News

POST TYPE

ARTICLE

မျှော်မှန်းချက်ကို ပုံဖော်ခြင်း
25-Jun-2020


အဖွဲ့အစည်းတိုင်းမှာ မျှော်မှန်းချက်တွေ ရှိကြတယ်။ ဒီမျှော်မှန်းချက်တွေ ဆီ အရောက်သွားနိုင်ဖို့အတွက် မူဝါဒတွေ၊ နည်း နာနိဿယတွေ၊ လုပ်နည်းလုပ်ဟန်တွေအမျိုးမျိုးချမှတ်ကြရတယ်။ ဒါတွေပြီးတော့ အကောင်အထည် ဖော်ရေးလမ်းစဉ်ကြီးကို စတင်လျှောက်လှမ်းကြရ တယ်။

မျှော်မှန်းချက်ကို ပုံမဖော်ခင်မှာ မျှော်မှန်းချက် စတင်ချမှတ်ရတဲ့ အလုပ်တစ်ခု ရှိပါတယ်။ ဒီအဆင့် က ပထမဆုံးအဆင့်ဖြစ်သလို အရေးအကြီးဆုံးအဆင့် လည်းဖြစ်ပါတယ်။ အကောင်အထည်ဖော်စရာ မျှော် မှန်းချက်ပန်းတိုင်တစ်ခု မရှိဘူးဆိုရင် အဖွဲ့အစည်း ဆိုတာ မလိုအပ်သလို ဘာကြိုးစားအားထုတ်မှုမှလည်း လိုမှာမဟုတ်ပါဘူး။ တချို့အဖွဲ့အစည်းတွေရဲ့ မျှော်မှန်းချက်က ရှင်းလင်းတိကျပြတ်သားမှုရှိနေ တယ်။ သူ့စကားလုံးလေးက တစ်လုံးနှစ်လုံးလောက် ပဲဖြစ်ချင်ဖြစ်မယ်။ ဒီ့ထက်လည်း ပိုချင်ပိုမယ်။ ဒါပေမဲ့ ဖတ်လိုက်တာနဲ့ ဒီအဖွဲ့အစည်းက ဘာလုပ်တဲ့ အဖွဲ့အစည်းဆိုတာကို အဖွဲ့ဝင်တိုင်းက ရှင်းရှင်းလင်းလင်း သိနိုင် သလို တခြားလူတွေလည်းသိနိုင်တယ်။ ဒီတော့ အသိ ရှင်းပြီး အလုပ်လည်း ရှင်းသွားတယ်။ မျှော်မှန်းချက် ချတုန်းကတည်းက ဒီအဖွဲ့အစည်းကို ဘာလုပ်စေ ချင်မှန်းမသိ၊ ဘယ်လို ဖြစ်လာစေချင်မှန်းမသိဘဲ ယောင်ဝါးဝါးကြီးချရေးထားရင်တော့ နောင်လည်း ယောင်ဝါးဝါးဖြစ်နေဦးမှာပါပဲ။ ဒီတော့ ချမှတ်လိုက် တဲ့မျှော်မှန်းချက်က အဖွဲ့အစည်းဝင်တွေ အတွက်ရော အပြင်လူတွေအတွက်ပါ ရိုးရှင်းလွယ်ကူနေရမှာပါ။ စာလေးတစ်ကြောင်းဖြစ်ချင်ဖြစ်မယ်၊ ဝါကျအင်္ဂါ တောင်မစုံတဲ့ စာလေးတစ်လုံး၊ နှစ်လုံး ဖြစ်ချင်လည်း ဖြစ်နေလိမ့်မယ်။ အဓိကကတော့ တိကျပြတ်သားဖို့နဲ့ ရိုးရှင်းမှုရှိဖို့အရေးကြီးပါတယ်။

