POST TYPE

ARTICLE

ဗဟိုဘဏ် မှာတမ်း
01-Jan-2017

ယခုလဆန်း ၅ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များနှင့် သက်ဆိုင်သော ညွှန်ကြားချက် လေးစောင်နှင့် ၉ ရက်နေ့က အမှာစာတစ်စောင် အသီးသီး ထုတ်ပြန်လိုက်သည်။

ညွှန်ကြားချက်များအနက် ပို့ကုန်ရငွေ စိစစ်ရေးအတွက် ညွှန်ကြားချက် နှစ်စောင် ထုတ်ပြန်လိုက်ပြီး ပို့ကုန်တင်ပို့ပြီး ခြောက်လအတွင်း ပြည်တွင်းသို့ ပို့ကုန်ရငွေ ပြန်လည်လွှဲပြောင်းမှု မရှိသော ကုမ္ပဏီစာရင်းကို ပြည်တွင်းဘဏ်များက ဗဟိုဘဏ်သို့ မပျက်မကွက် အကြောင်းကြားရန် ဖြစ်သည်။

ယင်းညွှန်ကြားချက်များမှာ ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာငွေလဲနှုန်း တစ်ရှိန်ထိုး မြင့်တက်နေချိန်၌ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကို လျှော့ချရန် သို့မဟုတ် အရှိန်တန့်စေရန် ဗဟိုဘဏ်၏ ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့သည့် အချက်အလက်များ ရှိသော်လည်း ထိုပို့ကုန်မှ ပြန်ရငွေဒေါ်လာများ ပြည်တွင်းသို့ ဝင်မလာခြင်းနှင့် ပို့ကုန်ရငွေ ပြန်လည်လွှဲပြောင်းခြင်း မရှိသော ကုမ္ပဏီစာရင်းကို ပြည်တွင်းဘဏ်များက အစီရင်ခံ တင်ပြရန် ညွှန်ကြားချက်ကို ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အဓိကက နိုင်ငံခြားငွေ အဝင်၊ အထွက်ကို အနီးစပ်ဆုံး သိရအောင်လို့ပါ။ အမှန်က ဥပဒေထဲမှာ ပါပြီးသား။ ပါပြီးသားကို မလုပ်ကြလို့ အသက်ဝင်အောင် တိုက်တွန်းတဲ့ သဘောပဲ” ဟု ဗဟိုဘဏ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ စီးပွားရေးပညာရှင် တစ်ဦးက ဆိုသည်။

ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာ အဝင်၊ အထွက် ပမာဏ မည်မျှရှိသည်၊ စာရင်းအရ ဒေါ်လာဝင်ရမည် ဖြစ်သော်လည်း ပြည်တွင်းဘဏ်များမှ စာရင်းတင်ပြသည့် အချိန်တွင် ပို့ကုန်ရငွေ (ဒေါ်လာ) စာရင်း မပါဝင်သောကြောင့် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်သည် ပြည်တွင်းငွေကြေးဈေးကွက်အတွက် အလှုပ်အခတ်အများဆုံး နှစ်တစ်နှစ် ဖြစ်ပြီး ဒေါ်လာငွေလဲနှုန်းမှာလည်း အတက်အကျ ကြမ်းခဲ့သည်။

လက်ရှိအစိုးရသက်တမ်း ကိုးလအတွင်း ဒေါ်လာငွေလဲနှုန်း ကျပ် ၂၅၀ ခန့် မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုး ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်။

ပြည်တွင်းဒေါ်လာ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ဗဟိုဘဏ်အနေနှင့် ဈေးကွက်၏ ကိန်းဂဏန်း၊ အချက်အလက်များစွာ လိုအပ်ပြီး ထိုအချက်အလက်များ ရရှိမှသာ ဈေးကွက်ကို ထိန်းကျောင်းနိုင်မည် ဖြစ်ကြောင်း အထက်ပါ စီးပွားရေး ပညာရှင်က ပြောသည်။

“အဲဒီဂဏန်းတွေ ရှိမှပဲ ဗဟိုဘဏ်ကလည်း ထိန်းလို့၊ ကစားလို့ ရမှာလေ။ မူဝါဒ ချမှတ်တဲ့ နေရာမှာ ဒီလိုကိန်းဂဏန်း အချက်အလက်တွေ မသိလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

