News

POST TYPE

ARTICLE

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် လက်ငင်းရမည့် အကျိုးကျေးဇူးများ
28-Jun-2020


လုပ်တယ်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ တို့များ သိထားကြပြီးဖြစ်လို့ အသစ်လည်း မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှား လုပ်ပေးခြင်းဟာ နှလုံးအတွက် ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အသက် ၁၈ ကနေ ၆၄ နှစ်ကြားလူကြီးများဟာ တစ်ပတ်ကို မိနစ် ၁၅၀ လောက် ပြင်းပြင်းလေး လေ့ကျင့်ခန်း လုပ်သင့်တယ်လို့ ကနေဒါနိုင်ငံဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လမ်းညွှန်ချက်က ဆိုထားပေမယ့် အနည်းငယ်လောက်ကပဲ ဒီလို လုပ်ပါသတဲ့။ ကနေဒါနိုင်ငံသားတွေဟာ လေ့ကျင့်ခန်း သိပ်မလုပ်ကြတာမို့ လုပ်သင့်တဲ့ လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းကပဲ လေ့ကျင့်ခန်းလုပ်ကြတာပါတဲ့။ လေ့ကျင့်ခန်းဆိုတာလည်း ဘဝအတွက် ရင်းနှီးမြှုပ်နှံတာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်ကြပါ။ အောက်ပါတို့ကတော့ လေ့ကျင့်ခန်းလုပ်ရင် ရလာမယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ 

အသက်ကြီးလျှင် ဖြစ်တတ်တဲ့ ဦးနှောက်အာရုံကြော ချွတ်ယွင်းမှုဝေဒနာ Dementia ဖြစ်နိုင်ခြေကျဆင်းပါမယ်

လာမယ့် နှစ်ပေါင်း ၃၀ အတွင်းမှာ အသက် ကြီးလာလျှင် ဖြစ်တတ်တဲ့ ဦးနှောက်အာရုံကြော ချွတ်ယွင်းမှု ဝေဒနာ Dementia ဝေဒနာခံစားနေရတဲ့ လူဦးရေဟာ သုံးဆအထိ တက်လာနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က သတိပေး လိုက်ပါတယ်။ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဦးနှောက် စွမ်းရည် လျော့ကျခြင်း Dementia ဖြစ်နိုင်ခြေဟာ ဘာကြောင့် သက်သာလျော့ပါးနိုင်သလဲဆိုရင် ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းလုပ်ခြင်းကြောင့် ဖြစ်ပါတယ်။ အတည်ပြုနိုင်ဖို့အတွက် သုတေသနတွေ ထပ်လုပ်ရဦးမယ် ဆိုပေမယ့် လှုပ်လှုပ်ရှားရှားနေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်နိုင်မှုနဲ့ စွမ်းအင်တွေကို တိုးတက်စေတယ်လို့ ဆိုထားပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကျန်းမာတဲ့ သက်ကြီးများကြားမှာ ဦးနှောက် မှတ်ဉာဏ်ဆိုင်ရာ လုပ်ငန်းတွေကို တိုးတက်စေပြီး ယိုယွင်းလာနိုင်ခြေကို လျော့ကျစေပါသတဲ့။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားပေးခြင်းဟာ ဦးနှောက်ကျန်းမာရေးကို အကာအကွယ်ပေးပြီး အာရုံကြောဆိုင်ရာ ဝေဒနာများကို သက်သာစေတယ်လို့ ဟာမီတန် မိုဟော့ကောလိပ် ကျန်းမာရေးလေ့လာမှုဆိုင်ရာဌာန ပါမောက္ခ အီရန်ဂျီဝစ်က ပြောကြားပါတယ်။ 

“လေ့ကျင့်ခန်းနဲ့ ဦးနှောက်မှတ်ဉာဏ် ကျန်းမာရေး သက်ရောက်မှုဟာ အပြုသဘောဆောင် ဆက်စပ်မှု တွေ ရှိပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ စိတ်အခြေအနေကို ဖြစ်စေပါတယ်”လို့ ဆိုပါတယ်။ 