ရိုးရှင်းနေရုံ၊ တိကျနေရုံနဲ့လုံလောက်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ လက်တွေ့ကျတဲ့၊ လက် လှမ်းမီတဲ့ အခြေအနေမျိုးလည်းဖြစ်နေဖို့လိုအပ်ပါ သေးတယ်။ လုပ်ငန်းတစ်ခုဆိုပါစို့၊ ကားထုတ်လုပ် မှာလား၊ အစားအသောက်တွေထုတ်လုပ်မှာလား၊ ဖျော်ဖြေမှုကိုဦးတည်မှာလား စသည်အားဖြင့် သူ့လုပ်ငန်းမှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေအတွက် လက်တွေ့ကျတဲ့ မျှော်မှန်းချက်တစ်ခုကို ချထားပေး လိုက်ရုံပါပဲ။ လက်တွေ့လည်းကျတယ်၊ လက်လှမ်း လည်းမီမယ်ဆိုရင် သူ့မျှော်မှန်းချက်နဲ့ သူ့အဖွဲ့သား တွေနဲ့ ကိုက်ညီနေမှာပါ။ ဒီလိုမဟုတ်ဘဲ “လကမ္ဘာကို ကမ္ဘာမြေဆီရွှေ့ပြောင်းရန်”ဆိုတာမျိုး သွားပြီး သတ်မှတ်ထားလိုက်ရင်တော့ တောင်တောင် အီအီ တွေ လျှောက်စဉ်းစားနေရတော့မှာပါ။ ဒါတောင် လကမှ ညစဉ်ညတိုင်း မြင်တွေ့နေရသေးတာ။ တချို့ အဖွဲ့အစည်းတွေရဲ့ မျှော်မှန်းချက်တွေက မမြင်ရတာ တွေကို စိတ်ကူးယဉ်ပြီး သတ်မှတ်လိုက်သလိုဖြစ် နေတတ်သေးတာပါ။ မြင်ရဦးတော့ ပကတိအခြေ အနေနဲ့ အလှမ်းကွာလွန်းနေတာမျိုးကိုလည်း သတ်မှတ်မိတတ်ကြပါသေးတယ်။

မျှော်မှန်းချက်က သိပ်ပြီးယေဘုယျဆန်လွန်း နေရင်လည်း ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာ သိပ်ပြီး ရှင်းရှင်းလင်းလင်းနားလည်ကြမှာ မဟုတ်ပါဘူး။ ဖော်ဆောင်မယ့်သူတွေကိုယ်တိုင်က ကောင်းကောင်း နားမလည်ဘူးဆိုရင် အမှန်တကယ်ဖော်ဆောင်မှု လမ်းကြောင်းကလည်း ခပ်ဝါးဝါးသာဖြစ်သွားမှာပါ။ 

တချို့အဖွဲ့အစည်းတွေရဲ့ မျှော်မှန်းချက်တွေ က ဘာကိုအဓိကထားပြီး မျှော်မှန်းတယ်ဆိုတာ မသိနိုင်လောက်အောင်ကို ကျယ်ပြန့်လွန်းနေတယ်။ ဟိုကိစ္စကိုလည်း ဖော်ဆောင်မယ်၊ ဒီကိစ္စကိုလည်း ဖော်ဆောင်မယ်၊ ဟိုတစ်ခုလည်းမမေ့ခဲ့ဘူး၊ ဒီတစ်ခု လည်း မကျန်ရဘူး။ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင် လုပ်ထားတယ်။ ကဏ္ဍစုံကို အကုန်သိမ်းကျုံးပြီး အကောင်အထည်ဖော်တော့မယ့်သဘော။ တကယ့် လက်တွေ့ကျတော့ အလှမ်းကကျယ်လွန်းသွားတယ်။ အလှမ်းကျယ်တော့ အလယ်လပ်ကရော။ ရှုပ်ထွေး လွန်း၊ ကျယ်ပြန့်လွန်းနေတော့ ဘာလုပ်လို့ဘာကိုင် ရမှန်းမသိတွေဖြစ်သွားပြီး အချိန်တွေကြာလာတဲ့ အထိ ဘာထိရောက်မှုမှ မရှိဘဲဖြစ်သွားတတ်ပါတယ်။ ဒီတော့ အဖွဲ့အစည်းတစ်ခုမဖွဲ့မီ၊ ဒါမှမဟုတ် ဖွဲ့စည်း ခါစ မျှော်မှန်းချက်မသတ်မှတ်ရသေးမီမှာ ဒီစာလေး တစ်လုံး၊ နှစ်လုံး၊ ဒါမှမဟုတ် တစ်ကြောင်း၊ နှစ်ကြောင်း အတွက် အကြိတ်အနယ် အငြင်းအခုံတွေလုပ်ကြပြီးမှ အားလုံးအတွက် ဘုံရည်မှန်းချက်ကို ဖော်ဆောင် နိုင်စေမယ့် စာသားမျိုး၊ စကားလုံးမျိုးကို သေသေ ချာချာ ရွေးချယ်သတ်မှတ်သင့်ပါတယ်။ 

