News

POST TYPE

ARTICLE

၂၀၁၇ အကျပ်အတည်းများ
01-Jan-2017

၂၀၁၇ ခုနှစ်နှင့် ယင်းနောက်ပိုင်းကာလတွင် ပိုမိုထိန်းထိန်းသိမ်းသိမ်း ရှိသည့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးရန် ရည်ရွယ်ထားသည်ဟု အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရန့်က မြောက်ကာရိုလိုင်းနားပြည်နယ် ဖတ်ရက်တီဗေးဒေသတွင် စစ်ဘက်နှင့်  ရင်းနှီးဆက်နွှယ်နေသည့် ပရိသတ်ကို မကြာသေးခင်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ဝင်မတိုက်သင့်တဲ့ နေရာတွေ အားလုံးမှာ ဝင်တိုက်နေကြတာ တွေ့ရတယ်။ အဲဒီဝင်ရောက်စွက်ဖက်မှုနဲ့ ကစဥ့်ကလျား ရှုပ်ထွေးမှု ပျက်စီးစေတဲ့ သံသရာစက်ဝိုင်းကို အဆုံးသတ်ရလိမ့်မယ်” ဟု ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသွားသည်။ ထို့အပြင်  မော်စကိုနှင့် ဘေဂျင်းမှ မကြာခဏ ကြားရလေ့ရှိသည့် အမြင်ကို ပဲ့တင်ထပ်လိုက်ပြီး “အချုပ်အခြာအာဏာ အပြန်အလှန် လေးစားမှုသည် ယုံကြည်မှုနှင့် နားလည်မှုအတွက် အခြေခံဖြစ်သည်” ဟု ထရမ့်က ထပ်မံကြွေးကြော်သွားပြန်သည်။

အမေရိကန်၏ ကမ္ဘာလုံးချီ အခန်းကဏ္ဍကို လျှော့ချရေး ထရမ့်က ရည်မှန်းထားနိုင်သော်လည်း ၂၀၁၇ ခုနှစ်တွင် ပေါ်ထွက်လာမည့် အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများသည် ၎င်း၏ လေလုံးထွား  ပြောကြားလျက်ရှိသည့် ထိန်းထိန်းသိမ်းသိမ်းနေရေး အယူဝါဒကို စမ်းသပ်ကြမည် ဖြစ်သည်။ ယင်းရှောင်လွှဲမရနိုင်သည့်  အကျပ်အတည်းများအတွက် ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့ ဦးစားပေးများ လုပ်ဆောင်နိုင်ရန်နှင့် အစီအစဉ် ချမှတ်ရေးတွင် ကူညီနိုင်ရန် Council on Foreign Relation ၏ ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက် စင်တာ (CPA) က ၎င်း၏ ကိုးနှစ်မြောက် ကြိုတင်ကာကွယ်ရေး ဦးစားပေးမှုစစ်တမ်းကို မကြာသေးမီက ကောက်ယူခဲ့သည်။ ယင်းစစ်တမ်းသည် ပေါ်ပေါက်လာနိုင်သည့် ဖြစ်ရပ်များကို ဖော်ထုတ်ပြီး လာမည့်နှစ်အတွင်း ပေါ်ပေါက်လာနိုင်ခြေ၊ အမေရိကန် အကျိုးစီးပွားကို သက်ရောက်နိုင်ခြေအပေါ် မူတည်ပြီး အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်း ဖြစ်သည်။

စစ်တမ်း၏ ပထမအဆင့် အနေနှင့် လူမှုမီဒီယာ၊ ဘလော့နှင့် အီးမေးလ်များမှ တစ်ဆင့် အကြံပြုချက် ၂၀၀၀ ကို ရယူခဲ့ပြီးနောက်တွင် Foreign Policy ၏ ဒေသဆိုင်ရာနှင့် နိုင်ငံရေးရာ ကျွမ်းကျင်သူများက ၂၀၁၇ ခုနှစ်တွင် ပေါ်ထွက်လာနိုင်သည့်  သို့မဟုတ် ဆိုးရွားလာနိုင်သည့် ပဋိပက္ခ ၃၀ ကို ဖော်ထုတ်သည်။ ယင်းနောက်တွင် ကျပန်းလုပ်ဆောင်ထားသည့် စစ်တမ်းကို အမေရိကန်အစိုးရ အရာရှိများ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများ၊ ပညာရှင်ပေါင်း ၇၀၀၀ သို့ ပေးပို့ပြီး ယင်းဖြစ်ရပ်  ၃၀ ပေါ်ပေါက်လာနိုင်ခြေနှင့် အမေရိကန် အကျိုးစီးပွားအပေါ် သက်ရောက်နိုင်ခြေကို ခန့်မှန်းစေသည်။ ယင်းနောက်တွင် စစ်တမ်းဖြေဆိုမှု ၅၀၀ ကို ၎င်းတို့၏ အဆင့်အတန်းအလိုက် ရရှိလာပြီးနောက်တွင် ကြိုတင်ကာကွယ်ရမည့် ဦးစားပေးရေးအဆင့်သုံးခု ရရှိလာသည်။ ဖြစ်နိုင်ခြေများ၊ အလယ်အလတ်နှင့် ဖြစ်နိုင်ခြေနည်းဆိုသည့် အဆင့်သုံးဆင့် ဖြစ်သည်။

