News

POST TYPE

ARTICLE

ပတ္တမြားမြေက ဘားနာဒ် စစ်သင်္ချိုင်း
01-Jan-2017


ပတ္တမြား ထွက်ရှိရာ ရတနာမြေဟု ကမ္ဘာတစ်ဝန်းလုံးက သိကြသည့် မိုးကုတ်မြို့၏ မြောက်ဘက်တွင် ဘားနာဒ်ဟူသော ကျေးရွာ (ယခု ရွာသာယာကျေးရွာ) ငယ်လေး တစ်ခုရှိသည်။ ထိုကျေးရွာငယ်လေးတွင် အချိန်မီ ပြုပြင်ထိန်းသိမ်းရန် လိုနေသည့် စစ်သင်္ချိုင်း တစ်ခုလည်း ရှိနေသည်။ ယင်းစစ်သင်္ချိုင်း၏ အမည်မှာလည်း ဘားနာဒ်ဖြစ်သည်။

မိုးကုတ်မြို့မှနေ၍ မြောက်ဘက်စူးစူးဆီသို့ ခုနစ် မိုင်ခန့် ကားမောင်းသွားလျှင် ရောက်နိုင်သည့် ဘားနာဒ် ကျေးရွာကိုလွန်ပါက လမ်း၏ညာဘက်ခြမ်း တောင်ကမူ တစ်ခုပေါ်တွင် ဘားနာဒ် စစ်သင်္ချိုင်းကို တွေ့ရမည်ဖြစ်သည်။

ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များ၏ အလယ်တွင် တည်ရှိနေသည့် ယင်းစစ်သင်္ချိုင်းသည် နိုင်ငံခြား ခရီးသွားတို့ကို ဆွဲဆောင်နိုင်မည့်နေရာ တစ်ခုဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်မည့် ရတနာတစ်ခုလည်း ဖြစ်သည်။

ထိုစစ်သင်္ချိုင်းတည်ရာ တောင်ကမူသည် မြက်ရိုင်းပင်နှင့် သစ်ပင်ချုံနွယ်တို့၏ ဝါးမျိုခြင်းကို ခံနေရသည်။ ချုံနွယ်များအောက်ရှိ စစ်သချိုင်းသည်လည်း ပျောက်ကွယ်လုနီးနီး ဖြစ်နေသည်။ သမိုင်းတန်ဖိုးများ ဆုံးရှုံးနေခြင်း ဖြစ်သည်။ နိုင်ငံခြားငွေများ ဆုံးရှုံးနေသည်ဟုလည်း အဓိပ္ပာယ် ဖွင့်နိုင်သည်။

ဘားနာဒ်စစ် သင်္ချိုင်းသည် သက်တမ်း ၁၂၀ ကျော်နေပြီ ဖြစ်သည်။ 

၁၈၈၆ ခုနှစ်က အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီး မိုးကုတ်မြို့သို့ ရောက်ရှိခဲ့ရာမှ မြန်မာနိုင်ငံဆိုင်ရာ မဟာဝန်ရှင်မင်းကြီး မစ္စတာဘားနာဒ် (Mr.Bernard) ကို အစွဲပြုကာ ဘားနာဒ်မြို့ဟူ၍ မြို့တည်ခဲ့ခြင်းဖြစ်သည်။

မြို့တည်ပြီးနောက် ရတနာ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကာ ရောဂါမျိုးစုံဖြင့် သေဆုံးခဲ့သော စစ်သားများကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရာမှ စစ်သင်္ချိုင်းအဖြစ် အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်ဒေသခံတို့၏ အဆိုအရ သိရသည်။

“ဒီစစ်သင်္ချိုင်းမှာ မြှုပ်ထားတဲ့စစ်သားတွေက စစ်တိုက်ရင်း သေဆုံးခဲ့သူတွေတော့ မဟုတ်ဘူး။ မိုးကုတ်မြို့ကို အင်္ဂလိပ်တွေ ရောက်လာပြီး ကျောက်ရှာ၊ ရွှေရှာ၊ သစ်ရှာရင်း ငှက်ဖျားရောဂါ ခံစားပြီး သေဆုံးသွားတဲ့ စစ်သားတွေကို မြှုပ်ထားတာလို့ ရှေးလူကြီးတွေ ပြောပြဖူးပါတယ်”ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးပြီး လက်ရှိတွင် မိုးကုတ်မြို့နယ် ရှောလီဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစိုးမြင့်က ဘားနာဒ် စစ်သင်္ချိုင်း၏ သမိုင်း တစ်စိတ်တစ်ဒေသကို ပြောပြသည်။