တစ်ခါတလေမှာ ကိုယ့်မျှော်မှန်းချက်က ဝါကျ ခပ်ရှည်ရှည်တစ်ကြောင်းဆိုပါစို့။ ဒီဝါကျကိုယ်၌က ရှေ့ပိုင်းနဲ့နောက်ပိုင်း ဖီလာဆန့်ကျင်သဘော သက် ရောက်နေတာမျိုးမဖြစ်အောင်လည်း သတိထားရ မှာပါ။ ဒီဘက်ကို အလေးဘေးရင် ဟိုဘက်နဲ့ အဆင် မပြေ၊ ဟိုဘက်ကို သာသာထိုးထိုး ကဲလိုက်ရင်လည်း ဒီဘက်နဲ့ သဟဇာတ မဖြစ်တာမျိုး ရှိနေတတ်ပြန်ပါ တယ်။ ဒါ့ကြောင့် ဒီအဆင့်ကတော့ လုပ်ငန်းတစ်ခု လည်ပတ်ဖို့၊ အောင်မြင်ဖို့အတွက် တကယ့်ကို အရေးကြီး တဲ့အဆင့်လို့ပြောရမှာပါ။

မျှော်မှန်းချက်တွေချပြီးတော့ ရည်မှန်းချက် တွေ၊ ရည်ရွယ်ချက်တွေလည်းချရတော့မှာပေါ့။ ဘာကို ရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက်ထားမှသာ ဘာလုပ်သင့်တယ်ဆိုတာ ကို ဆုံးဖြတ်ချက် ချလို့ရနိုင်တာဖြစ်ပါတယ်။ ပြီးတော့ လုပ်နည်းလုပ်ဟန်ကိုလည်း တစ်ပါတည်း သတ်မှတ် ပေးရဦးမှာပါ။ ကိုယ့်မျှော်မှန်းချက်ဆီ ဦးတည် လျှောက်လှမ်းတဲ့အခါ ဘယ်လိုနည်းနာနိဿယ တွေနဲ့ပဲ လျှောက်လှမ်းရမယ်ဆိုတဲ့ မူဘောင်သတ်မှတ်ချက်၊ လုပ်နည်းလုပ်ဟန်သတ်မှတ်ချက်တွေ လိုပါ တယ်။ ဆောင်ရန်၊ ရှောင်ရန်တွေ စောစောစီးစီး သတ်မှတ်ရမှာဖြစ်ပါတယ်။ 

အရေးအကြီးဆုံး အချက်တစ်ခုကတော့ ဒီမျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေကို အကောင် အထည်ဖော်မယ့်လူဖြစ်ပါတယ်။ ဖော်ဆောင်မယ့် သူမှာ သူ့လုပ်ငန်းစဉ်နဲ့ လိုက်လျောညီထွေရှိတဲ့ အရည်အချင်း မျိုးတွေ ပိုင်ဆိုင်ထားရမှာပါ။ မျှော်မှန်းချက်နဲ့ ကိုယ့် လူတွေက သိပ်အလှမ်းကွာလွန်းနေလို့မဖြစ်ပါဘူး။ ဒီနေရာမှာ စဉ်းစားစရာရှိပါတယ်။ မျှော်မှန်းထားတာ တွေက အမြင့်ကြီး၊ အများကြီး၊ ကိုယ့်လူတွေက ချိုကျိုး၊ နားရွက်ပဲ့ချည်းဖြစ်နေလို့တော့မသင့်တော်ဘူးလေ။ သိပ်ကွာလွန်းနေရင် မျှော်မှန်းချက်ကို ပြန်နှိမ့်ကြ မလား ဆိုတာကလည်း စဉ်းတော့စဉ်းစားစရာပါပဲ။ သိပ်ဖြစ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အများအားဖြင့် “လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ်ရှိကြတာကိုး။ 

