ့။ စစ်ဘေးရှောင်စခန်းက  ပြည်ထောင်စုသားတွေ နွေးထွေးစွာနဲ့ ကိုယ့်အိမ်လေးမှာ အနားယူ အိပ်စက်နေတာလို့။ အဲဒီအိပ်မက်က မက်ဆဲနေပါပဲ”

သူသည် ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ရှေးရှု လုပ်ဆောင်နေသူ ဖြစ်သည်။ သူ့ဘဝအတွက်  အိပ်မက်များ သာမက နိုင်ငံငြိမ်းချမ်းရေးအတွက်လည်း အိပ်မက်များ ရှိနေပြီး မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ရန် ဆုံးဖြတ်ထားသူပင်။

“နောက်တစ်ခု ကျွန်တော်က ပုံပြင်လေးတွေ ပြောရတာ ဝါသနာပါတော့ စဉ်းစားမိတယ်။ စစ်တိုက်တာ ကြာလာရင် စစ်သူကြီးတွေ စီးချင်းထိုးပြီး အဆုံးအဖြတ် လုပ်ကြတာလေးပေါ့။ ကလေးတွေကို ပြောပြချင်တာပါ။ ပုံပြင်လေးလိုပေါ့။ ဟိုးရှေးရှေးတုန်းက KIA က စစ်သူကြီးရယ်၊ စစ်တပ်က စစ်သူကြီးရယ် တိုက်ပွဲ တိုက်တာကြာတော့ အဆုံးအဖြတ် အနေနဲ့  နှစ်ဦးချင်း တိုက်ခိုက်ပြီး လက်ရုံးရည် နှလုံးရည်ယှဉ်ပြီး ပြည်ထောင်စုသားများ အကျိုးကို ဆောင်ရွက်ခဲ့ကြတာပေါ့ကွယ်လို့”။ 

ချမ်းငြိမ်းဖြူ


  • VIA