News

POST TYPE

ARTICLE

ဒီဂျေဝိုင်း
01-Jan-2017


နောင်တစ်ချိန်တွင် ဒီဂျေဝိုင်း ဖြစ်လာမည့် ရန်နောင်စိုးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် မွေးဖွားခဲ့သည်။

ကုန်သည်မျိုးရိုး ဖြစ်သည့်အတွက် မိဘ နှစ်ပါးမှာ ဂီတနှင့် ပတ်သက်ပြီး မနီးစပ်ခဲ့ကြ။

သူ့ကို မွေးပြီးနောက် မိဘနှစ်ပါးက မြောက်ဥက္ကလာသို့ ပြောင်းခဲ့ကြသည်။ သူသည် ဒဂုံ အ.ထ.က (၃) တွင် ကျောင်းနေခဲ့သည်။

မြောက်ဥက္ကလာမှ ဒဂုံ (၃) သည် အဝေးကြီး။ ကျောင်းကားနှင့် တက်ရသည်။ အိမ်အပြန် မိုးချုပ်သည်။ အိမ်နားမှာ လေ့လာစရာ ဘာမှမရှိ။

ဒီတော့ မြို့ထဲရှိ အစ်ကိုဝမ်းကွဲများ၏ နေအိမ်တွင် ကျောင်းပိတ်ရက်များတွင် နေပြီး လေ့လာရသည်။

ထိုစဉ်က ၁၉၉၅ ခုနှစ်။ ဂြိုလ်တုစလောင်း ဆိုသည်မှာ အိမ်တိုင်းတွင်း မရှိ။ အစ်ကိုဝမ်းကွဲအိမ်တွင် ရှစ်ပေစလောင်း တစ်ခုရှိ၏။

စလောင်းက လွှင့်သော MTV, Channel V စသော ဂီတလိုင်းတွေကို သူ အရူးအမူး စွဲလမ်းသည်။

အထူးသဖြင့် Underground အကကို စိတ်ဝင်စားသည်။ ယခု ဟစ်ဟော့ တေးသံရှင် ဖြစ်နေသည့် ရဲလေး၊ ဘိုလေးတို့နှင့်က ဘော်ဒါတွေ။

၁၉၉၈ ခုနှစ်တွင် သူနှင့် သူ့အစ်ကိုဝမ်းကွဲ ကိုစိုးမြင့်ထွန်းက တစ်တွဲ၊ ရဲလေးနှင့် ဘိုလေးက တစ်တွဲ သူတို့ အကများ လေ့ကျင့်ကြသည်။ ရှုခင်းသာကဲ့သို့ ပန်းခြံများတွင် ကက်ဆက်များ ဖွင့်ပြီး ကကြသည်။

ပြီးလျှင် ပြိုင်ကကြသည်။

“အဲဒီအချိန်တုန်းက Acid တို့ Underground ခွေလေး ထွက်ခါစဗျ။ ကလပ်တွေမှာတော့ Rapper တွေ အုပ်စုလိုက် ရှိနေပြီ။ အဲဒီခေတ်တုန်းက Rapper တွေ အဝတ်အစားက ဒီဘက်ခေတ်နဲ့တော့ နည်းနည်း ခြားသွားပြီ။ Old Skool စတိုင်လ်တွေလေ”

သူတို့အဖွဲ့သည် ကလပ်ထဲတွင် အင်္ကျီပွပွ၊ ဘောင်းဘီဂွကျ၊ ခေါင်းစည်းပုဝါတွေနှင့် ဦးထုပ် နောက်ပြန်စောင်းကြသည်။

၁၉၉၉ တွင် ဖခင်ဖြစ်သူ ကိုရီးယားနိုင်ငံက ပြန်လာသည့်အခါ သီချင်းခွေများ ပါလာသည်။ Electronic Music များ ပေါ်ခါစ အချိန်လွန်ပြီး Disco များ၊ House များ၊ Eurodance များ ခေတ်စားနေချိန်။