မည်သည့်ဖြစ်ရပ်များကို ချန်ထားခဲ့သနည်း။ ယခင်နှစ်စစ်တမ်းနှင့် ယခုနှစ် စစ်တမ်းတွင် အဓိက ကွာခြားသည်မှာ အရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်နိုင်ခြေများသည့် ပဋိပက္ခများ နည်းလာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အီရတ်နှင့် လစ်ဗျား နှစ်နိုင်ငံကို ဖြစ်နိုင်ခြေများသည့် သတ်မှတ်ချက်မှ အလယ်အလတ် သတ်မှတ်ချက်သို့ အဆင့်လျှော့ချလိုက်ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အရှေ့အလယ်ပိုင်းဒေသနှင့် ပတ်သက်နေသည့် နယ်မြေကြီးတွင် ပဋိပက္ခ လေးခုကို စာရင်းမှ ဖယ်ထုတ်လိုက်ပြီး ဖြစ်နိုင်ခြေ ကိုးခုကို ပေါင်းထည့်လိုက်ကာ ယင်းအနက် တစ်ခုတည်းမှာသာ  အရှေ့အလယ်ပိုင်းဒေသအပေါ် အခြေပြုထားခြင်း ဖြစ်သည်။

ယင်းဖြစ်နိုင်ခြေ ကိုးခုတွင် ဖိလစ်ပိုင်နှင့် တူရကီနိုင်ငံတို့တွင် နိုင်ငံရေး မတည်ငြိမ်မှု တိုးပွားလာနိုင်ခြေနှင့် အာဏာရှင် ပိုဆန်လာနိုင်ခြေတို့ ပါဝင်သည် (နှစ်နိုင်ငံလုံးသည် အလယ်အလတ်အဆင့် စိုးရိမ်ဖွယ်များ ဖြစ်သည်) အခြားသော ဖြစ်နိုင်ခြေနည်းသည့် ဖြစ်ရပ် ခုနစ်ခုတွင် အာဖရိကတိုက်ရှိ ဘူရန်ဒီ၌ လက်ရှိနိုင်ငံရေး အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်း၊ အီသီယိုးပီးယားရှိ လူမျိုးရေး အကြမ်းဖက်မှုနှင့်  ပြည်တွင်းမတည်ငြိမ်မှု တိုးပွားလာခြင်း၊  ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အယ်ရှာဘတ် တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားခြင်း၊ တော်ဝင်ထီးနန်း ဆက်ခံမှုနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှု ထိုင်းတွင် ပေါ်ပေါက်နိုင်ခြင်း၊ ဇင်ဘာဘွေတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု ကျယ်ပြန့်စွာ ပေါ်ပေါက်နိုင်ခြင်း၊ FARC  လက်ဝဲသူပုန်အုပ်စုနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ကျိုးပေါက်ရာမှ တစ်ဆင့် ကိုလံဘီယာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု ပေါ်ပေါက်နိုင်ခြင်း၊ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နှစ်နိုင်ငံ ဖြစ်သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား နာဂိုရို-ခရာဘတ် ဒေသအရေးနှင့် ပတ်သက်ပြီး စစ်ရေးပဋိပက္ခသစ် ပေါ်ပေါက်လာနိုင်ခြင်းတို့ ဖြစ်သည်။

