News

POST TYPE

ARTICLE

ရန္တပိုသို့ရောက်ခဲ့သည်
01-Jan-2017

ထိုရွာလေးသည် မြန်မာ့သမိုင်း တစ်ထောင့် တစ်နေရာမှာပါခဲ့ဖူးသော ရွာကလေးဆိုတာ သိသူတွေ ရှိမည်ဖြစ်သော်လည်း ရောက်ဖူးသူတော့ အတော် ရှားလိမ့်မည်။ မြင်းခြံမြို့အနီးရှိ ရွာကလေး၊ ဧရာဝတီမြစ်ကမ်းနဖူးက ရွာကလေး၊ အိုးလုပ်ငန်းဖြင့် အသက်မွေးသော ရွာကလေး။ ထိုရွာကလေးမှာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဖူးသည့် ရွာလေးဖြစ်ပြီး ယခုထိတိုင် သာမန်ရွာလေး တစ်ရွာအဖြစ် ထွေထွေထူးထူး ပြောင်းလဲခြင်း မရှိခဲ့ပေ။

ရန္တပိုရွာလေးသို့ ကားလမ်း၊ ရေလမ်း နှစ်မျိုးဖြင့် သွားလာနိုင်သည့်အနက် ရေလမ်းကသာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုရမည်။ ကားလမ်းဖြင့်သွားလျှင် မြို့သာ စက်မှု ဇုန်ဘက်မှသော်လည်းကောင်း၊ နဘူးအိုင်ဘက်မှသော်လည်းကောင်း၊ မြင်းခြံဘက်မှသော်လည်းကောင်း အမျိုးမျိုး သွားလာနိုင်သော်လည်း ခက်ခဲကြမ်းတမ်းသော လမ်းများသာ ဖြစ်သည်။ မည်သည့် လမ်းကပဲဝင်ဝင် ကား နှစ်စီး မရှောင်သာအောင် ခက်ခဲသော ရန္တပိုရွာအဝင်လမ်းကို ဝင်ရမည်ပင်။ ထိုမျှ လမ်းကြမ်းမှတော့ ရန္တပိုရွာလေးကို လာရောက် လည်ပတ်သူ ဧည့်သည် ရှားပါးသည်မှာ မဆန်းဟုသာ ဆိုရပေမည်။

ရန္တပိုရွာသည် မန္တလေးမှ ပုဂံသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာသော နိုင်ငံခြား ခရီးသွားများ နှုတ်ဖျားတွင် နာမည်ကြီးနေသည်မှာ ကြာပါပြီ။ ထိုရွာလေးတွင် ခေတ်မီ တည်းခိုစရာ အဆောက်အအုံ တစ်ခုလည်းရှိပြီး နိုင်ငံခြားသား ဈေးကွက် သီးသန့်သာ ရည်ရွယ်ခြင်း ဖြစ်သောကြောင့် ထင်သည်။ ဒေါ်လာဖြင့် ကောက်ခံသော စားသောက်နေထိုင် တည်းခိုစရိတ်များသည် ပြည်တွင်း ဧည့်သည်များ အဖို့တော့ ဈေးနှုန်း ကြီးမြင့်သည်ဟု ဆိုနိုင်သည်။ 

ထိုအဆောက်အအုံမှလွဲ၍ ရန္တပိုရွာလေးသည် ပီဘိအညာရွာလေး တစ်ခုသာ။ ဟိုတယ် မရှိ၊ စားသောက်ဆိုင် မရှိ၊ ထမင်း ဆိုင်လေး တစ်ဆိုင်တောင် မရှိခဲ့ပါ။ ရန္တပို ရွာလေးမှာ ဧရာဝတီမြစ်ကမ်းကို အမှီပြုထားသော ဆိပ်ကမ်းလေး တစ်ခုရှိသည်။ ထိုဆိပ်ကမ်းလေးသည် ခပ်လှမ်းလှမ်းက မြို့သာစက်မှုဇုန်၊ ဆီမီးခုံဆိပ်ကမ်းတို့လို  စီမံကိန်းကြီးတွေနှင့် ဘာမှမဆိုင်။ သို့သော် ရန္တပိုရွာလေးမှာ အထူးတလည် ဂုဏ်ယူစရာ တစ်ခုတော့ ရှိနေသည်။ ထိုအရာသည်ကား ရန္တပိုစာချုပ် အမှတ်တရ ကျောက်တိုင်ကြီးဖြစ်သည်။