ထိုမြူးဇစ်ထဲမှာ အသံများကိုလည်း သူသတိထားမိပြီး EDM ကို တဖြည်းဖြည်း နားယဉ်လာသည်။ အခြားအပြင်က ကြားနေကျ Music များကို သိပ်စိတ် မဝင်စားတော့။

ထိုအချိန်တုန်းက ထွက်သော Club Dj များ၏ ခွေများ၊ DJ Joe, DJ Phyo, DJ Jay, DJ Ever တို့ ထွက်လာသောအခါ ထိုသီချင်းများကို သူ သဘောကျ၏။

သီချင်းများကို ကိုယ်တိုင် ဖန်တီးချင်လာသည်။ ဒီတော့ သူ့ဘာသာ သီချင်းများကို ပေါင်းစပ်ရန် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အကြံ ထုတ်ရသည်။

အိမ်တွင် ကက်ဆက် တစ်လုံးဖြင့် တီးလုံး တစ်ခုကိုဖွင့်ကာ အခြား ကက်ဆက်ဖြင့် အသံဖမ်း၏။

ထို့နောက် နောက်ထပ် တီးလုံး တစ်ခုကိုဖွင့်ကာ ပထမ အသံဖမ်းထားသော တီးလုံးဖြင့် ပေါင်းစပ်ပြီး ဖမ်း၏။

ရှစ်တန်းကျောင်းသား တစ်ယောက်သည် ကက်ဆက် နှစ်လုံး၊ ဒီဂျေတိတ်ခွေများဖြင့် Non Stop တီးလုံးများကို ဖန်တီးဖြစ်သည်။

ရှစ်တန်းကျောင်းသား ဒီဂျေပေါက်စ၏ အခွေ ပြီးသောအခါ နောက်ထပ် အခွေများစွာ ပွားကူးလိုက်သည်။

ထို့နောက် အခွေကာဗာတွင် လိုင်စင်ဆိုဒ်ဖြင့် ရိုက်ထားသော သူ့ပုံများ ကပ်ကာ ကျောင်းတွင်း နီးစပ်သူများအား လိုက်ဖြန့်၏။

ဤသည်ကား ဒီဂျေဝိုင်းဖြစ်လာမည့် ရန်နောင်စိုး၏ ပထမဆုံး ဒီဂျေအခွေ ဖြစ်သည်။

ထိုစဉ်က PS 1 ဂိမ်းစက်များ ခေတ်စားသည်။ အခြား ဆယ်ကျော်သက်တွေက ဘောလုံးဂိမ်း၊ သေနတ်ပစ်ဂိမ်းတို့ ဆော့သည်။

သူကတော့ သီချင်းတီးသည့် ဂိမ်းကိုသာ ရူးရူးမူးမူး ကစားသည်။ ရှစ်တန်းနှစ်တွင် သီချင်း တီးချင်လွန်းသဖြင့် အိမ်ကို ကွန်ပျူတာ ပူဆာသည်။

အမေက ဝယ်မပေး။ အဲဒီကတည်းက အမေ့ကို စိတ်ဆိုးပြီး စကား မပြောသည်မှာ သုံးနှစ်ကြာသွားသည်။

ဆယ်တန်းနှစ်ရောက်မှ အိမ်က ကွန်ပျူတာ ဝယ်ပေး၏။

“ကိုးတန်း၊ ဆယ်တန်းမှာ ကိုယ့်နာမည်ကိုယ် ဒီဂျေဝိုင်းလို့ ပေးထားလိုက်တာ၊ ကျောင်းပွဲတွေကျရင် ကက်ဆက်ကြီးကို ကျောင်းကို မလာပြီး ကိုယ်ပေါင်းစပ်ထားတဲ့ တီးလုံးတွေ ဖွင့်ပြတယ်”ဟု ဒီဂျေဝိုင်းက ဆိုသည်။

ထိုအချိန်တုန်းကတော့ အပျော်တမ်း။ သူ ဆယ်တန်းတွင် စင်ကာပူမှ SAE (Audio Engineering) ကို RC3 တွင် လာဖွင့်သည်။

