POST TYPE

ARTICLE

အင်းမ သို့မဟုတ် နှစ်သစ်ကို မျက်ရည်ဖြင့် ကြိုရသူ
01-Jan-2017

နှစ်ဟောင်းကုန်၍ ၂၀၁၇ နှစ်သစ်သို့ ကူးပြောင်းရန် နာရီပိုင်းအလို  ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ကျော်ခန့် အကွာအဝေး ရန်ကုန်-ပြည် ကားလမ်းဘေး အင်းမမြို့တစ်နေရာ အင်းမမြို့ဈေး အပြင်ဘက် ဆိုင်ခန်းတစ်ခန်းရဲ့ ရှေ့ကွက်လပ်တွင် ထိုင်ခုံလေးများချပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီလောက်ကတည်းက စားဝိုင်းသောက်ဝိုင်း တစ်ခုကို ပြင်ဆင်နေကြသည်။

သို့သော် နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုဖို့ စိတ်ကူးများက လွင့်ပျောက်သွားစေသော ဝမ်းနည်းဖွယ် ကိစ္စတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။

 အင်းမမြို့ အသည်းနှစ်လုံး တစ်စုံသည် မြို့သမိုင်းတွင် မကြုံဖူးအောင် ဆိုးရွာသော မီးလောင်ကျွမ်းမူအောက်တွင် ပျောက်ဆုံးသွားခဲ့သည်။

“ဓာတ်တိုင်သံချောင်းခေါက်သံ မီးလောင်တယ်လို့ အော်ဟစ်သံတွေ ကြားတယ်။ သိပ်မကြာဘူး။ ဈေးအတွင်းပိုင်း တစ်ခုလုံး မီးတောက်ကြီးတစ်ခုက ထိုးထွက်လာတယ်” ဟုလည်း  အင်းမဈေးရှေ့ နှစ်သစ်ကူး ညစာစားပွဲဝိုင်းတွင် ရောက်နေသူ ကိုရန်ဝေးအောင်က ပြောသည်။

ရန်ကုန်မြို့မှ ကား ၃ နာရီခန့် မောင်းပါက ရောက်နိုင်သည့် အင်းမမြို့လေး၏ သမိုင်းမှာ နွေခေါင်ခေါင် မီးလောင်လျှင်ပင် လူနေအိမ်ခြေ တစ်လုံးနှစ်လုံး လောက်ထက်ပိုပြီး မီးလောင်ပျက်စီးဆုံးရှုံးမှု မရှိဖူးခဲ့။

 ယခုဆုံးရှုံးမှုသည် မြို့သမိုင်းတွင် စံချိန်တင်သော ဆုံးရှုံးမှုဟုလည်း အင်းမဒေသခံတစ်ဦးက ပြောသည်။

 နှစ်သစ်ကူးမတိုင်မီ ည ၉ နာရီခန့်ကစတင်  လောင်ကျွမ်းခဲ့သော အင်းမဈေးမီးက ဈေးဆိုင်ခန်း တစ်ရာကျော်သာ ရှိသည့် ဈေး၏ သုံးပုံနှစ်ပုံနီးပါး  နာရီပိုင်း အတွင်းမှာပင် ပျက်စီးဆုံးရှုံးခဲ့သည်။

“မိသားစုဝင်တွေထဲမှာ ဦးတို့ညီအစ်ကို နှစ်ယောက် တစ်ယောက်က ၆၆၊ တစ်ယောက်က ၇၀ အရွယ်  ဒီလောက်ကြီးတဲ့ မီးလောင်မှုမျိုး တစ်သက်မမြင်ခဲ့ဖူးပါဘူး။ မီးလောင်တယ်ဆိုတာ သိလိုက်ချိန် မိသားစုတွေ အကုန်လုံး ဈေးဆီပြေးသွားပေမယ့် အသက်အန္တရာယ် ထိခိုက်မှာကြောက်တော့  ကိုယ့်ဆိုင်ခန်းလေးတွေ မီးလောင်နေတာကို တစ်မိသားစုလုံး မျက်ရည်လည်ရွဲနဲ့ ကြည့်ပြီး ပြန်ခဲ့ရတာပါ” ဟု ဦးတင်ဝင်းက ပြောသည်။

