News

POST TYPE

ARTICLE

ချန်ပီယံ နိုင်ငံတော်
01-Jan-2017
အာဏာရှင်ကြီးများဆိုင်ရာ အထူးပြိုင်ပွဲကို ငရဲပြည်တွင် ကျင်းပလေသည်။

ပြိုင်ပွဲ ကျင်းပရခြင်းကား အခြား မဟုတ်။

လူ့ပြည်တွင် အသက်ရှင်စဉ်က စေတစ်လုံးပိုင်ရှင် ဖြစ်ခဲ့ဖူးသော အာဏာရှင်ကြီးများအထဲ မည်သူက သြဇာ အကြီးဆုံးဖြစ်သည်၊ တိုင်းသူပြည်သားတို့၏ စိတ်ဓာတ်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟူသော အချက် နှစ်ချက်ကို အဖြေညှိ ဆုံးဖြတ်ပေးမည့်ပွဲဖြစ်၏။

သြဇာအကြီးဆုံး အာဏာရှင်ကြီးကို အာဏာရှင်တို့၏ ထိပ်သီး စေတစ်လုံး ခေါင်းဆောင်အဖြစ် ခန့်အပ်မည်ဖြစ်သည်။

ပြိုင်ပွဲအမည်ကို “အာဏာဆုံရာ”ဟု အမည် ပေးထားသည်။ ပြိုင်ပွဲတွင် အာဏာရှင် သမဂ္ဂများအဖွဲ့ချုပ်(အရသ) ၏ နာယကကြီးများ ဖြစ်သော ဥရောပ ကိုယ်စားပြု ရောမအာဏာရှင် ဂျူးလိယက်ဆီဇာ၊ အာရှကိုယ်စားပြု မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်၊ ဂရိအာဏာရှင် မဟာအလက်ဇန္ဒားတို့က အထူးဒိုင်အဖြစ် ဆောင်ရွက်လေ၏။

ကမ္ဘာ အရပ်ရပ်မှ ကွယ်လွန်လေပြီးသော အာဏာရှင်ကြီးများက သူတို့တိုင်းပြည်တွင် သူတို့ ဘယ်ပုံ ဘယ်နည်းတွင်ကျယ်ခဲ့ပုံ၊ စေတစ်လုံးပိုင်ခဲ့ပုံ၊ ပြည်သူကို နှိပ်စက်ခဲ့ပုံများအား တင်ပြပြီး ပြိုင်ပွဲဝင်ကြလေ၏။

ပြိုင်ပွဲ အဆင့်ဆင့်ကို ယှဉ်ပြိုင်ပြီးသည့်နောက် နောက်ဆုံး ဆီမီးဖိုင်နယ်တွင် လေးဦးဆန်ခါတင် ကျန်ရစ်လေသည်။ 

သူတို့ကား ... ။

ဒုတိယ ကမ္ဘာစစ်၏ ဖခင်ဂျာမန် အဓိပတိကြီး ဟစ်တလာ။

အရှေ့ဥရောပ တစ်ခုလုံးနှင့် ဆိုဗီယက် ပြည်ထောင်စုကြီးတွင် လူသန်းချီ သတ်ခဲ့သူ ဂျိုးဇက်စတာလင်။

လူသားစားသည်ဟုပင် နာမည်ကြီးခဲ့သော ယူဂန္ဓာအာဏာရှင် နီဂရိုးကြီး အီဒီအာမင်။

နောက်ဆုံး တစ်ယောက်ကား ... မြန်မာပြည်အား ချောက်ထဲမှ လက်တစ်လုံးအလို ကယ်တင်ခဲ့သည်ဟူသော မဆလာပါတီ၏ ဥက္ကဋ္ဌကြီး။

ပြိုင်ပွဲ၏ စည်းမျဉ်းအရ နောက်ဆုံး ကျန်ရစ်သူ အာဏာရှင်ကြီး လေးဦးသည် သူတို့ အုပ်စိုးခဲ့ရာ နိုင်ငံများဆီသို့ တစ်လှည့်စီ ပြန်သွားရမည်။

ထိုနိုင်ငံတို့၏ လက်ရှိ အခြေအနေကို အသေအချာ လေ့လာကာ အာဏာရှင်စနစ်၏ အကျိုးဆက်ကြောင့် လက်ရှိ အခြေအနေ အဆိုးဆုံး တိုင်းပြည်ကို ရွေးချယ်ကြမည်။

အာဏာရှင်ကြီး လေးယောက်လုံး ထွက်ပြေးလာသော တိုင်းပြည်သည် အခြေအနေ အဆိုးဆုံးဟု သတ်မှတ်မည်ဖြစ်သည်။