ထိုကတည်းက သူ့တွင် ထိုကျောင်းကို တက်ဖို့သာ ရည်ရွယ်ခဲ့ပြီး အခြား ဘာကိုမှ မတက်ရန် ဆုံးဖြတ်ခဲ့သည်။ ဆယ်တန်း အောင်တော့ ထိုကျောင်းကို သူ တက်ဖြစ်သည်။

“အဲဒီမှာ ကျွန်တော့်ဆရာ ဒီဂျေ Jam နဲ့ တွေ့တယ်။ အခု သီချင်းတီးတဲ့လူ တော်တော်များများ အဲ့ဒီကျောင်းကို လာတက်ကြတယ်ဗျ။ အခု အမတ်လုပ်နေတဲ့ ကိုဇေယျာသော်တောင် တစ်ဝက်လောက် တက်လိုက်သေးတယ်”

ထိုအချိန်က အိမ်တွင် စီးပွားရေး အဆင်မပြေ။ သူ့ ကွန်ပျူတာကလည်း ပျက်သွားသည်။ ပြင်ဖို့ရန် ငွေမရှိ။ အသစ်လည်း မဝယ်နိုင်။

ကွန်ပျူတာ မရှိလျှင် တီးစရာ မရှိ။ သူ့အတွက် အဆင်မပြေ။ ဒီတော့ မြို့ထဲက သူ့သူငယ်ချင်း ဖွင့်ထားသည့် ဂိမ်းဆိုင်ကို သွားသည်။

ဂိမ်းဆိုင်တွင် ဂိမ်းစက်များကို ထိန်းချုပ်ထားသည့် ထိပ်ဆုံးဆာဗာ အလုံးရှိသည်။ သူငယ်ချင်းကို ဆိုင်စောင့်ပေးရင်း သူက ဆာဗာအလုံးတွင် သီချင်း တီး၏။

ဆိုင်တွင် ဂိမ်းဆော့နေသည့်သူများက နားညည်းသဖြင့် သူ့ကို ဝိုင်းပြောကြသည်။ သူ ဂရုမစိုက်နိုင်။

သီချင်းတီးဖို့သာ သူ့အတွက် အဓိက။

“စစချင်း Underground က ဟစ်ဟော့သမားတွေကို ကျွန်တော်က တစ်ပုဒ် ငါးထောင်နဲ့ သီချင်း တီးပေးတယ်၊ အဲ့ဒီ ဂိမ်းဆိုင်မှာပဲ တီးပေးတာ၊ အဲ့ဒီတုန်းက Hip Hopမှာ နာမည်ကြီး အတီးသမားတွေ ကိုအေးစိုးတို့၊ ကိုမြင့်ဇော်တို့ ဘာတို့လောက်ပဲ ရှိသေးတယ်။ သူတို့က မအားတာ များတယ်။ ကျွန်တော်က တီးတတ်တာ သိထားတော့ တစ်ဆင့်စကား တစ်ဆင့်နဲ့လာကြတယ်။ Blue Berry အဖွဲ့က ကောင်မလေးတွေဆို ကျွန်တော် ပထမဆုံး တီးပေးလိုက်တာပဲ။ သူတို့ ဖွင့်ထားတဲ့ စတူဒီယိုလေးမှာပဲ တီးပေးဖြစ်တာ Pop တွေပေါ့။ နောက်ပိုင်း သူတို့ကနေတစ်ဆင့် အဆိုတော် အတော်များများကို တီးပေးဖြစ်သွားတယ်”

ဂိမ်းများထဲတွင် ဒီဂျေတီးလုံးများ ပေါင်းစပ် ဆော့လာသည့် သူ့အတွက် ဒီဂျေစက်သည်လည်း အစိမ်းသက်သက် မဟုတ်။