ကိုလိုနီ အင်္ဂလိပ်နယ်ချဲ့တို့အောက် မြန်မာပြည်ကို သိမ်းပိုက်ပြီးသည့် ၁၈၂၆ ခုနှစ် (စစ်ကိုင်းမင်းလက်ထက်)တွင် အင်္ဂလိပ် ကိုယ်စားလှယ် သံအဖွဲ့နှင့် မြန်မာဘုရင် ကိုယ်စားလှယ် သံအဖွဲ့တို့သည် ရွာလေးမှာပင် စစ်ပြေငြိမ်းရေး စာချုပ် လက်မှတ် ထိုးခဲ့ကြခြင်းဖြစ်သည်။ ရန္တပိုရွာတွင် ရေးထိုးသောကြောင့် ရန္တပိုစာချုပ်ဟု တွင်ခဲ့ပြီး ရန္တပိုရွာလေး၏ အမည်နာမသည်ပင် ငြိမ်းချမ်းရေး အဓိပ္ပာယ်ကို ဆောင်သလိုဖြစ်ခဲ့သည်။

ယခုမူ ရန္တပိုစာချုပ်လည်း နှစ်ပေါင်း ၁၉၀ ကြာခဲ့ပြီ။ မူလက ရန္တပိုစာချုပ်ချုပ်ဆိုရာ နေရာရှိ အထိမ်းအမှတ် ကျောက်တိုင်သည် ကာလကြာမြင့်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့်အထဲ ပါသွားသဖြင့် ယခု ရန္တပိုရွာတွင် မြင်တွေ့နေရသည့် ကျောက်တိုင်သည် ၂၀၀၅ ခုနှစ်ကမှ ပြန်လည် စိုက်ထူထားသော ကျောက်တိုင် အသစ်ဖြစ်သည်။

ရန္တပိုစာချုပ် အထိမ်းအမှတ် ကျောက်တိုင်မှသည် မြစ်ကမ်းနဖူးကို လှမ်းကြည့်လိုက်မည်ဆိုပါက အိုးတွေကို  စက်လှေပေါ် အစီအရီ တင်နေကြသော လုပ်သားများကို တွေ့ရပေမည်။ ထိုမော်တော်နှင့် ကပ်လျက်မှာတော့ နိုင်ငံခြားခရီးသွားများ ပါဝင်သည့် အပျော်စီးသင်္ဘောကြီး။

ရန္တပိုရွာကို နိုင်ငံခြား ခရီးသွားတို့ စိတ်ဝင်စားရသည်မှာ ရန္တပိုရွာရှိ အိုးလုပ်ငန်းကြောင့်လည်း ပါသည်။ ရန္တပိုက ထွက်သော သောက်ရေအိုးများသည်လည်း  မြန်မာတစ်နိုင်ငံလုံးရှိ မြို့အသီးသီးတွင် နာမည်ကျော်ဆဲ မဟုတ်ပါလား။

မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှုသည် အိုးလုပ်ငန်းနှင့် မကင်းနိုင်ခဲ့။ ခေတ်အဆက်ဆက် သမိုင်း အဆောက်အအုံများ ပြန်လည် တူးဖော်ရာမှာလည်း အိုးခြမ်းပဲ့၊  အိုးကွဲများကို ခွဲခြား လေ့လာနိုင်ပြန်သည်။ မြန်မာ့ဆိုရိုး စကားပုံများမှာလည်း အိုးနှင့် ပတ်သက်သော စကားပုံများက မနည်းလှ။  အိုးချင်းထား အိုးချင်းထိ၊ အမဲရိုးနှယ် ဟင်းအိုးမှအားမနာ၊ သူ့အိုးနဲ့သူ့ဆန်၊ အိုးစားဖက်၊ တစ်အိုးတစ်အိမ်၊ အသက်အိုးအိမ် စည်းစိမ် စသဖြင့်။ အိုးလုပ်ငန်းသည် မြန်မာ့ လူမှုဝန်းကျင်တွင် ခေတ်အဆက်ဆက် လည်ပတ်ဆဲ။