ပထမခရီးစဉ်အဖြစ် အာဏာရှင်ကြီး လေးဦးသည် ဟစ်တလာ၏ ဂျာမနီသို့ သွားကြသည်။

“ကျုပ်နိုင်ငံမှာ ကျုပ်ခေတ်က ဂျူးခြောက်သန်းကို မျိုးပြုတ်အောင် တစ်ခါတည်း သတ်ပစ်တာဗျ။ အခုထိလည်း ကျုပ် နာဇီလက်သစ်တွေက တိုင်းပြည်ကို ဖျက်ဆီးနေဦးမှာ ... မယုံရင်ကြည့်”

ဟစ်တလာက မြောက်ကြွကြွနှင့် ဆိုသည်။

သို့သော် ... ဂျာမနီကား ထိုသို့မဟုတ်။

ဟစ်တလာ သတ်ခဲ့သည်ဟူသော ဂျူးများက တိုင်းပြည်အသစ်ပင် ထူထောင်ထားသေး၏။

ဂျာမနီကလည်း စည်ကား တိုးတက်လျက်။ သွားရေးလာရေးက အစ အဆင်ပြေသည်။

အာဏာရှင်ကြီး လေးယောက်ကား သတ်မှတ် ကာလစေ့သည့်အထိ ဂျာမနီတွင် ဘွန်ဒက်စ်လီဂါ ဘောပွဲလေး ကြည့်လိုက်၊ ဘီယာလေး စုပ်လိုက်ဖြင့် ဇိမ်ကျခဲ့၏။

ဟစ်တလာကား ဇက်ပုသွားချေပြီ။

နောက်တစ်ဖန် စတာလင်၏ ဆိုဗီယက်။

“အရှေ့ဥရောပကို လကမ္ဘာပေါ်ကနေ ကြည့်လို့ မည်းမည်း အတန်းကြီးတွေ တွေ့ရင် အဲ့ဒါ ကျုပ်လုပ်ခဲ့တာပဲ ... လူတိုင်းကို ရာရှင်စနစ်နဲ့ တန်းစီခိုင်းခဲ့တာ ... ကျုပ်ဗျ ... ကျုပ်”

စတာလင်ကလည်း ဂန်ကျယ်ကျယ်။

မော်စကိုသို့ အာဏာရှင်ကြီး လေးယောက် ရောက်သွားသည်။

ရာရှင်တန်းစီနေသည့်လူတွေ လုံးဝ မရှိ။ 

ပြီးတော့ စတာလင် အုပ်စိုးခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုဆိုတာလည်း မရှိတော့။

အာဏာရှင်ကြီးများကား ရုရှားတွင် ဗော်ဒကာ မော့ကာ ... နှင်းလျှောစီးပြီး ငါးရက်အကြာ ဇိမ်ခံပြီး ပြန်ခဲ့ကြသည်။

“နိုင်ငံခြားသားတွေ အကုန်လုံး ကျုပ်နိုင်ငံက နှင်ထုတ်လိုက်တော့ နေ့စဉ် စီးပွားရေးကြီး ပြိုလဲသွားတယ်လေ ... လူတွေ ငတ်ကြသေကြ ... ဟေဟေး ... မကြာခင် ခင်ဗျားတို့ မြင်ရမှာပါ ... ဟေဟေး”

အရပ် ခြောက်ပေကျော် လူထွားကြီး အာမင်က ကြိမ်းဝါး၏။

သို့သော်ငြား ...

ယူဂန္ဓာကား ကုလသမဂ္ဂ အကူအညီဖြင့် တိုးတက်နေချေပြီ။

နိုက်ကလပ်တွေ၊ ဘီယာဘားတွေနှင့် ဇူးလူး အကတွေကြားမှ အာဏာရှင်ကြီး လေးယောက် ကဲခဲ့ကြပြန်သည်။

နောက်ဆုံး ... အလှည့်ကျသူက မြန်မာပြည်က ဥက္ကဋ္ဌကြီး။

သူကတော့ စကား တစ်လုံးမှမပြော ပြုံးရုံသာ ပြုံးနေ၏။

မကြာမီ ... မြန်မာပြည် ရောက်တော့မည်။

- - - - -
အချိန်ကား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီတိတိ။

နေရာက ရန်ကုန်မြို့၊ အင်းစိန်လမ်းမကြီးပေါ်ရှိ ဘတ်စ်ကား တစ်စီးပေါ်တွင်။

“ဟိုရှေ့က နှုတ်ခမ်းမွေးတိုတိုနဲ့ အဘိုးကြီး ... ကန့်လန့်ကြီး ရပ်မနေနဲ့ ... ဘေးဘယ်ညာ ကျောချင်း ကပ်လို့ ပြောနေတာ ... သေခါနီးပြီ လူလို နားမလည်ဘူးလား”