ပို့ကုန်လုပ်ငန်းရှင်များ အနေနှင့် အမှန်တင်ပို့ခဲ့သော ပို့ကုန်မှရငွေကို ခြောက်လအတွင်း ပြည်တွင်းဘဏ်စာရင်းသို့ လွှဲပြောင်းရမည်ဖြစ်ပြီး မလိုက်နာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ်အပြင် သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်သည်။

သို့သော် ယင်းမှာ ဥပဒေ ပြဋ္ဌာန်းချက် ဖြစ်ပြီး ဗဟိုဘဏ်၏ ရည်ရွယ်ရင်းမှာ အရေးယူခြင်းထက် သတင်းပို့စေလိုခြင်းကိုသာ ဦးစားပေး သတ်မှတ်ထားသည်။

“အရေးကြီးတာက သတင်းပို့ရမယ် ဆိုတာကို လိုက်နာဆောင်ရွက်ဖို့က နံပါတ်တစ်ပါပဲ။ အချိန်ကာလကတော့ နောက်ကျတာ၊ စောတာ ရှိနိုင်တာပေါ့လေ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးဝင်းသော်က ဆိုသည်။

နောက်ထပ် ညွှန်ကြားချက်မှာ ပြည်တွင်းနေထိုင်သူများ၏ ပြည်ပရှိ ရင်းနှီးမြှုပ်နှံထားမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဗဟိုဘဏ်သို့ အစီရင်ခံတင်ပြရန်နှင့် ခွင့်ပြုချက် ရယူရန် ဖြစ်သည်။

ပြည်တွင်းဒေါ်လာ ဝယ်လိုအား မြင့်တက်နေချိန်တွင် ထိုဝယ်လိုအားကို ထောက်ပံ့ပေးနိုင်မည့် ဒေါ်လာများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရေး အစီအမံတစ်ခု ဖြစ်သော်လည်း ညွှန်ကြားချက် စာထုတ်ရုံဖြင့် ဒေါ်လာများ ပြည်တွင်းသို့ ပြန်ဝင်လာရေးမှာ မလွယ်ကူကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

ယခင်အစိုးရ အဆက်ဆက် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုနှင့် ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းထားသော နိုင်ငံခြားသုံး ငွေစည်းမျဉ်း သတ်မှတ်ရေးအက်ဥပဒေပါ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းအရ ပြည်တွင်းနေထိုင်သူများသည် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်နှင့် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်ခြင်းတို့ကို တရားဝင် လုပ်ဆောင်ခွင့် မရှိခဲ့ပေ။

သို့သော် ထိုအချက်များကြောင့်ပင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ရသည့်အခါ နိုင်ငံခြားငွေ ဘဏ်စာရင်းကို ပုံစံမျိုးစုံဖြင့် ဖွင့်ကြရသည်။

ထိုနိုင်ငံခြားငွေ ဘဏ်စာရင်း မည်မျှရှိသည်။ မည်သည့်လုပ်ငန်းကို မည်မျှပမာဏနှင့် လုပ်ကိုင်လည်ပတ်နေသည်ကို ဗဟိုဘဏ်သို့ သတင်းပို့ရန်နှင့် ခွင့်ပြုချက်ယူရန် ညွှန်ကြားချက် ထုတ်ခြင်း ဖြစ်သည်။

“ဒီစာရင်းတွေ တောင်းတယ်ဆိုတာက အရေးယူဖို့ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်းကတော့ နိုင်ငံက ထုတ်ထားတဲ့ ဥပဒေကို လိုက်နာဖို့ပဲ။ ဒီဥပဒေက ၂၀၁၂ ကတည်းက ထုတ်ထားတာ။ ဒီကာလအတွင်း ဒါကို မသိသေးတဲ့သူတွေ ရှိနေနိုင်တယ်။ ဒါကြောင့် ဒီစာကို သတိပေးစာ အနေနဲ့ ထုတ်တာ” ဟု ဦးဝင်းသော်က ဆိုသည်။