၎င်းမှာ အင်းမဈေး မီးလောင်မှုတွင် ဈေးဆိုင်ခန်း ၁၀ ခန်းနီးပါး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀  ခန့် ဆုံးရှုံးခဲ့သော ပါရမီ အလှကုန်နှင့်အထည်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ 

အခြားသူများ နှစ်သစ်ကို ကြိုဆိုကြရန် ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်နေချိန် အင်းမမီးက အင်းမမြို့ခံများအတွက် သောကမီး ဝိုင်းသလို စိတ်နှလုံး ညှိုးနွမ်းသိမ်ငယ်စေကြောင်း အင်းမဒေသခံများက ပြောသည်။ 


ကယ်ပါယူပါ အသံများကြား ဈေးသူဈေးသား မြို့ခံများ အရူးမီးဝိုင်း ဖြစ်နေချိန် မီးသတ်တပ်ဖွဲ့ဝင်အချို့ ရောက်လာချိန်က မီးစတင်လောင်ကျွမ်းပြီး ဆယ့်လေးငါးမိနစ်ခန့် အကြာတွင် ဖြစ်သည်။

အနီးတစ်ဝိုက် ရွှေတောင်၊ ပေါင်းတည်နှင့် ပြည်ဘက်က မီးသတ်ကားများ ရောက်ရှိလာချိန်တွင်တော့ အင်းမမြို့၏ ညကောင်းကင်ယံတွင် မီးတောက်ကြီးများကြောင့် လင်းထိန်နေပြီ ဖြစ်သည်။

“မီးခိုးမှိုင်းတွေကြောင့် အသက်ရှူတွေတောင် ကျပ်လာခဲ့တဲ့ အနေအထား ဖြစ်နေခဲ့တယ်” ဟု ဒေသခံများက ဆက်လက်ပြောဆိုကြသည်။

ကိုရန်ဝေးအောင် ကိုယ်တိုင် အင်းမဈေး အပြင်ဘက် ဆိုင်ခန်းလေးတစ်ခုတွင် ကွန်ပျူတာ ဆိုင်ကလေး  ဖွင့်ထားရသူ ဖြစ်သော်လည်း မီးလောင်ကျွမ်းချိန်တွင် သူ့ဆိုင်ကလေးကို အရင်ကယ်တင်ဖို့ စိတ်ကူးမရှိ။ ဈေးအတွင်းပိုင်းမှ အရှိန်အဟုန်ပြင်းစွာနှင့် လောင်ကျွမ်းနေသည့် ဈေးဆိုင်ခန်းများကို မီးငြှိမ်းသတ်ဖို့ အရင်လုပ်ခဲ့ကြောင်း ကိုရန်ဝေးအောင်က ပြောသည်။

အင်းမမီးသတ် ရောက်လာချိန်တွင် မီးသတ်ကားတစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အချို့သာ ပါလာ၍ ဆိုင်ခန်းပိုင်ရှင်များ၊ ပရဟိတအဖွဲ့များက မီးကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပြီး အချို့ကတော့ မိမိဆိုင်ခန်းထဲက ပစ္စည်းများ ဆွဲထုတ်သယ်ယူနိုင်ရေးကို  ကြိုးပမ်းဆောင်ရွက်နေကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ 

အနီးတစ်ဝိုက်မှ မီးသတ်ကားများ၊ ရေသယ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ ရောက်ရှိလာချိန် ည ၉ နာရီခွဲ ကျော်ကျော်ခန့် ရောက်မှသာ  မီးအရှိန်အဟုန်ကို လျော့နည်းကျဆင်းစေရေးအတွက် အင်တိုက်အားတိုက် မီးငြှိမ်းသတ်နိုင်ကြသည်။