တစ်ခါတုန်းက လူတစ်ယောက်က ဆေးရိုးစဉ်း နေတုန်းမှာ သူ့သားလေးကို ဘဝရည်မှန်းချက် အကြောင်း မေးသတဲ့။ “ငါ့သားကြီးရင် ဘာလုပ်မလဲ”ပေါ့။ “အဖေ့လိုပဲ ဆေးရိုးစဉ်းစားမှာပေါ့ဗျ”လို့ ဖြေသတဲ့။ ဒီတော့ “ဟ၊ ငါ့သားရ၊ အဖေငယ်ငယ်တုန်းက လေယာဉ်ပျံမောင်းမယ်လို့ စိတ်ကူးခဲ့တာကွ၊ ဒါတောင် အခု အဖေဆေးရိုးစဉ်းနေရတာ၊ ငါ့သားက ဆေးရိုးစဉ်းစားမယ်လို့ပဲမှန်းနေလို့ ဘယ်ဖြစ်မလဲကွ”လို့ ပြန်ပြောလိုက်သတဲ့။ “ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့ စကားပုံနဲ့များ သွားကိုက်နေမလားတော့ မပြောတတ်ပါဘူး။ အများအားဖြင့် ရည်မှန်းချက်ကို မြင့်မြင့်ထားတတ်ကြပါတယ်။ မြင့်ခြင်းရဲ့နောက်မှာ မရလည်း ဖြစ်ပါတယ်လေဆိုတဲ့အတွေးများ ကပ်ကပ် ပြီး ပါခဲ့လေသလားတော့မသိပါဘူး။ အကောင်အထည် ဖော်တာချင်း မပြိုင်နိုင်ရင်တောင်မှ ရည်မှန်းချက် တော့မြင့်ခဲ့သားပဲလို့ အပြောခံချင်ကြပုံပါပဲ။ 

ဘာပဲဖြစ်ဖြစ် မျှော်မှန်းချက်တစ်ခု၊ ရည်မှန်း ချက်တစ်ခုကို ချလိုက်ပြီဆိုရင်တော့ ကိုယ်မျှော်မှန်း ရာ ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ဖို့လိုပါတယ်။ မရောက်ရောက်အောင် ဘယ်လိုလှမ်းကြမလဲဆိုတဲ့ နည်းနာနိဿယတွေ လိုအပ်ပါတယ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်၊ လုပ်ပုံလုပ်နည်း ဒါတွေက တစ်ခုနဲ့တစ်ခု ခိုင်ခိုင်မာမာချိတ်ဆက် နေရ မှာပါ။ မျှော်မှန်းချက်ကတခြား၊ ရည်မှန်းချက်က သပ်သပ်၊ တာဝန်တွေကတစ်မျိုး၊ လုပ်နည်းတွေက တစ်ဖုံကွဲနေလို့တော့ ဖြစ်မှာမဟုတ်ပါဘူး။ လွဲနေတာ တွေ ပြန်တည့်လိုက်ကြရုံပါပဲ။ 

လွဲတဲ့အထဲမှာ မူဘောင်သတ်မှတ်ချက်တွေ လွဲတာပါသလို မူဘောင်ကမလွဲဘဲ အကောင်အထည် ဖော်ပုံကလွဲနေတာမျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ပါဝင်ကြတဲ့ဝိုင်းတော်သားတွေက ကိုယ့်ရည်မှန်းချက် ကို ဘာမှန်းမသိတာမျိုးတွေရှိတတ်ပါတယ်။ စကား လုံးကို နှုတ်တက်ရွရွအာဂုံဆောင်ထားလို့ စွဲနေတယ် ဆိုဦးတော့ ဒီစကားလုံးတွေရဲ့အနက်အဓိပ္ပာယ်ကို ကောင်းကောင်းသဘောမပေါက်တာတွေ ရှိတတ်ပါ တယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ ဦးတည်ချက်က ဘာဆိုတာ ကိုချထားလိုက်ပြီ။ ဒါပေမဲ့ ဒီဦးတည်ချက်နဲ့ ဖီလာ ကန့်လန့် ဖြစ်နေတဲ့ စကားလုံးတွေ၊ ဟန်ပန်အမူအရာ တွေ၊ လုပ်ရပ်တွေကို အမြဲသုံးနေပြီး သတိတစ်ချက် တစ်ချက်ပြန်ပြန်ရတော့မှ ကိုယ့်အဖွဲ့အစည်းရဲ့မူလရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေကို ထထရွတ် နေတတ်တာမျိုးပါ။ “မူကောင်း၏၊ လူမကောင်း”ဆိုတာမျိုးဆိုရင်လည်း ခဲလေသမျှ သဲရေကျဖြစ်ရမှာ ပါ။ ရေပေါ်မှာ အရုပ်ရေးနေသလို ဖြစ်ကုန်မှာပါ။