“ကျွန်တော့်ဆရာနဲ့ သင်္ကြန်ပွဲတွေ ဘာတွေ လိုက်သွားတဲ့အခါ ဒီဂျေစက်ကို သူကိုင်တဲ့အခါ ကျွန်တော် ဂရုတစိုက် လေ့လာထားတယ်။ ကိုယ်တိုင် ဝင်ကိုင်ကြည့်တဲ့အခါ အိုကေပဲ။ ကျွန်တော့်မှာက ဒီဂျေနဲ့ ပတ်သက်လို့ ပါရမီပါလာတယ်လို့ ဆိုရမလားပဲ။ ကိုင်ပြီး နေ့ပိုင်းအတွင်းပဲ အဲဒီစက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်သွားတာ။ အဲဒီတုန်းက ကျွန်တော်က Note တွေ သိပ်မသိသေးဘူး။ Earing နဲ့ပဲ လိုက်တီး ကြည့်သေးတာ”

သွေးကြောမျှင် တစ်ခုချင်းစီထဲတွင် ရုန်းကြွနေသည့် ဗီဇသည် အားကောင်းမောင်းသန် အနုပညာ တစ်ခု၏ မြစ်ဖျားခံရာဟု ဆိုပါလျှင်။

“အဲဒီတုန်းက မြန်မာပြည်ရဲ့ ပထမဆုံးဒီဂျေ သုံးယောက်က ဒီဂျေဖြိုး၊ ဒီဂျေသော်သော်၊ ဒီဂျေရွှေပုပေါ့။ ကျွန်တော်က ဒီဂျေပေါက်စဘဝ။ အဲဒီတုန်းက Underground မှာ ဒီဂျေကျော်ငြိမ်း ဆိုတာရှိတယ်။ ဒီဂျေစက်မှာက Player နဲ့ Mixer တွဲလျက်၊  အဲ့ဒီတုန်းက ကျော်ငြိမ်းဆီမှာက Mixer ပဲရှိတာ။ Player ကိုက ဘားလမ်းမှာရှိတဲ့ CD Desk တွေကို နှစ်လုံးဆင့်ပြီး တွဲဖွင့်ကြတာ ... ဒီဂျေစက် အစစ်တောင် မရှိကြသေးဘူး”

ဒီဂျေအချို့က နိုင်ငံခြားမှ တီးပြီးသား တီးလုံးများကို ပေါင်းစပ်ကာ တီးကြသော်လည်း သူကတော့ ကိုယ်ပိုင် တီထွင်ထားသည့် တီးလုံးများကိုသာ တီးဖြစ်သည်က များသည်။

ထိုစဉ်က အိမ်က မြူးဇစ် လုပ်မည်ဆိုလျှင် တေးသံရှင် ဖြစ်စေချင်၏။ တေးသံရှင်က ငွေရသည်ကိုး။

သူက အတီးသမားပဲ လုပ်ချင်သည်။ အထူးသဖြင့် Producer လုပ်ချင်သည်။

“Producer ဆိုတာနဲ့ လူတွေက သီချင်းတွေ ထုတ်ပေးတဲ့ ထုတ်လုပ်သူလို့ ထင်ကြတယ်။ အမှန်က Producer ဆိုတာက အခု ကိုဥက္ကာဦးသာတို့ စခဲ့တာပေါ့။ ကီးဘုတ်တွေ၊ ကွန်ပျူတာတွေနဲ့ မြူးဇစ်တွေကို ဖန်တီး ထုတ်လုပ်ပေးတာကို ခေါ်တာ။ ဒီဂျေမှာ နှစ်မျိုး ရှိတယ်။ ကလပ်မှာ ဖွင့်တဲ့လူတွေနဲ့ Producer ဆိုပြီးရှိတယ်။ ကျွန်တော်တို့က Producer ပေါ့”

Underground တွင် သူတီးထားသည့် သီချင်းခွေ ဆယ့်ငါးခွေခန့် ကိုယ်ဘာသာ လုပ်ခဲ့သည်။ ကိုယ့်ဘာသာ စီဒီခုတ်၊ အခွေကာဗာ ပရင့်ထုတ်ကာ နီးစပ်ရာ လူတွေဆီ အလကား ဖြန့်ရသည်။

ထိုစဉ်ကတည်းက သူ့နာမည်က ဒီဂျေဝိုင်း။အချို့ နာမည်ရပြီးသား ဒီဂျေအချို့ထံ သူ့အခွေများ ရောက်သွားသည်။