“မီးသတ်ကားနဲ့ ရေသယ်ယာဉ် ဆယ်စီးလောက် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့လို့ အခင်းဖြစ်ပြီး ၁ နာရီကျော်ကျော်ခန့်မှာ မီးညွှန့်ကျိုးစပြုပေမယ့် ဈေးရဲ့ သုံးပုံနှစ်ပုံနီးပါး ဈေးဆိုင်ခန်း ၈၆ ခန်းလောက် ပြာပုံအတိ ရောက်ရှိသွားတယ်” ဟု အင်းမဒေသခံ တစ်ဦးက ပြောသည်။ 

 မီးလောင်မှုနှင့်ပတ်သက်၍ တိတိကျကျ သတင်းထုတ်ပြန်တာမျိုး မရှိသေးသော်လည်း မြန်မာနိုင်ငံ၏ ဈေးကြီးများ မီးလောင်ပါက ပြောလေ့ရှိသည့်  ထုံးစံအတိုင်း ဝါယာရှော့ခ်မှ စတင်လောင်ကျွမ်းသည်ဟုလည်း အင်းမတွင် သတင်းထွက်နေသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ယံ  မတိုင်မီ ၃ နာရီခန့်အလို အင်းမဈေးမီးလောင် ပျက်စီးမှုတွင် ဈေးအလယ်ရှိ ဈေးဆိုင်ခန်းပေါင်း ၈၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ကနဦး ခန့်မှန်းထားသည့် တန်ဖိုးအရ ကျပ်သိန်းပေါင်း ၂၀၀ ကျော် ရှိကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

မီးစတင်လောင်ကျွမ်းသည့် နေရာကို ရောက်ရှိချိန် ဒီဇင်ဘာလ ၃၁ ရက် ည ၉ နာရီ ၂၅ မိနစ်ဖြစ်ပြီး  မီးငြှိမ်းသတ်နိုင်ခဲ့သည့် အချိန်ကို ည ၁၀ နာရီခွဲဟု မှတ်တမ်းတင်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မီးလောင်ရာသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့  စည်ပင်ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းရောက်ရှိနေကြောင်း အင်းမမြို့ ဈေးပိုင်းရပ် သီရိရတနာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းက ပြောဆိုသည်။

လက်ရှိတွင် ဈေးမီးလောင်ပြင်နေရာကို တာဝန်ရှိသူများမှအပ ဝင်ထွက်ခွင့် တားမြစ်ထားပြီး ဈေးသန့်ရှင်းရေး လုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြသည်။ 

လွန်ခဲ့သည် ၂ နှစ်ကျော် ၃ နှစ်နီးပါး ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၆၀,၀၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း ယနေ့တိုင် ဈေးသစ် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးခြင်းကြောင့် ယခုအင်းမ ဈေးကြီးကိုလည်း တောင်ငူမြို့မ ဈေးကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အင်းမမြို့လေးက မိုးရာသီရောက်တော့လည်း ရေကြီးတယ်။ ရေကြီးချိန်ဆို ဈေးကြီးတစ်ခုလုံး  မြစ်ရေဝင်လို့ တာဘောင်ပေါ်တက်ပြီး ဈေးရောင်းရတယ်။ အခုလို မီးလောင်မှု ဖြစ်ပွားလာချိန် ဈေးတစ်ခုလုံးနီးနီး ဆုံးရှုံးခဲ့တယ်။ တာဝန်ရှိသူတွေ အနေနဲ့ အတတ်နိုင်ဆုံး ဈေးသစ်ကြီးတစ်ခု တည်ဆောက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အင်းမမြို့ခံ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဆိုသည်။

 မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဈေးဆိုင်ခန်းများအတွက် ယာယီဈေးနေရာကို မီးလောင်ပြင်အနီး ဘုံရုံဝင်းဟု အများခေါ်သော ဆောက်လုပ်ရေးဝင်းဟောင်း နေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်သွားရန် ယာယီပြင်ဆင်နေကြောင်း အင်းမမြို့ သီရိရတနာရပ်ကွက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

လူစည်ကားရာ နေရာများဖြစ်ကြသော ဈေး၊ ရုံးပြင်ကနားနှင့် ဆေးရုံကြီးများအနက် အင်းမမြို့  ဈေးနေရာက နှစ်တစ်နှစ် အစဖြစ်သော ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြာပုံအတိပြီးသော မီးလောင်ပြင်ကြီးအဖြစ် မြင်တွေ့ခဲ့ရပြီ။

“မီးလောင်ပျက်စီးမှု တန်ဖိုးမှာ ကြီးမားလှတဲ့အတွက် တစ်မိသားစုလုံး မောင်နှမတွေ စုပေါင်းပြီး ဈေးဆိုင်ပြန်ဖွင့်လှစ်မယ် ဆိုတာတောင် အရင်ဈေးဆိုင်ကြီးလို ပြန်ဖြစ်ဖို့ မလွယ်ကူတော့ဘူး” ဟု အင်းမဈေးကြီးတွင် အလှကုန်၊ အထည်နှင့် အဝတ်အစား မျိုးစုံ ရောင်းချခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ညက  မီးလောင်ဆုံးရှုံးခဲ့သည့် ပါရမီဆိုင်ပိုင်ရှင် ဦးတင်ဝင်းက ပြောသည်။

အကျယ် ၄ ဧက နီးပါးခန့်ရှိမည့် ဆောက်လုပ်ရေးဝင်းဟောင်း နေရာတွင် ယာယီဈေး ဖွင့်လှစ်မည် ဟု သိရှိထားသော်လည်း မီးလောင်မှုဒဏ် ခံစားထားရသော ဈေးသူဈေးသားများအနေနှင့် မီးလောင်မှုဖြစ်ပြီး နောက်တစ်နေ့ မနက်ခင်းတွင် ဈေးအနီး ယောင်ချာချာဖြင့် မျက်ရည်စို့ကာ သွားလာလှုပ်ရှားနေသည်ကို မြင်ခဲ့ရသည်မှာ စိတ်ထဲ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း အင်းမဒေသခံတစ်ဦးက ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်း အင်းမတိုက်နယ် မြို့လေးကို ဝန်ကြီးချုပ်ဟောင်း ဦးဥာဏ်ဝင်း လက်ထက်က မြို့အဆင့်ကို တိုးမြှင့်ပေးခဲ့သော်လည်း ရပ်ကွက်ကြီး ငါးခု၊ ကျေးရွာအုပ်စုပေါင်း ၂၀ ကျော် ရှိကာ လူဦးရေ ၂၀၀၀၀ အောက်သာ ရှိသည့်အတွက် ယခုကဲ့သို့ အင်းမဈေး မီးလောင်ပျက်စီးဆုံးရှုံးမှုဒဏ်ကို တစ်နယ်လုံးအပေါ် ရိုက်ခတ်သွားနိုင်သည်ဟု အင်းမဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။

နှစ်သစ်ကူး သန်းခေါင်ယံ အချိန် ည ၁၂ နာရီ ခန့်က တစ်တိုင်းပြည်လုံး နေရာအနှံ့အပြားတွင် ဟတ်ပီးနယူးရီးယား ဆိုသော နှစ်သစ်ကူး ဆုတောင်းသံများ ပျံ့လွင့်နေချိန် အင်းမမြို့ငယ်လေးကတော့ ပြာပုံကြားမှ မီးလောင်ထားသည့် ဈေးကြီးကိုကြည့်ပြီး ငိုကြွေးသံများသာ ပျံ့နှံလာတော့သည်။

ဓာတ်ပုံ - YWA

ဇေယျာကို