အကောင်အထည်ဖော်သူတွေမှာ ရှိနေရ မယ့်အချက်အလက်ပေါင်းများစွာရှိတဲ့ အထဲက ကိုယ်ပိုင်အရည်အချင်းရှိဖို့ရယ်၊ စနစ်တကျသတ်မှတ် ထားတဲ့ လုပ်နည်းလုပ်ဟန်တွေရှိနေဖို့ရယ်၊ ဒီလုပ်နည်း လုပ်ဟန်တွေနဲ့ လိုက်လျောညီထွေရှိတဲ့ ပံ့ပိုးပစ္စည်း တွေ၊ လူသူအင်အားတွေရှိနေဖို့ရယ်ကတော့ အဓိက လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ အဖွဲ့အစည်းဝင်တွေ အချင်းချင်း တက်ညီလက်ညီဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ဟုတ်တယ်။ အဖွဲ့အစည်းဆိုတာမျိုးက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရည်မှန်းချက်ချင်းတူချင်တူနေတတ်တာ။ သူတို့အဖွဲ့ကလည်း ဒါလုပ်ချင်တယ်၊ ကိုယ့်အဖွဲ့ကလည်း ဒါလုပ်ချင်တယ်။ ဦးတည်ရာလမ်းကြောင်း ကတူနေတာ။ တူနေတော့ ရှေ့ကိုရောက်ဖို့ဆိုရင် ကိုယ့်အဖွဲ့ရဲ့အရှိန်ကို မြန်နိုင်သမျှ မြန်မြန်တင်ဖို့လို မှာမဟုတ်လား။ အရှိန်မြန်တာနဲ့အတူ မှောက်မသွား ဖို့လည်းလိုသေးတာပေါ့လေ။

တချို့အဖွဲ့အစည်းဝင်တွေက တခြားအဖွဲ့ အစည်းနဲ့ ပြိုင်ရမယ်လို့မှ စိတ်မကူးသေးဘူး၊ ကိုယ့် အချင်းချင်း ထိုးခုတ်သတ်ဖြတ်နေကြတာမျိုး။ ဟိုလို ဖြစ်ကြပြန်ပြီ၊ ဒီလိုဖြစ်ကြပြန်ပြီနဲ့ အမြဲတမ်း မပြီး နိုင်တော့ဘူး။ ဒီတစ်ယောက်က ဟိုတစ်ယောက်ကို အကောက်ကြံတယ်၊ ဟိုတစ်ယောက်က တခြားတစ်ယောက်ကို ချောက်ချဖို့ကြိုးစားနေတယ်။ ဒီလိုနဲ့ ကိုယ့်အဖွဲ့အကြောင်းမစဉ်းစားနိုင်ဘဲ ကိုယ်နဲ့ ချင်းစိမ်းမိဿလင်ဖြစ်နေတဲ့ ကိုယ့်အဖွဲ့သားတွေ အကြောင်းကိုသာ အမြဲစဉ်းစားနေဖြစ်ကြတော့တယ်။ ကိုယ့်ရဲ့ မူလတာဝန်တွေဆိုတာကတော့ မပြောနဲ့တော့၊ ဘယ်ဆီဘယ်ကမ်း ဆိုက်သွားမှန်းတောင် သိမှာမဟုတ်ဘူး။ အချင်းချင်း ယှဉ်နေပြိုင်နေရတာနဲ့ကိုပဲ ရှိစုမဲ့စုစွမ်းအားလေးတွေ ကုန်ပါလေရော။ 