ရန္တပိုရွာလေးမှာလည်း အိုးလုပ်ငန်းသည် ခေတ်ကာလကြာမြင့်ခဲ့ပြီ။ မြစ်ကမ်း နဖူးကရွာလေးပီပီ အိုးလုပ်ငန်းအတွက် ရွှံ့စေးမြေသည် မရှားခဲ့။ သည်ကမ်းနဖူးက ရွှံ့စေးကို တူးပြီး အိုးလုပ်သည်။ ပြီးတော့ သည်ကမ်းကနေပဲ အိုးတွေ မြို့အနှံ့ဖြန့်သည်။ ရန္တပိုရွာလေး၏ အိုးလုပ်ငန်းသည် လည်ပတ်နေမြဲ။

“အဘွားတို့ အိုးလုပ်ငန်းလုပ်တာ ဘယ်လောက် ကြာပြီလဲဆို မိဘဘိုးဘွားများ လက်ထက်ကတည်းကပဲ ဆိုပါတော့။ ဒီတစ်ရွာလုံးလည်း ဒါပဲ လုပ်ကြတာ”ဟု အသက် ၈၀ ကျော်အရွယ် ရန္တပိုရွာခံ အဘွားဒေါ်ကြည်က ဆိုသည်။

ရန္တပိုတွင် တောင်ရွာ၊ မြောက်ရွာ ရှိသည့်အနက် မြောက်ရွာက အိုးလုပ်ငန်း အဓိကလုပ်ပြီး တောင်ရွာက တောင်သူလုပ်ငန်းဖြင့် အသက်မွေးသည်။ မြောက်ရွာတွင် အိုးလုပ်ငန်း ပြုလုပ်သည့် အိမ်ခြေ ၉၀ ခန့်ရှိသည်ဟု သိရသည်။ အိုးလုပ်ငန်းသည် ကိုယ့်အိမ် ကိုယ့်ဝိုင်းထဲ မိသားစု လုပ်ငန်းအဖြစ် ပြုလုပ်ကြခြင်းဖြစ်ပြီး အိုးလုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးသည် တစ်ရက်လျှင် သောက်ရေအိုးပေါင်း ၃၀-၃၅ လုံးခန့် လုပ်နိုင်သည်ဟု ဆိုသည်။

အိုးလုပ်ငန်း လုပ်ရန်အတွက် အဓိက လိုအပ်သော ရွှံ့စေးကို မြစ်ကမ်းနဖူးက တူးပြီး ထော်လာဂျီဖြင့် တိုက်ကာ အိမ်ဝိုင်းထဲ ဖြန့်ထားရသည်။ ခပ်သွေ့သွေ့ ဖြစ်လာသော ရွှံ့ခြောက်တုံးများကို ရွှံ့ခြောက်ခြောက်တောင်း၊ ရေ လေးပုံးနှုန်းဖြင့် အင်တုံထဲ ရောသမပြီး တစ်ညသိပ်နှပ်ထားရသည်။ နောက်နေ့ရောက်လျှင်တော့ ထိုရွှံ့စေးများကို သဲသုံးတောင်းဖြင့်ရောပြီး အိုးလုပ်ငန်း ပြုလုပ်ရန် အဆင်သင့် ပြင်ရသည်။

ရန္တပိုရွာမှထွက်သော သောက်ရေအိုးများသည် ရွှံ့နှစ်ဆ၊ သဲတစ်ဆ ရောစပ်သည့် ရွှံ့စေးဖြင့် ပြုလုပ်ခြင်းကြောင့် သဲပါဝင်မှုပိုများပြီး ရေစိမ့်အား ပိုကောင်းသည်။  သောက်ရေထည့်လျှင် ပိုအေးသည်ဟု ဆိုကြသည်။ နယ်နှပ်ပြီးသော ရွှံ့စေးများကို အိုး တစ်အိုးစာ ပြုလုပ်နိုင်ရန် တောင်ဆုပ်ခန့် အတုံးကြီးများ ပြုလုပ်ပြီး ဂုန်နီအိတ်နှင့် အုပ်ထားရသည်။