လိင်မှုရေးရာမှာ ပိုပြီးအဆင်ပြေ ကျန်းမာလာမယ်

လိင်မှုရေးရာ အိမ်ထောင်ရေး သုခ ဘယ်သူက များ မကောင်းစေချင်ပါ့မလဲ။ လိင်စိတ်ကျဆင်းခြင်း အတွက် ကုသမှုတွေမှာ နေ့စဉ် မိနစ် ၂၀ ကြာ ကိုယ် လက်လှုပ်ရှားပေးရခြင်း ပါဝင်တယ်လို့ ဟားဗတ် ပြည်သူ့ရေးရာကျန်းမာရေးလေ့လာမှုဌာနက ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ စွမ်းအင်ကို တိုးစေရုံသာမက၊ အဒရီနယ်လင် ဟော်မုန်းတွေကို တက်လာစေပြီး ခံစားမှုကောင်းစေတဲ့ အန်ဒိုဖင်းတွေ ကိုလည်း လှုံ့ဆော်ပေးပါတယ်။ မိနစ် ၂၀ ကြာ စက်ဘီး စီးပေးခြင်းဟာ အမျိုးသမီးများရဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒခွန်အားကို ၁၆၉ ရာခိုင်နူန်း တိုးတက်စေတယ်လို့ လေ့လာမှုတစ်ရပ်က တွေ့ရှိသလို၊ လေ့ကျင့်ခန်းဟာ လိင်မှုရေးရာ လုပ်ဆောင်ရည်ကို တိုးတက်စေတယ်လို့လည်း တွေ့ရှိထားပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းတို့ဟာ နှလုံးသွေးကြော စွမ်းရည်ကို တိုးတက်စေကာ သွေးလည်ပတ်မှုကောင်း စေပြီး သွေးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအထိ စီးဆင်းနေပြီး လိင်ပိုင်းဆိုင်ရာ ဆန္ဒနဲ့ တုံ့ပြန်မှုတွေကို ကောင်းမွန်စေပါတယ်။ ကာယလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်လည်း အကျိုးကျေးဇူးတွေ ရှိပါတယ်။ ပုံမှန် အလေးမ ကြွက်သား လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် လိင်မှုရေးရာ ဆန္ဒတိုးတက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေ့ကျင့်ခန်းက စိတ်ဖိအားကို လျော့ကျစေပြီး ကိုယ်ခန္ဓာ အချိုးအစားကျနလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေပါတယ်။ 

စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ်

“ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်ခန္ဓာမှာ အကောင်းဘက်ကနေ သက်ရောက်မှုမရတဲ့ ကိုယ်အင်္ဂါဆိုတာ မရှိဘူး၊ ဒါပေမဲ့ လူတော်တော်များများဟာ စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသက်ရောက်မှုကို သိပ်မပြောကြဘူး”လို့ လေ့ကျင့်ခန်းရဲ့ သိပ္ပံနည်းကျ သက်ရောက်မှုတွေကို ဆောင်းပါးရေးသားဖော်ပြနေတဲ့ ဟက်ချင်ဆန်က ပြောကြားပါတယ်။ သိပ္ပံနည်းကျဆိုရသော် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပျော်ရင်ထွက်လာတဲ့ ဦးနှောက်ဓာတုပစ္စည်းတွေ ဖြစ်တဲ့ အန်ဒိုဖင်း၊ ဆီရိုတိုနင် စတာတွေ ရရှိပြီး ဒါတွေက အပြုသဘော ယူဆမှုကို အထောက်အပံ့ ပြုကာ ဖိအားတွေကို တွန်းလှန်တဲ့ ဓာတုဒြပ်ပေါင်းတွေ လည်း ထွက်လာစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် မှာ တကြွ်ကမှုကို လိုလားတဲ့ ခံစားချက်ရရှိပြီး အန်ဒိုဖင်း အမှန်တကယ်ထွက်လာမှုက လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီလောက်မှာ ကြုံရပါသတဲ့။ အန်ဒိုဖင်းဟာ ဖိအားကို တွန်းလှန်ပြီးထွက်လာတဲ့အရာမို့ ခန္ဓာ ကိုယ်ဟာ လုံလောက်တဲ့ အားစိုက်ထုတ်မှုကို လုပ်ပေးဖို့ လိုပါတယ်။ မှန်ကန်တော်တည့်စွာ ထွက်ရှိဖို့အတွက် လုံလောက်တဲ့ ပမာဏအထိ လှုပ်ရှားပေးရမှာ ဖြစ်ပါသတဲ့။ 

“နေ့ရက်ကို လေ့ကျင့်ခန်းနဲ့ စတင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ခံစားမှုကို ရရှိပါတယ်”လို့ ဟက်ချီဆန် က ပြောကြားပါတယ်။

 “ကျေနပ်မှုကို ရမယ်။ ပိုပြီး အာရုံစိုက်နိုင်လာမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရမယ်။ ဒီခံစားချက်တွေက စိတ်ထင်တာ မဟုတ်ပါဘူး။ တကယ်အစစ် အမှန်ရရှိတာပါ” လို့ သူက ဆိုပါတယ်။ 

ဆရာဆေး

Ref: Best Health