ထိုစာရင်းအချက်အလက်များကို အစီရင်ခံရန်နှင့် ခွင့်ပြုချက်ယူရန် ညွှန်ကြားချက် ထုတ်ခြင်းသည် ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းသော နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို အသက်ဝင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယခုစာထုတ်ချိန်တွင် သတင်းပို့သူများ အနေနှင့် တရားဝင်အဖြစ် သတ်မှတ်ခံရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

သို့ရာတွင် ယင်းသို့ ညွှန်ကြားချက် ထုတ်ရုံမျှဖြင့် ပြည်ပရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေလုံးငွေရင်းများ အမှန်တကယ် ဝင်ရောက်လာရန် မလွယ်ကူကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

ပြည်ပတွင် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာရန် မက်လုံးပေး ဆွဲဆောင်သည့်နည်းကို အသုံးပြုသင့်ကြောင်း ၎င်းက သုံးသပ်သည်။

ဗဟိုဘဏ်သည် လတ်တလော ပထမအဆင့် အနေနှင့် သတိပေး၊ အသိပေးစာ ထုတ်ပြန်ရုံသာ ဆောင်ရွက်ဆဲ ဖြစ်သော်လည်း နောက်တစ်ကြိမ် သတိပေးစာ ထုတ်ပြန်ချိန်တွင်မူ အရေးယူမှု ပါဝင်လာနိုင်ကြောင်း ဦးဝင်းသော်က ဆိုသည်။

“နောက်ထပ် သတိပေးစာ ထပ်ထုတ်ချိန်မှာ သတင်းပို့ဖို့ ပျက်ကွက်တာကို အရေးယူဖို့ ရှိလာနိုင်တယ်။ ပြည်ပမှာရှိတဲ့ ငွေတွေကို ကိုယ့်နိုင်ငံမှာ ပြန်လာရင်းနှီးမြှုပ်နှံမှု လုပ်မလား၊ ဒါမှမဟုတ် ပြည်ပမှာပဲ ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး လစဉ် စာရင်းရှင်းတမ်း ပေးပို့တာမျိုး လုပ်မလားပေါ့။ အဓိကက သတင်းပို့ဖို့ပဲ” ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်းမှ စီးထွက်သွားသော ဒေါ်လာများနှင့် နေ့စဉ် ပုံမှန်ဆောင်ရွက်နေသော ကုန်သွယ်မှု လုပ်ငန်းမှ စာရင်းပျောက်နေသော ပို့ကုန်ရငွေ ဒေါ်လာများ ပြည်တွင်းသို့ အမှန်တကယ် ဝင်ရောက်လာရန်နှင့် စာရင်းမှန်ရရှိရေး ဗဟိုဘဏ်၏ ဆောင်ရွက်ချက် မည်မျှထိရောက်နိုင်သနည်း။

ပို့ကုန်လိုင်စင် လျှောက်ထားပြီး အမှန်တကယ် သင်္ဘောဖြင့် ကုန်တင်ပို့လိုက်သော်လည်း ပို့ကုန်ရငွေ ဒေါ်လာများ စာရင်းပျောက်နေသည်ကို ဗဟိုဘဏ် တစ်ခုတည်းဖြင့် လုပ်ဆောင်၍ မရဘဲ မြေပြင်တွင် အမှန်တကယ် လုပ်ဆောင်နေသော ကုန်သွယ်ရေးနှင့် အကောက်ခွန် ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗဟိုဘဏ်နှင့် နီးစပ်သော စီးပွားရေးပညာရှင်က ဆိုသည်။

“အမိန့်စာထုတ်ရုံကတော့ ဥပဒေအရ လုပ်ထုံးလုပ်နည်း မှန်ပေမယ့် တကယ်တမ်း ပြောရရင်တော့ ပညာသား မပါဘူးပေါ့ဗျာ။ ရိုးရှင်းလွန်းအားကြီးတယ်။ ဟိုးတလောကပဲ ပနားမားစာတမ်းမှာ မြန်မာတွေ အများကြီး ပါတာပဲ ကြည့်လေ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်သည့် အမှာစာတွင်မူ အောက်ပါတို့ကို ညွှန်ကြားထားသည်။ 