အိုးလုပ်ငန်းစပြီဆိုလျှင် တစ်ဦးက အိုးထိန်းစက်ကို ခြေနင်းကြိုးဖြင့် ဆွဲကာ လှည့်ပေးရပြီး အိုးလုပ်သူက အိုးထိန်းစက် ပေါ် ရွှံ့စေးတုံးတင်လျက် ပုံဖော်ရသည်။ ပုံကြမ်းရပြီဆိုလျှင် နေရိပ်ထဲ လေသလပ်ခံပြီး ရွှံ့စေးများ ခပ်ထန့်ထန့် ဖြစ်အောင် ထားရသည်။ နောက်နေ့ဆိုလျှင် ထိုအိုးစိမ်းကို လက်ခတ်၊ လက်ခုတို့ဖြင့် ထု၍ပန်းခတ် ပုံဖော်ရသည်။

ရလာသော အိုးစိမ်းများကို နေရိပ်ထဲမှာပင် ဖြန့်ကာ လှမ်းရသည်။ နေရိပ်ထဲ ၄၊ ၅ ရက်ခန့် လှမ်းပြီးလျှင်တော့ အိုးစိမ်းတို့ အရောင်ခပ်ဖွေးဖွေး ဖြစ်လာပြီ။ အိုးစိမ်းများ အိမ်ဝိုင်းထဲ မဆန့်လောက်အောင် များလာပြီဆိုပါက အိုးဖုတ်ရန် ပြင်ဆင်ကြလေပြီ။

ရန္တပိုရွာတွင် နေ့စဉ် တစ်အိမ်မဟုတ် တစ်အိမ်ကတော့ အိုးဖုတ်နေတတ်သည်။ အိုးပြုလုပ်စဉ်က ကိုယ့်အိမ် ကိုယ့်သားနှင့် တက်ညီလက်ညီ လုပ်နိုင်သော်လည်း အိုးဖုတ်တော့မည်ဆိုပါက တစ်ရွာလုံး ဝိုင်းဝန်းကြရသည်။ အိုးဖုတ်မည့် အိုးဖို တစ်ဖိုသည် တစ်ခါဖုတ်လျှင် အိုးအလုံးရေ ၃၀၀၀ ခန့် ပါသည်မို့ လူများများ ဝိုင်းဝန်းမှရသည်။ အိုးဖုတ်တော့မည်ဆိုပါက အိုးဖုတ်မည့်အိမ်သည် လာရောက်ကူသည့် အိမ်နီးချင်းများကို ကျွေးမွေး ဧည့်ခံရသည်။ တပျော်တပါး တစုတရုံး စားသောက်ကြပြီးပါက အိုးဖုတ် လုပ်ငန်းစတော့သည်။

ရန္တပိုရွာတွင် အိုးဖုတ်ခြင်းသည် အလုံပိတ်ဖိုများနှင့် ဖုတ်ခြင်း မဟုတ်။ ကွင်းပြင်ကျယ်ထဲ အိုးတွေစုပုံပြီး ကောက်ရိုးအုံကာ မီးဖုတ်ခြင်းမျိုး ဖြစ်သည်။ ရှေးဦးစွာ အိုးဖုတ်မည့် ကွင်းပြင်ကျယ်ကို သန့်ရှင်းရသည်။ လောင်စာအဖြစ် မြေပဲခွံ၊ ထင်းခေါက်၊ စပါးခွံတို့ကို ဖြန့်ခင်းရသည်။ ထိုလောင်စာများ အပေါ်က အိုးများကို ဝိုင်းကြီး ပတ်ပတ်စီပြီး လူတစ်ရပ်ကျော်ကျော်အမြင့်ထိ ရောက်အောင် ပြုလုပ်ရသည်။