အလားတူ ပြီးခဲ့သည့်နှစ် စာရင်းတွင် ပါဝင်သည့် ဖြစ်နိုင်ခြေကိုးခု ကွယ်ပျောက်သွားသည်။ အီဂျစ်ရှိ နိုင်ငံရေးမတည်ငြိမ်မှု၊ မက္ကစီကိုနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဆက်နွှယ်နေသည့် စုဖွဲ့ရာဇဝတ်မှု တိုးပွားလာခြင်း၊ လက်ဘနွမ်တွင် လူမျိုးရေး အကြမ်းဖက်မှု တိုးပွားလာခြင်း၊ ဂျော်ဒန်တွင် နိုင်ငံရေး မတည်ငြိမ်မှု တိုးပွားလာခြင်း၊ ဒေသဆိုင်ရာ ပဋိပက္ခများတွင် အီရန် ဝင်ရောက်ပါဝင်မှုကြောင့် အီရန်နှင့် အမေရိကန်၊ မဟာမိတ်များကြား နိုင်ငံရေးရာ ထိပ်တိုက်ရင်ဆိုင်မှု၊ ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ ရုရှားတွင် အစ္စလာမ္မစ် စစ်သွေးကြွမှု တိုးပွားလာခြင်း၊ ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် လူမျိုးရေး အကြမ်းဖက်မှု တိုးပွားလာခြင်း၊ မြန်မာနိုင်ငံတွင် ဘာသာရေးရာ အကြမ်းဖက်မှု ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်သည်။

နိဂုံးချုပ်အနေနှင့် စစ်တမ်းတွင် မပါဝင်သည့် အံ့အားသင့်ဖွယ် ဖြစ်ပေါ်မှုတစ်ရပ်သည် နိုင်ငံခြားရေး-မူဝါဒ သတ်မှတ်ချက် နယ်ပြင်ပတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ သတ်မှတ်ထားသည့် ဖြစ်နိုင်ခြေ ၃၀ တွင် မပါဝင်သည့် အခြားသော ဖြစ်နိုင်ခြေကို ဖော်ပြရန် အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူ ၇,၀၀၀ ကို မေးမြန်းသည့်အခါ အများစုက အမေရိကန်ပြည်ထောင်စုတွင်း နိုင်ငံရေးတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု အန္တရာယ်ကို ဖော်ပြကြသည်။ ဥပမာအားဖြင့် အချို့သော ဖြေကြားသူများက အောက်ပါအတိုင်း စာရင်းသွင်းထားသည်။ လယ်ဝဲနှင့် လက်ယာတွင် ပေါ်ပြူလာဝါဒ တိုးပွားလာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ပြည်တွင်းမတည်ငြိမ်မှု၊ ဒေါ်နယ်ထရမ့် ရွေးကောက်ခံရမှု၊ အမေရိကန် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှု၊ ရွေးကောက်ပွဲလွန် ကာလနှင့် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် အစွန်းရောက် လေလုံးထွား ပြောကြားမှုများ စသည်ဖြင့် ဖြေကြားထားသည်။

စစ်တမ်း၏ ရလဒ်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အလွှာ ၁ -  အမေရိကန်မူဝါဒ ချမှတ်သူများအတွက် ဦးစားပေးအဖြစ် သတ်မှတ် ကိုင်တွယ်ရမည့်  ပေါ်ထွက်လာနိုင်ခြေများသည့် ဖြစ်ရပ် ခုနစ်ခု။

- နျူကလီးယား သို့မဟုတ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှု၊ စစ်ရေးရန်စမှု သို့မဟုတ် ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံတွင် ဆိုးရွားသည့် အကျပ်အတည်းေ ပ်ါပေါက်နိုင်ခြေ။

- အရှေ့ ဥရောပဒေသတွင် ရုရှား၏ တင်းမာသည့် ရပ်တည်ချက်မှ မြစ်ဖျားခံလာသည့် ရုရှားနှင့် နေတိုးအဖွဲ့ဝင်များကြား ရည်ရွယ်မထားသည့် သို့မဟုတ် ရည်ရွယ်ထားသည့် စစ်ရေးထိပ်တိုက် ဖြစ်နိုင်ခြေ။

- အရေးကြီးသည့် အခြေခံအဆောက်အဦးများအပေါ် လွန်စွာပျက်စီး စေနိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှု။

- အမိမြေ သို့မဟုတ် စာချုပ် ချုပ်ဆိုထားသည့် မဟာမိတ်အပေါ် ပြည်တွင်း သို့မဟုတ် ပြည်ပအကြမ်းဖက် အဖွဲ့အစည်း က လူအသေအပျောက်များသည့် အကြမ်း ဖက်တိုက်ခိုက်မှု။

- တာလီဘန် သောင်းကျန်းမှု ခိုင်မာလာခြင်း၊ အစိုးရ ပြိုလဲနိုင်ခြေ ရှိခြင်းတို့မှ တစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံတွင် မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု တိုးပွားလာခြင်း။

- တူရကီနှင့် အီရန်၊ အီရတ်၊ ဆီးရီးယား အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် တူရကီနှင့် ကာ့ခ်လက်နက်ကိုင် အုပ်စုများကြား အကြမ်းဖက်မှု တိုးပွားလာခြင်း