ထိုစဉ်က ကိုယ်ပိုင် တီးလုံးဖြင့် တီးသော ဒီဂျေ မြန်မာနိုင်ငံတွင် မရှိသေး။

ဒီတော့ ဒီဂျေများသည် သူ့သီချင်းခွေလေးကို ကလပ်များတွင် ဖွင့်ပေးကြသည်။

“အဲဒီတုန်းက ကလပ်မှာ လုပ်ချင်ရင် ချိတ်ပေးတဲ့ ပွဲစားတွေရှိတယ်။ ပွဲခ သုံးသောင်း ပေးရတယ်။ ကျွန်တော်လည်း အဲ့ဒီတုန်းကသာ ကလပ်ဒီဂျေဖြစ်သွားရင် ဒီလိုတောင် ဖြစ်ချင်မှ ဖြစ်လာမှာ”

၂၀၀၄ တွင် IMP အဖွဲ့၏ မျက်နှာသီချင်း Remix ကို ဒီဂျေဝိုင်း ဖန်တီးဖြစ်သည်။

ထိုသီချင်း Remix က ပေါက်သွားခဲ့၏။ ကလပ်များ၊ သင်္ကြန်မဏ္ဍပ်များတွင် မျက်နှာအသံများ ကြီးစိုးသွားသည်။

၂၀၀၅ တွင် Underground မှ သူတက်လာခဲ့သည်။ ဒီဂျေဂျေး၊ သားစိုးတို့နှင့်အတူ သူ အခွေထွက်နိုင်ခဲ့၏။

သားစိုး၏ ရောသမမွှေ၊ ဒီဂျေဂျေး၏ အေဘီ စီဒီတို့ကို သူ တွဲဖက် တီးပေးခဲ့သည်။

“ကျွန်တော်က ဆိုလိုအယ်ဘမ် မထုတ်ချင်ဘူးဗျ။ တစ်ပုဒ်ချင်းစီပဲ ထုတ်ရတာကို သဘောကျတယ်။ ဆိုလိုအယ်ဘမ်တွေက သိပ်ထိရောက်မှု မရှိဘူးလို့ ကျွန်တော် ထင်တယ်။ ၁၅ ပုဒ်လောက် တီးမှ နှစ်ပုဒ်လောက် ပေါက်တာဆိုတော့ ကျန်တဲ့အပုဒ်တွေကို နှမြောလို့”

သင်္ကြန် မဏ္ဍပ်များတွင် ဒီဂျေဝိုင်း၏ သီချင်းများ ပေါက်လာသည်။ ပိုက်ဆံရလာသည်။

ထို့ကြောင့် အိမ်အောက်ထပ်ခန်းကို စတူဒီယို ပုံစံပြင်လိုက်သည်။ ကွန်ပျူတာနှင့် ကီးဘုတ်အသစ် ဝယ်လိုက်သည်။

တဖြည်းဖြည်းချင်း သီချင်းတီးမည့် ပစ္စည်းများ တစ်ခုချင်းစီ စုဝယ်ရသည်။

၂၀၀၅ မှ ၂၀၀၇ ခုနှစ်အထိကို ခက်ခက်ခဲခဲဖြင့် ရပ်တည် စုဆောင်းခဲ့ရ၏။

“အဲဒီတုန်းက ဝါသနာပဲ ရှိသေးတယ်၊ အသက်မွေးဝမ်းကြောင်းအထိ မရသေးဘူး။ အတော်များများကို အိမ်ရဲ့ အကူအညီ ယူနေရသေးတယ်”

၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် စတိတ်ရှိုးများ၊ ဒီဂျေပွဲများမှ ဝင်ငွေရလာပြီး ရပ်တည်လာနိုင်ခဲ့သည်။