ကိုယ့်အချင်းချင်းပြိုင်နေတဲ့ အရှိန်မြင့်ရင် မြင့်သလောက် အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကိုလည်း မရောက်၊ မျှော်လင့်ချက်တွေလည်းပျောက်၊ တစ်ယောက် ကိုတစ်ယောက်ချနင်းဖို့၊ တွန်းဖို့တိုက်ဖို့ ကြိုးစား။ ဒီလိုနဲ့ပဲ ဒီအဖွဲ့အစည်းထဲကိုဝင်ခဲ့တဲ့ မူလရည်မှန်းချက်တွေကလည်း ပျောက်ပျောက်ကုန်တတ်သေးတာပါ။ အဖွဲ့အစည်းဝင်တွေရဲ့ သစ္စာတရားကလည်း အရေးကြီး ပါတယ်။ ဘဝတစ်လျှောက်လုံး ဒီအဖွဲ့မှ ဒီအဖွဲ့ဆိုပြီး တစာစာမြည်တမ်းနေသူတွေက ဒီအဖွဲ့ကလည်းထုတ် လိုက်ရော ချက်ချင်းပဲ တခြားဘက် ရောက်သွားပြီး ဒီအဖွဲ့အစည်းမကောင်းကြောင်းတွေတွင်တွင်ပြော နေကြပြန်ရော။ ဒီလိုလူတွေမှာ တခြားအရည်အချင်း ကောင်းတွေ ရှိချင်ရှိမှာဖြစ်ပေမယ့် ကိုယ်ကျင်လည် ခဲ့ရာအဖွဲ့အစည်းရဲ့ကျေးဇူးတရားကိုတောင် နားမလည် နိုင်လောက်အောင် ခံယူချက်လွဲကြတာဖြစ်တဲ့ အတွက် လေးစားရမယ့်လူမျိုးမဟုတ်တော့ပါဘူး။

တစ်ဖွဲ့ကထုတ်ပယ်လိုက်လို့ ကိုယ့်ကိုပယ်လိုက် တဲ့အဖွဲ့အကြောင်း မကောင်းရာမကောင်းကြောင်း ကြံစည်တွေးတောတာကမှ သစ္စာမဲ့တဲ့လုပ်ရပ်မျိုးဆိုပေမယ့် နည်းနည်းပါးပါး နားလည်နိုင်သေးတယ်။ နားလည်နိုင်ပေမယ့် လက်ခံနိုင်စရာတော့မဟုတ်ဘူး ပေါ့လေ။ ထားပါတော့။ ကိုယ်နဲ့မဆိုင်တော့တဲ့ အဖွဲ့အစည်း တစ်ခုအပေါ်မှာ သစ္စာမဲ့ကြတာကတော့ ထားပါတော့။ တချို့ကျပြန်တော့ လက်ရှိကိုယ်တိုင် ပါဝင်ဆင်နွှဲနေတဲ့ အရေးတော်ပုံကြီးအပေါ်မှာ၊ လက်ရှိကိုယ်တိုင်ပါဝင် နေတဲ့ အဖွဲ့အစည်းအပေါ်မှာ သစ္စာမဲ့တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာကိုတွေ့ရပြန်တယ်။ ဒီနေရာမှာ အဖွဲ့အစည်းဆိုတာ ဘာကိုခေါ်သလဲဆိုတာကို သတိထားဖို့လိုပါတယ်။ လူတွေနဲ့ဖွဲ့စည်းထားလို့ အဖွဲ့အစည်းလို့ခေါ်တာပါ။ အဖွဲ့ဝင်တွေ ပါနေလို့ အဖွဲ့အစည်းလို့ခေါ်တာပါ။ လူတွေမပါတဲ့ အဖွဲ့အစည်း ကို အဖွဲ့အစည်းလို့မခေါ်နိုင်ပါဘူး။ ဒီတော့ ကိုယ့်အဖွဲ့ဝင် အချင်းချင်းအပေါ်မှာ၊ ကိုယ့်ခေါင်းဆောင်တွေရဲ့ အပေါ်မှာ သစ္စာဖောက်ဖျက်မယ်ဆိုရင် ဒါက ကိုယ်တိုင် ပါဝင်နေတဲ့အဖွဲ့အစည်းအပေါ်မှာ သစ္စာမဲ့ရာ ကျသလို အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေ၊ မျှော်မှန်းချက်တွေအပေါ်မှာ သစ္စာမဲ့ရာလည်းကျပါတယ်။ 