ဘားနာဒ် စစ်သင်္ချိုင်းတွင် စစ်သားပေါင်း တစ်ရာခန့် မြှုပ်နှံခဲ့ပြီး သချိုင်းမြေသည်လည်း ပေတစ်ရာ ပတ်လည်ခန့် ကျယ်ဝန်းသည်ဟု ဒေသခံတို့က ဆိုသည်။ 

ယင်းသင်္ချိုင်းမြေကို စည်ပင်သာယာရေးအဖွဲ့က ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် နံရံကာပေးခဲ့ဖူးသော်လည်း လက်ရှိ အချိန်၌ ကာရံထားသည့် နံရံပင် ပျက်စီး ပျောက်ပျက်နေပြီဖြစ်သည်။

သင်္ချိုင်းမြေအတွင်း၌ အင်္ဂလိပ်စာများ ရေးထိုးထားပြီး ခရစ်ယာန် ဘာသာဝင်၏ သင်္ကေတဖြစ်သည့် လက်ဝါးကပ်တိုင်ပုံ ထွင်းထုထားသည့် နှစ်ပေခန့်မြင့်သော ကျောက်တိုင်အချို့ကို မြက်ရိုင်းပင်များအကြား၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် တွေ့နိုင်သည်။ 

အချို့သော ကျောက်တိုင်များမှာ ညီညီညာညာ မရှိ ကျိုးပဲ့နေပေပြီး၊ အချို့သည်လည်း မြေပြင်တွင်လဲ ကျနေသည်ကို တွေ့ရသည်။

ဘားနာဒ် စစ်သင်္ချိုင်းနှင့် မဝေးလှသည့်နေရာတွင် အင်္ဂလိပ်စစ်တပ်၏ လက်နက်ခဲယမ်းများ သိုလှောင် သိမ်းဆည်းရာ ယမ်းတိုက်ဟောင်း တစ်ခုလည်း ရှိနေပြန်သည်။ ယင်းယမ်းတိုက်သည် အလျား ၁၈ ပေ၊ အနံ ၁၄ ပေခန့် ကျယ်ဝန်းသည်။

စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဟောင်းတို့သည်လည်း လက်ရှိအချိန်တွင် ရာသီဥတုဒဏ်၊ ထိန်းသိမ်းသူ မရှိ လျစ်လျူပြုထားမှုတို့ကြောင့် ပျက်စီးနေပေပြီ။ ယမ်းတိုက်၏ ခေါင်မိုးပေါ်တွင် သစ်ပင်များ ရှုပ်ထွေးစွာ ပေါက်နေပေပြီ။ စစ်သင်္ချိုင်းကိုလည်း သစ်ပင်ချုံနွယ်များက ဝါးမျိုထားသည့် အနေအထား။

“စစ်သင်္ချိုင်းထဲက မှတ်တိုင်တွေ (ဂူများရှေ့တွင် စိုက်ထူထားသည့် ကျောက်သား မှတ်တိုင်များ) ကို ဒေသခံရွာသား အချို့က ရိုက်ချိုးတာတွေ၊ ဖြုတ်ယူတာတွေ လုပ်နေတယ်။ အချို့ဆို အိမ်မှာ လှေကားတက် လုပ်တာတောင် တွေ့ဖူးတယ်။ အဲဒီလိုတွေကြောင့် မှတ်တိုင် အရေအတွက် တော်တော် နည်းလာပြီ”ဟု ဦးစိုးတင့်က စစ်သင်္ချိုင်း၏ လက်ရှိအခြေအနေကို ရှင်းပြသည်။

ထိုနည်းတူ ယမ်းတိုက်ကြီး၏ ပျက်စီးယိုယွင်းမှု အခြေအနေကိုလည်း ဦးစိုးတင့် ပြောပြခဲ့သေးသည်။

“အင်္ဂလိပ်တွေ ဆောက်ခဲ့တုန်းက ကြမ်းခင်းကို ကျွန်းသားတွေနဲ့ ခင်းထားခဲ့တယ်။ အဲဒီကျွန်းသားတွေ ပြောင်လက်နေအောင်လည်း တိုက်ထားတယ်လို့ မှတ်သားဖူးတယ်။ အလံနီ၊ အလံဖြူခေတ်က အလံနီတွေ မိုးကုတ်ကို လာတိုက်ကြတော့ အဲဒီယမ်းတိုက်ကြီးကို မီးတင်ရှို့ကြလို့ ကျွန်းတွေ အကုန် လောင်သွားတာလို့ အဲဒီခေတ်ကို မီခဲ့တဲ့ အဘိုး တစ်ယောက်က ပြောပြဖူးတယ်”ဟု ယမ်းတိုက်ကြီး၏ ပျက်စီးမှု သမိုင်းကြောင်းကို ဦးစိုးတင့်က ထပ်ဆင့် ဖောက်သည်ချသည်။