နောက်ပိုင်း ရုပ်ရှင်နောက်ခံ တီးလုံးများ တီးခတ်လာရသည်။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအတွက် သီချင်းရွေးချယ်ရေးအဖွဲ့တွင် အသက်အငယ်ဆုံး ဒိုင်အနေနှင့် ပါဝင်လာခဲ့သည်။ ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲ သီချင်းများကို အကယ်ဒမီ ဓီရာမိုရ်နှင့် အတူတွဲဖက်၍ တီးခတ်ခဲ့ရသည်။ “ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကျ တစ်ယောက်တည်း မတီးနိုင်ကြဘူး။ ဒီတော့ ဒီမှာရှိတဲ့ အတီးသမားတွေ အကုန်လုံး အပိုင်းလိုက် ခွဲပြီး တီးရတယ်ဗျ။ တစ်ယောက်နဲ့ တစ်ယောက် တာဝန်ခွဲယူရတယ်။ အဲဒါကျ ဒီဂျေနဲ့ မဆိုင်တော့ဘူးဗျ။ မြူးဇစ်က ဆုံသွားပြီ။ သြဂတ်စထရာ အသံတွေ ထည့်တီးရတော့တာ”ဟု ဒီဂျေဝိုင်းက ဆိုသည်။

“နိုင်ငံခြားမှာ ဒီဂျေတစ်ယောက် ဖျော်ဖြေတာက တစ်ပွဲလုံးမှ တစ်နာရီလောက်ပဲ ဖျော်ဖြေတာ။ ဒီမှာက သင်္ကြန်ဆိုလည်း လေးရက်လုံးလုံး ဒီဂျေတစ်ယောက်တည်းက ဖျော်ဖြေတာဆိုတော့ သီချင်းတွေက ထပ်လာတယ်။ အဲဒီမှာ လူတွေက မကြိုက်ကြတော့ဘူး။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး သီချင်းတွေ မထပ်အောင် ရှောင်တယ်။ အခုကတော့ ဒီဂျေနဲ့ ပတ်သက်လို့ အဲဒီလို အယူအဆ အလွဲတွေနဲ့ပဲ သွားနေရတာပေါ့။ ဒီနောက်ပိုင်းတွေမှာမှ DJ တစ်ယောက်ကို တစ်နာရီ၊ နှစ်နာရီစီ Set နဲ့ ဖွင့်တာတွေ ခေတ်စားလာတော့ ခုနကလိုမျိုး သီချင်းထပ်တာတွေ လျော့လာတယ်”

မြန်မာဂီတရေစီးတွင် အားကောင်းမောင်းသန် စီးဆင်းလာသည့် EDM မြစ်တစ်စင်းထဲတွင် ဒီဂျေဝိုင်းသည် ပင်နယံတစ်ခုဖြစ်သည်။

“မနှစ်က သင်္ကြန်မှာတော့ ကျွန်တော့်တို့ကို Artist လို သဘောထားကြတာ တွေ့လာရတယ်။ အရင်ကဆို ဒီဂျေကို လူတွေက ဂရုမစိုက်ကြဘူး။ ဖွင့်ချင်ရာဖွင့် ကိုယ့်ကိုလည်း သူတို့က ဂရုမစိုက်ဘူး။ မဏ္ဍပ်နဲ့ အဆိုတော်ကိုပဲ ကြည့်ပြီး လာကြတာ များတယ်။ အခုတော့ ဒီဂျေကိုကြည့်ပြီး မဏ္ဍပ်လာတဲ့လူတွေ များလာတာ တွေ့ရတော့ ကျေနပ်ပါတယ်”ဟု သူကဆိုသည်။

ဒီဂျေသည် သူ ဖန်တီးလိုက်သော အနုပညာအတွက် သူ ကျေနပ်နေသည်။

“ဝါသနာကို ဘယ်တော့မှ လက်မလျှော့နဲ့။ တစ်စိုက်မတ်မတ်သာလုပ်။ ကိုယ် သွားနေတဲ့လမ်းရဲ့ ရှေ့နားမှာ အောင်မြင်ခြင်းဆိုတာ ရှိကိုရှိတယ်”

ဒီဂျေဝိုင်းသည် လူငယ်များကို ထိုသို့ပင် သတင်းစကား ပါးလိုက်သည်။

ခက်ဇော်(KZ)

  • VIA