နှုတ်ခမ်းမွေးတိုကြီးက သူ့ဘေးက ထိပ်ပြောင်ပြောင် လူကြီးကို မေးသည်။

“ဟေ့ ... မစ္စတာဥက္ကဋ္ဌကြီး ... ခင်ဗျားတို့နိုင်ငံက ဘတ်စ်ကားပေါ်မှာ မိန့်ခွန်း ပြောတဲ့လူက မာန်ပါသဗျိုး ... ကျုပ် ငယ်ငယ်တုန်းက မြူးနစ် နာဇီညီလာခံမှာ ဒီလိုပဲ ဒေါနဲ့မောနဲ့ မိန့်ခွန်းပြောခဲ့တာ သတိရသေးသဗျာ ... သူက ကျုပ်ဘက်ကို ကြည့်ပြီးပြောနေတာ ... ကျုပ်ကို ဟစ်တလာမှန်း သိလို့များလားဗျ”

“မဟုတ်ပါဘူးဗျာ။ အဲဒါ ခင်ဗျားကို ဘေးနား ကပ်ရပ်ဖို့ ပြောနေတာ ... အဲဒါ နိုင်ငံရေးသမား မဟုတ်ဘူး ... စပယ်ယာဗျ ... စပယ်ယာ”

“မှတ်တိုင်ပါရင် ထိုင်ခုံဘေးတန်းလေးတွေက နေရာလဲထားမယ်။ ရှေ့မှာ ပွိုင့်ရှိတယ် ... လိုအပ်ရင် ... ဘရိတ်သုံးမယ် ... တန်းလေးတွေ ... ကွင်းလေးတွေ ကိုင်ထား”

စပယ်ယာဆိုသူ၏ အမိန့်အောက်တွင် ပျာပျာ သလဲနာခံနေရရှာသော ဘတ်စ်ကားပေါ်မှ လူများကို ကြည့်ကာ စတာလင်ကြီးမှာ ပါးစပ်အဟောင်းသား။

“ကျွီ”

“ဝုန်း ... အဖ ဆိုဗီယက်နိုင်ငံကြီး အဓွန့်ရှည်ပါစေ ... အမေ့”

ရုတ်တရက် ဘရိတ် အုပ်လိုက်သော ဘတ်စ်ကားကြောင့် စတာလင်ကြီးရှေ့သို့ ဟပ်ထိုး လဲကျသွားသည်။

“ဟာ သေချာပြောထားရက်နဲ့ ... အသက်ကြီး ပြီး အချိန်မစီးတဲ့ အဘိုးကြီး ... လခွီးလိုမှပဲ”

စပယ်ယာက ငေါက်ပြန်သည်။

စတာလင်ကြီးမှာ မျက်နှာငယ်လေးနှင့် လာထူပေးမည့်သူမရှိ။

အိမ်ရှင်ဖြစ်သော မြန်မာ့ အာဏာရှင်ကြီးနှင့် အီဒီအာမင်တို့သာ လူကြားထဲ တိုးကာ ထူရသည်။

“ကဲ ... မြန်မြန်ထခိုင်းဗျာ ... နောက်လူတွေ တက်ဦးမှာ ... အဘိုးကြီးတွေ ကျုပ်သေချာ ပြောထားရက်နဲ့ ... နားကန်းနေကြလား မသိဘူး”

စပယ်ယာက ထပ်ဟောက်သဖြင့် မြန်မာ့အာဏာရှင်ကြီးမှာ မနေသာတော့။

“သူက ဗမာစကား နားမလည်လို့ပါ ... ဦးလေး တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်”

“ခင်ဗျားကြီးတို့နှယ် ... စတက်လာတုန်းကတော့ မာန်နဲ့ထန်နဲ့ ... အခု ပက်လက်လန်တော့မှ တောင်းပန်ပါတယ်လေး ... ဘာလေးနဲ့ ... မတောင်းပန်နဲ့ ... ကျုပ်တို့က အစိုးရ မဟုတ်ဘူး ... အစိုးရတောင် လက်မှိုင်ချထားရတဲ့ ... စပယ်ယာဗျ ... စပယ်ယာ”

အာဏာရှင်ကြီး လေးယောက် မြန်မာ့ဘတ်စ် ကားကြီးပေါ်တွင် မျက်နှာငယ်လေးများနှင့်။

“ခရီးသွား ပြည်သူများခမျာ ... သတင်းထူးတွေပါတဲ့ သတင်းစာ ပါပြီ ... လက်မထပ်ဘဲ ငါးနှစ်ကျော် အတူနေရင် အမျိုးသားတွေကို ထောင်ချမယ့် ဥပဒေ လာပြီတဲ့ ... သိချင် ဝယ်ဖတ် ... နှစ်ရာကျပ်တည်း”