ဒီလိုပြောလိုက်တော့ ကိုယ့်အဖွဲ့ထဲကလူတွေ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ်၊ ဘယ်လိုပဲဖြစ်နေကြနေကြ “အားလုံးကောင်းကြ ပါသည်ခင်ဗျား”လို့ပဲအော်နေရမယ်၊ ထောက်ပြဝေဖန် ပြစ်တင်မှုတွေမလုပ်ရဘူးလို့ ဆိုလိုတယ်လို့များ ထင် သွားမလားမသိဘူး။ ဒီသဘောမျိုးပြောတာမဟုတ် ပါဘူး။ အပြစ်ကြီးကြီးမားမားမရှိတဲ့အဖွဲ့အစည်းဝင်တွေအပေါ်မှာ အချင်းချင်းချောက်ချဖို့၊ ဦးဆောင်သူ ခြေလှမ်းတိုင်း ခြေကန့်လန့်ထိုးလှဲဖို့ကြိုးစားတာမျိုးတွေကို မလျော်ကန်ကြောင်း တင်ပြနေတာဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းက သွေးသောက်ရဲဘော်တွေနဲ့ ချည်းဖွဲ့စည်းထားတာမဟုတ်ပါဘူး။ အသားထဲက ထွက်လာမယ့် ဘာကောင်ညာကောင်လေးတွေ လည်း ရှိနေနိုင်သေးတာကို သတိပြုရမှာဖြစ်ပါတယ်။ 

မျှော်မှန်းချက်ကို ဖော်ဆောင်တဲ့နေရာမှာ အပြင်စည်းအဟန့်အတားတွေကို ကျော်လွှားဖို့လိုသလို အတွင်းစည်းထဲက အဟန့်အတားတွေကိုလည်း အာရုံစိုက်ကြည့်ဖို့လိုပါတယ်။ စိတ်ဖြောင့်လက်ဖြောင့် အကောင်အထည်ဖော်နိုင်ကြဖို့လိုပါတယ်။ အဖွဲ့ဝင်တိုင်းရဲ့အရည်အချင်းတိုးတက်မြင့်မားနေဖို့ကတော့ အရေးအကြီးဆုံးကိစ္စပါပဲ။ တော်လည်းတော်ရမယ်၊ ကောင်းလည်းကောင်းရမယ်ပေါ့လေ။ တော်ခြင်း ကတော့ ကိုယ်လုပ်ရမယ့်အလုပ်အပေါ်မှာ နားလည် တတ်ကျွမ်းမှုရှိခြင်းဆိုတဲ့ အချက်တစ်ချက်လောက် ကောင်းကောင်းရှိနေရင်ကို လက်ခံလို့ရနိုင်ပါတယ်။ ကောင်းခြင်းဆိုတာကတော့ အထူးဖွင့်ဆိုရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ အဖွဲ့ဝင်တွေကို ပိုင်ဆိုင်ထားပြီ ဆိုရင်တော့ ဒီအဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တွေကို ဖော်ဆောင်ဖို့ နီးစပ်နေပြီလို့ ဆိုရမှာပါ။ 