- စစ်ပြိုင်အုပ်စုများကို ပြည်ပမှ ထောက်ပံ့မှု တိုးပွားလာခြင်း၊ ပြင်ပပါဝါများ၏ စစ်ရေးစွက်ဖက်မှုတို့ကြောင့် ဆီးရီးယား ပြည်တွင်းစစ် အရှိန်ပြင်းလာခြင်း၊

 
အလွှာ ၂ -  အလယ်အလတ်အဆင့်  ကြိုတင်တားဆီးမှု လိုအပ်သည့် ဖြစ်နိုင်ခြေ ၁၃ ခု၊

-ဆန်ကာကူ/ဒိုင်အိုယူကျွန်းများအပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်မှ တစ်ဆင့် အရှေ့တရုတ်ပင်လယ်တွင် တရုတ်နှင့် ဂျပန်ကြား လက်နက်ကိုင် ရင်ဆိုင်မှု၊ အမေရိကန်ပြည်ထောင်စုကို ဆွဲသွင်းနိုင်သည်။

- တရုတ်နှင့် အရှေ့တောင်အာရှ တောင်းဆိုသည့် နိုင်ငံတစ်ခု သို့မဟုတ် ပိုများသည့် နိုင်ငံများ- ဘရူနိုင်း၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင် သို့မဟုတ် ဗီယက်နမ်ကြားတွင် တောင်တရုတ်ပင်လယ်၌ ရေကြောင်းအငြင်းပွားမှုအပေါ် လက်နက်ကိုင် ရင်ဆိုင်မှု၊

- ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ အလုံးအရင်းနှင့် ဝင်ရောက်မှုကြောင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ရှိရင်းဆွဲ နိုင်ငံရေး မတည်ငြိမ်မှု တိုးပွားလာပြီး ပြည်တွင်းမငြိမ်သက်မှု၊ သီးခြားအကြမ်းဖက်တိုက်ခိုက်မှု၊ သို့မဟုတ် ဒုက္ခသည်နှင့် ရွှေ့ပြောင်းများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊

- အဓိက အကြမ်းဖက် တိုက်ခိုက်မှု သို့မဟုတ် အိန္ဒိယ အုပ်ချုပ်သည့် ကက်ရှမီးယား နယ်မြေတွင် မတည်ငြိမ်မှု တိုးပွားလာခြင်းမှတစ်ဆင့် အိန္ဒိယ- ပါကစ္စတန်ကြား စစ်ရေးထိပ်တိုက်ရင်ဆိုင်မှု ဆိုးရွားလာခြင်း

- ဆွန်နီ၊ ရှီးယား၊ ကာ့ခ် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုနှင့် နိုင်ငံရေး ကွဲပြားမှုကြောင့် အီရတ်နိုင်ငံ ပိုမိုအစည်းပြေလာခြင်း၊ အစ္စလာမ္မစ် နိုင်ငံတော် တည်ရှိမှုကြောင့် ယင်းအခြေအနေ ဆိုးရွားလာခြင်း၊

- အစ္စရေးနှင့် ပါလက်စတိုင်းကြား တင်းမာမှု မြင့်တက်လာခြင်းကြောင့်  အရပ်သားများအပေါ် တိုက်ခိုက်မှု၊ ဆန္ဒပြမှုများ ကျယ်ပြန့်လာခြင်းနှင့် လက်နက်ကိုင် ရင်ဆိုင်ခြင်း၊

- ဆိုးရွားလာသည့် အကြမ်းဖက်မှု၊ ပြည်ပစစ်ရေး ဝင်ရောက်စွက်ဖက်မှု၊ အစ္စလာမ္မစ် နိုင်ငံတော် ရှိမှုကြောင့် လစ်ဗျား နိုင်ငံရေးအခြေအနေ ဆက်လက်ဆိုးရွားလာခြင်း၊

- စစ်သွေးကြွအုပ်စု များစွာ၊ အစိုးရနှင့် အတိုက်အခံပါတီများကြား တင်းမာမှုတို့ကြောင့် ပါကစ္စတန် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု တိုးပွားလာခြင်း၊

- အစိုးရ၏ ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများကို ဆန့်ကျင်ရာမှတစ်ဆင့် ဖိလစ်ပိုင်တွင် နိုင်ငံရေး မတည်ငြိမ်မှု ကြီးထွားလာခြင်း၊

- ၂၀၁၆ ခုနှစ် ဇူလိုင် အာဏာသိမ်းရန် ကြိုးပမ်းမှုပြီးနောက် တူရကီတွင် အာဏာရှင် ပိုဆန်လာခြင်းကြောင့် နိုင်ငံရေး မတည်ငြိမ်မှု တိုးပွားလာခြင်း၊