လည်ပတ်စရာ နည်းပါးသည့် မိုးကုတ်မြို့တွင် စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဟောင်းတို့က ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ထားသည်။ အင်္ဂလိပ်စစ်သားတို့ကို မြှုပ်နှံထားခဲ့ရာ နေရာဖြစ်သည့်အတွက်လည်း နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။

လည်ပတ်စရာ နည်းပါးလှသည့် မိုးကုတ်မြို့သို့ လာရောက်သည့် နိုင်ငံခြားသား ၁၀၀ ဦးလျှင် ၇၀ ခန့်က စစ်သချိုင်းသို့ အရောက် သွားကြသည်ဟု ဒေသခံတို့က ပြောဆိုသည်။ 

“လက်ရှိ ဘားနာဒ်စစ်သင်္ချိုင်းက ကျောက်မျက် လုပ်ကွက်တွေရဲ့ ပတ်လည်မှာ ရှိနေတယ်။ သစ်တော ဦးစီးအပိုင်ထဲကိုလည်း ရောက်နေတယ်။ ဆိုတော့ စည်ပင်သာယာရေး ကော်မတီက စီမံပိုင်ခွင့် မရှိဘူး ဖြစ်နေတယ်။ ဒါကိုပြုပြင်နိုင်ဖို့ဆိုရင် စည်ပင်သာယာ နယ်နိမိတ်ထဲ ထည့်သွင်းနိုင်မှ အဆင်ပြေမယ်။ စည်ပင်နယ်နိမိတ်ထဲ ထည့်ပေးဖို့ တင်ပြ ဆွေးနွေးထားတယ်”ဟု မိုးကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင့်က ဘားနာဒ်စစ်သင်္ချိုင်းကို ထိန်းသိမ်းနိုင်ခွင့်အတွက်  ထုတ်ဖော် ပြောဆိုသည်။

နိုင်ငံခြားသားများ လာရောက် ကြည့်ရှုရာ နေရာ တစ်ခုဖြစ်နေသည့်အတွက် ယင်းစစ်သင်္ချိုင်းကို ဒေသခံတို့ အနေနှင့် ပူးပေါင်းပါဝင် ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်သည်။

“သူတို့ (နိုင်ငံခြားသား ခရီးသွား) များများဝင်လေ ဒေသခံတွေအတွက် အကျိုးများလေပေါ့။ ဒေသ ထွက်ကုန်တွေ ရောင်းရမယ်။ ဒါတင်မက အခြားလုပ်ငန်းတွေမှာလည်း အခွင့်အလမ်းတွေ ရှိလာနိုင်တဲ့အတွက် ပြုပြင်စေချင်တာ”ဟု မိုးကုတ်မြို့ခံ ကျောက်မျက် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးက ၎င်း၏ဆန္ဒကို ထုတ်ဖော် ပြောဆိုသည်။

ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များက ဘားနာဒ်စစ်သင်္ချိုင်းဆီသို့ ချဉ်းကပ်လာနေပြီဖြစ်ရာ သမိုင်း အမွေအနှစ် တစ်ခုဖြစ်ပြီး မိုးကုတ်ဒေသသို့ ဒေါ်လာငွေများ စိမ့်ဝင်လာနိုင်သည့် ရတနာ တစ်ပါးဖြစ်၍ မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပရဟိတ အဖွဲ့အစည်းအချို့ကလည်း ထိန်းသိမ်းပြုပြင်ရန် ဆန္ဒရှိနေသည်။

ယခင်က အရေအတွက် တစ်ရာနီးပါး ရှိခဲ့သည့် အုတ်ဂူ အမှတ်အသားများမှာ လက်ရှိတွင် ၂၀ ခုပင် မပြည့်တော့သော ဘားနာဒ်စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဟောင်းတို့သည့် အချိန်မီ ပြင်ဆင်ထိန်းသိမ်းခြင်း မပြုပါက ခရီးသွား လုပ်ငန်း အခြေတည်ရာ ဇာစ်မြစ်တစ်ခု နေရာလည်း ပျောက်ကွယ်သွားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

ပတ္တမြား ထွက်ရှိရာမြေဟု ကမ္ဘာတစ်ဝန်းလုံးက သိကြသည့် မိုးကုတ်မြို့၏မြောက်ဘက် ဘားနာဒ် ဟူသောကျေးရွာတွင် အချိန်မီ ပြုပြင်ထိန်းသိမ်းရန် လိုနေသည့် စစ်သင်္ချိုင်း တစ်ခုရှိနေသည်။ ယင်း စစ်သင်္ချိုင်းအမည်က ဘားနာဒ်စစ်သင်္ချိုင်း။

မောင်သန့်

  • VIA