ပြည်တွင်းဘဏ်များ၏ စာရင်းစစ်ဆေးပြီးသော လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းကို အများပြည်သူ သိရှိရန် အင်တာနက်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခြင်းနှင့် ဘဏ်ခွဲအသီးသီးတွင် မြင်သာသောနေရာ၌ ဖော်ပြခြင်းတို့ ဆောင်ရွက်ရန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင်ဘဏ်၊ အစိုးရတစ်ပိုင်းဘဏ်၊ တပ်မတော်ပိုင်ဘဏ်၊ ပုဂ္ဂလိကပိုင်နှင့် အများပိုင်ဘဏ် စုစုပေါင်း ၂၈ ဘဏ် ရှိသည်။ လက်ရှိတွင် ထိုသို့ စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေး အစီရင်ခံစာကို အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဘဏ်မှာ ဧရာဝတီဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ် နှစ်ခုသာ ရှိသည်။

အများနှင့် သက်ဆိုင်သော ဘဏ်နှစ်ခု ဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့သည် ၎င်းတို့၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဘဏ္ဍာရေး အစီရင်ခံစာ အကျဉ်းချုပ်ကို ဖော်ပြထားသည်။

အများပြည်သူသို့ ဘဏ္ဍာရေး အစီရင်ခံစာနှင့် ပတ်သက်သည့် အသိပေး ထုတ်ပြန်ခြင်းမှာ ထိုဘဏ်လေးခုသာ ရှိသည်။ ကျန်အများပိုင်ဘဏ်များ ဖြစ်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ်တို့၏ ဝက်ဘ်ဆိုက်များတွင် ဘဏ္ဍာရေးရှင်းတမ်း၊ နှစ်ပတ်လည် အစီရင်ခံစာများ အသိပေးထုတ်ပြန်ခြင်း မရှိပေ။

“ဒါကတော့ နှစ်ပိုင်းရှိတယ်။ အများပိုင်လား၊ ပုဂ္ဂလိကပိုင်လားပေါ့။ အများပိုင်ဘဏ်ကတော့ ဥပဒေအရကို သတင်းထုတ်ပြန်ပေးရမှာပဲ။ ဒါပေမဲ့ ပုဂ္ဂလိကပိုင်ဘဏ်ကတော့ ဒီလိုလုပ်ဖို့တော့ မလိုအပ်ဘူး ထင်တယ်” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။ 

သို့သော် လုပ်ငန်းအရွယ်အစား ကြီးမားလာလျှင်မူ အများပြည်သူအပေါ် ထိခိုက်နစ်နာမှုအတွက် သတင်းထုတ်ပြန်ရသည့် စည်းမျဉ်းစည်းကမ်းမျိုး နိုင်ငံတကာတွင် ရှိကြောင်း ၎င်းက ပြောသည်။

စာရင်းစစ်ပြီး ဘဏ္ဍာရေး အစီရင်ခံစာကို အများပြည်သူသို့ အသိပေးထုတ်ပြန်ရန် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတွင် ပြဋ္ဌာန်းထားပြီး ယင်းဥပဒေကို လိုက်နာရန် ပြည်တွင်းရှိ ဘဏ်များအားလုံးသို့ ဒီဇင်ဘာ ၉ ရက်နေ့၌ ဗဟိုဘဏ်က အမှာစာပေးပို့ ခြင်းဖြစ်သည်။

 ဗဟိုဘဏ်၏ အမှာစာပေးပို့မှု သုံးပတ်ခန့် ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ စာရင်းစစ်ဆေးပြီး ဘဏ္ဍာရေး အစီရင်ခံစာကို ပြည်တွင်းဘဏ်များ၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် မမြင်တွေ့ရသေးပေ။

ပြည်တွင်းဘဏ်များချည်းသာလော။ မဟုတ်ပါ။ ဗဟိုဘဏ်၏ အင်တာနက်ဝက်ဘ်ဆိုက်တွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အစီရင်ခံစာမှလွဲ၍ မည်သည့် အစီရင်ခံစာကိုမျှ ရှာဖွေမတွေ့နိုင်ပေ။ 

ဗဟိုဘဏ်၏ မှာတမ်းများကတော့ ထုတ်နေဆဲ... လိုက်နာမှုများကတော့ အားလုံးကိုယ်စီ အားနည်းနေဆဲ။ 

စစ်ငြိမ်းသူ