- ယူကရိန်း အရှေ့ပိုင်းဒေသတွင် ရုရှား အထောက်အပံ့ ရရှိထားသည့် ပြည်သူ့စစ်များနှင့် ယူကရိန်း လုံခြုံရေးအဖွဲ့များကြား အကြမ်းဖက်မှု တိုးပွားလာခြင်း၊ ရုရှား၏ ပေါ်တင်စစ်ရေး ဝင်ရောက်စွက်ဖက်မှု  ရှိနေခြင်း။

- ဟေတီသူပုန်များကို တိုက်ခိုက်ရေး ဆော်ဒီဦးဆောင်စစ်ရေး စွက်ဖက်မှုမှ တစ်ဆင့် ယီမင်ပြည်တွင်းစစ် ဆိုးရွားလာခြင်း

- ဗင်နီဇွဲလား နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးကျပ်တည်းမှုမှ တစ်ဆင့် အကြမ်းဖက် ပြည်တွင်းမတည်ငြိမ်မှုဆီ  ဦးတည်နိုင်ခြင်း

အလွှာ ၃ -  အဆင့်နိမ့် ကြိုတင်ကာကွယ်မှု ဦးစားပေး လုပ်ဆောင်ရန် လိုအပ်သည့် ဖြစ်နိုင်ခြေများ

- ဘူရွမ်ဒီနိုင်ငံရေး အကျပ်အတည်း ဆိုးရွားလာမှု၊ နိုင်ငံတော် အင်အားစုများ၊ အတိုက်အခံ အုပ်စုများနှင့် အရပ်သားများကြား အကြမ်းဖက်မှု တိုးပွား လာခြင်း

- ရွေးကောက်ပွဲ နှောင့်နှေးခြင်းကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှု တိုးပွားလာခြင်းမှ အကြမ်းဖက်မှု တိုးပွားလာခြင်း၊

- အစိုးရ၏ ဖိနှိပ်မှုများကို တုံ့ပြန်ရာမှတစ်ဆင့် အီသီယိုးပီးယားနိုင်ငံတွင် လူမျိုးရေး အကြမ်းဖက်မှုနှင့် ပြည်တွင်းမငြိမ်သက်မှု တိုးပွားလာခြင်း၊

- အရှေ့မြောက်ဒေသတွင် ဘိုကိုဟာရမ် စစ်သွေးကြွများ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် အခြားသော ပဋိပက္ခများကြောင့် နိုင်ဂျီးရီးယားတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု တိုးပွားလာခြင်း၊

- ဆိုမာလီယာနှင့် အိမ်နီးချင်း နိုင်ငများတွင် အယ်ရှာဘတ်များ၏ တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားခြင်း၊

- နိုင်ငံရေးနှင့် လူမျိုးရေး ကွဲပြားမှုမှ တစ်ဆင့် တောင်ဆူဒန်တွင် ပြည်တွင်းစစ် ဆိုးရွားလာပြီး အိမ်နီးချင်း နိုင်ငံများပေါ် မတည်ငြိမ်မှု ပြန့်ပွားလာခြင်း၊

- ဘုရင် ဘူမီဘောအဒူရာဒက်ရှ် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် သေဆုံးပြီးနောက် တော်ဝင်ထီးနန်းဆက်ခံမှု မသေချာခြင်း၊ စစ်အုပ်ချုပ်ရေး ရှိနေခြင်းတို့မှ တစ်ဆင့် ပေါ်ပေါက်လာသည့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊

- သမ္မတရောဘတ် မူဂါဘီကို ဆက်ခံရေးနှင့် ပတ်သက်နေသည့် မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ ဇင်ဘာဘွေ နိုင်ငံတွင် ဖြစ်ပွားမှု၊

- အစိုးရနှင့် လက်ဝဲဝါဒီ FARC သူပုန်များကြား ငြိမ်းချမ်းရေး သဘောတူညီချက် ပြိုလဲရာမှတစ်ဆင့် ကိုလံဘီယာတွင် နိုင်ငံရေး မတည်ငြိမ်မှု ပေါ်ပေါက်ပြီး သောင်းကျန်းမှု ပြန်လည်စတင်ခြင်း

- အငြင်းပွား နာဂါနို-ခရာဘတ် ဒေသနှင့် ပတ်သက်ပြီး အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ကြား စစ်ရေးပဋိပက္ခ  ပြန်လည်ပေါက်ပွားလာခြင်းတို့ ဖြစ်ကြသည်။ 

ကိုးကား - Foreign Policy
ချမ်းမြေ့