“မဆလာဥက္ကဋ္ဌကြီး သတင်းစာအော်ရောင်းတဲ့ လူက ဘာတွေအော်နေတာလဲဗျ”

ဟစ်တလာက ... ဥက္ကဋ္ဌကြီးကို ကပ်မေးသည်။

“မိန်းမ တစ်ယောက်နဲ့ လက်မထပ်ဘဲ အတူနေတာ ငါးနှစ်ကျော်ရင် ထောင်ချမယ့်ဥပဒေ ကျုပ်တို့နိုင်ငံမှာ ပြဋ္ဌာန်းတော့မှာလို့ ပါတာဗျ”

“ဟာ ... မဖြစ်ဘူး ... ဒီနိုင်ငံက အခုပဲပြန်မယ် ... ဘယ့်နှယ်...ကျုပ်နဲ့ အီဗာ ဘရောင်းနဲ့က လက် မထပ်ဘဲ အတူ နေလာကြတာ ... ဟာ ... ပြန်မယ် ... ပြန်မယ်... Stop ... Stop”

ဟစ်တလာက ဒရောသောပါး ထွက်ပြေး၏။

စတာလင်က ဘုမသိဘမသိဖြင့် နောက်က လိုက်၏။

မဆလာဥက္ကဋ္ဌကြီးက လိုက်ဆွဲသည်။

အီဒီအာမင်က နောက်ဆုံးတွင် အိပဲ့အိပဲ့။

“အဘိုးကြီးတွေ ... တန်းလေးတွေလွှတ် ... လက်လေးတွေလွှတ် ... သွက်သွက်လေး သွက်သွက်လေး မှတ်တိုင်ကြိုအော်နေတာကိုး ... ဟာ ... ဒီလန်ဘား ကြီး ... သွားကွာ”

အပေါက်ဝတွင် တစ်နေရှာသော ယူဂန္ဓာမှ ဂီဒီအာမင်ကို စပယ်ယာ ဆရာသမားက တွန်းချလိုက်ရာ အာမင်မှာ ဟပ်ထိုးကြီးလဲသွားရှာ၏။

လက်ဝှေ့သမားဟောင်းကြီး အာမင် တင်းနေလေပြီ။

မလောက်လေး မလောက်စားလေးက သူ့လို အာဏာရှင်ကြီးကို တွန်းချသည်တဲ့။

“ဟိတ်ကောင် လာစမ်း မင်းလောက်ကောင် လေးက ငါ့ကို ... မလေးမစား”

“အသက်ကြီးပြီး အချိန်မစီးတဲ့ကောင်ကြီးတွေ ... ချကွာ ... တိန် ... ဒုတ် ... ခွပ် ... ခွပ်”

စပယ်ယာ နှစ်ယောက်၊ ဒရိုင်ဘာ တစ်ယောက်တို့၏ နှစ်တစ်လက်မ တုတ်ချက်များကြားတွင် အာဏာရှင်ကြီး လေးယောက်မှာ ဖနောင့်နှင့် တင်ပါးတစ်သားတည်း ကျခဲ့လေတော့သတည်း။

ထိုသို့နှင့် မကြာမီ။

၂၀၁၆ ခုနှစ်အတွက် တိုင်းပြည်အား ဆိုးမွေ အကြာဆုံး ပေးခဲ့နိုင်သူ အာဏာရှင်ဆုပေးပွဲကြီးကား ပြီးလေပြီ။

အနိုင်ရရှိသွားသူကတော့ အာဏာရှင် လေးယောက်လုံး တစ်ရက် မပြည့်မီ ထွက်ပြေးခဲ့ရသော ချန်ပီယံ နိုင်ငံတော်ကြီးဆီမှပေတည်း။

သို့သော်ငြား ... မောင်ဟစ်တလာကြီး ဂျင်းထည့် ခံရသည့် တစ်ပေါက်ကား ... အဆိုပါ လစ်ဗင်းတူဂဲသား အရေးယူမည့်သတင်းသည် မီဒီယာ တစ်ခုမှ အင်ထုလိုက်သည့် သတင်းအတုကြီး ဆိုသည်ကိုကား ... သူ မသိခဲ့ရှာခြင်းပင်တည်း။

မည်သို့ပင်ဆိုစေ မြန်မာကား ချန်ပီယံဖြစ်ခဲ့ပြီမို့ ဂုဏ်ယူကြပါစို့။

ဗြိတိသျှကိုကိုမောင်


  • VIA