အရေးကြီးတဲ့အချက်တစ်ခုကတော့ မူလက ကိုယ်ချမှတ်ထားခဲ့တဲ့ မျှော်မှန်းချက်နဲ့ လက်ရှိ ကိုယ့် အဖွဲ့အစည်းရဲ့အခြေအနေကြားက အကွာအဝေးကို မကြာမကြာ ပြန်လည်စိစစ်သုံးသပ်နေဖို့ လိုအပ် ပါတယ်။ အဖွဲ့အစည်းရဲ့သက်တမ်းကြာမြင့်လာတာတောင်မှ ဒီနှစ်ခုကြားက အကွာအဝေးက ကျယ်ပြန့် နေတုန်းပဲဆိုရင်တော့ တစ်ခုခုလွဲနေပြီလို့ ဆိုရမှာပါ။ တချို့အဖွဲ့အစည်းတွေကျတော့လည်း တည်ထောင် ကာစတုန်းက လက်ရှိအနေအထားနဲ့ မျှော်မှန်းချက် ကိုယှဉ်ကြည့်လိုက်ရင် ပျက်ရယ်ပြုစရာလိုလို ထင်စရာ ပါပဲ။ ဒါပေမဲ့ ကာလတစ်ခုကို ဖြတ်သန်းပြီး တဲ့နောက် မှာတော့ မူလကသူတို့ချမှတ်ခဲ့တဲ့ မျှော်မှန်းချက်ကို ကောင်းကောင်းကြီး ဖော်ဆောင်သွားနိုင်တာကို တွေ့ရပါတယ်။ တချို့ကျတော့လည်း မျှော်မှန်းချက် နဲ့ အဖွဲ့အစည်းနဲ့က ကြာလေကွာလေဖြစ်ကုန်တာကို တွေ့ရပါတယ်။ 

မျှော်မှန်းချက်နဲ့အဖွဲ့အစည်းကြားမှာ ကွာဟချက်ကျဉ်းမြောင်းလေလေကောင်းလေလေ ဖြစ်ပေ မယ့် ကွာရတဲ့အကြောင်းရင်းတွေကို မဖယ်ရှားနိုင် သေးသမျှကာလပတ်လုံးတော့ အဆင်ပြေဦးမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ က လက်တွေ့အနေအထားနဲ့ လျော်ညီနေဖို့လည်း လိုမယ်၊ ဒီမျှော်မှန်းချက်တွေကို ဖော်ဆောင်ရာမှာ အသုံးပြုမယ့် နည်းနာနိဿယတွေကို စဉ်ဆက်မပြတ် သုံးသပ် ပြုပြင်နေဖို့လည်းလိုမယ်၊ အဖွဲ့အစည်းဝင် တွေရဲ့အရည်အသွေးကို အမြဲမြှင့်တင်နေဖို့လည်းလို မယ်၊ ပတ်ဝန်းကျင်အနေအထားကိုလည်း ကောင်းကောင်းကြီးသုံးသပ်နိုင်ဖို့လည်း လိုအပ်နေမှာဖြစ်ပါတယ်။ 

သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲချင်တယ်ဆိုပါစို့။ ဒီတစ်ယောက်က အောက်ခြေကနေခုတ်နေတယ်။ ဟိုတစ်ယောက်က အထက်နားကနေတိုးခုတ်နေ တယ်။ တချို့က ပင်စည်မှာ၊ တချို့က ကိုင်းဖျားမှာ။ ကိုယ်မီရာနေရာကနေ ကိုယ်ခုတ်နေကြတယ်။ ခုတ်ကြ ထစ်ကြလို့ အပင်ကြီးကျိုးပဲ့နာကျင်နေတာကတော့ မှန်ပါရဲ့။ ကိုယ်မီရာနေရာမှာ ကိုယ်ခုတ်နေကြတော့ အောက်ကလူခုတ်တာကအရင်ပျက်ရင် အပင်လဲတုန်း အပေါ်ကလူတွေဒုက္ခရောက်ကုန်မယ်။ အပေါ်က လူခုတ်တဲ့ကိုင်းက အရင်ပြတ်ကျရင် အလယ်ကလူနဲ့ အောက်ကလူတွေပေါ် ပိကုန်မယ်။ 

စဉ်းစားစရာတွေကတော့အများကြီးပါပဲ။ အများကြီးအများကြီးရှိတဲ့အထဲကမှ စဉ်းစားမိသလောက် ကလေးတွေကို လက်တွေ့ဖော်ဆောင်နေ ခွင့်ရရင်ကိုပဲ၊ ဖော်ဆောင်နိုင်ကြရင်ကိုပဲ ကျေနပ်စရာကောင်းနေပြီလို့ ဆိုရမှာပါပဲ။

ကောင်းမြတ်တဲ့မျှော်မှန်းချက်မှန်သမျှ ထုဆစ်ပုံဖော်နိုင်ကြပါစေ။

သိုက်စိုးထွန်း(နတ်ရွာ)