ပြီးလျှင်တော့ အပြင်ဘက်ဆုံးက အိုးစိမ်းများကို မီးဒဏ် တိုက်ရိုက် မခံရစေရန် အိုးခြမ်းကွဲများဖြင့် အုပ်ရသည်။ ထိုအိုးခြမ်းကွဲများအပေါ်က ကောက်ရိုးနှင့် ပြာများ အုပ်ပြီးလျှင်တော့ မီးညှိပြီး အိုးဖုတ်ခြင်း လုပ်ငန်း စတင်လေသည်။ အိုးတစ်ခါ ဖုတ်လျှင် သုံးညအိပ်၊ လေးရက်ခန့် ကြာမြင့်တတ်ပြီး အိုးများ အကျက်ညီစေရန် မီးကိုလည်း ဂရုစိုက်ပေးရတတ်သည်။ တက်ညီလက်ညီ စုပေါင်းပါမှ အစ အဆုံးပြီးသော အိုးဖုတ်လုပ်ငန်းသည် ရန္တပိုရွာ၏ ချစ်စရာဓလေ့ တစ်ခုလည်းဖြစ်သည်။

ရန္တပိုရွာလေးတွင် အိုးဖုတ်လုပ်ငန်းလည်း အဆက်မပြတ်ခဲ့သလို လာရောက် လေ့လာသော နိုင်ငံခြားသားများလည်း အလာမပြတ်ခဲ့ပေ။ ရန္တပိုရွာခံတို့သည် ရွာထဲ ဘယ်သူပဲ လာလေ့လာပါစေ ဧည့်ဝတ် ကျေကြစမြဲပင်။

အိုးလုပ်ငန်းနှင့် နာမည်ကြီးသော ရန္တပို၊ ရန္တပိုစာချုပ်နှင့် လူအများ သိကြသော ရန္တပို။ ထိုရွာလေးသည် ယခုထိတိုင် လမ်းပန်းဆက်သွယ်ရေး မကောင်းသေး။ လျှပ်စစ် မီးလည်း မရသေး။ အိမ်တိုင်းလိုလိုမှာ ဆိုလာပြားများသာ အားကိုးနေရသည်။

နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရွာကလေး၊ နိုင်ငံခြား ဝင်ငွေ ရှာပေးနိုင်သော ရွာကလေးဖြစ်သော်လည်း ရန္တပိုရွာခံတို့ ဘဝများသည် ဘာမှ အထွေအထူး တိုးတက်ပြောင်းလဲခြင်း မရှိခဲ့။ ကျန်းမာရေး ကိစ္စအတွက် မြင်းခြံ ဆေးရုံသို့ သွားမည်ဆိုလျှင်ပင် လှည်းတစ်တန်၊ ကားတစ်တန်နှင့် လမ်းကြမ်းကို  တစ်နာရီကျော်ကျော်ခန့် မောင်းနှင်ရသည်။

“ကားလမ်းလည်း ပိုကောင်းလာ၊ လျှပ်စစ်မီးလည်း ရလာရင်တော့ ရွာအတွက် ပိုကောင်းမှာပေါ့။ ဧည့်သည်တွေအတွက်လည်း ပိုအဆင်ပြေတာပေါ့။ ရန္တပိုကို လာတဲ့ဧည့်သည်တွေ အတွက်တော့ ရွာခံတွေက ဧည့်ဝတ်ကျေပြီးသားပါ”ဟု ရွာခံ တစ်ဦးဖြစ်သူ ဦးမောင်သင်းက ဆိုသည်။ ရန္တပိုရွာလေးသည် လွန်ခဲ့သော နှစ် ၁၉၀ က သူ၏ သမိုင်းကောင်း၊ သမိုင်းဟောင်းကို ထမ်းပိုးရင်း နိစ္စဓူဝ အိုးလုပ်ငန်းများဖြင့် ရက်စွဲများကို ဖြတ်သန်းနေတုန်း။ သွားလာရ ခက်ခဲ၊ တည်းခိုနေထိုင်ရ ခက်ခဲသည့် ရွာလေးသည် သူ့ဆီလာသမျှ ဧည့်သည်များကို အားနာနာနှင့်သာ ဧည့်ခံရင်း ဧရာဝတီမြစ်ဘက်ကို မျက်နှာလွှဲနေခဲ့ပါသည်။

ယဉ်ယဉ်နှောင်း

  • VIA