News

POST TYPE

ARTICLE

ကိုဘေး တရုတ်တန်း (Kobe Chinatown)
23-Jun-2020


ဂျပန်နိုင်ငံမှာ တရားဝင် တရုတ်တန်း သုံးခု ရှိပါတယ်။ အဲဒီသုံးခုက ယိုကိုဟားမားမြို့က ယိုကိုဟားမား တရုတ်တန်း (Yokohama Chukagai/ Yokohama Chinatown) ကိုဘေးမြို့က ကိုဘေးတရုတ်တန်း (Nankin-machi/ Kobe Chinatown) နာဂါ ဆာကီမြို့က နာဂါဆာကီတရုတ်တန်း (Nagasaki Shinchi Chūkagai/ Nagasaki Chinatown) တို့ ဖြစ်ကြပါတယ်။ အဲဒီအနက်က ကိုဘေးတရုတ်တန်းဟာ ဂျပန်နိုင်ငံမှာ ဒုတိယအကြီးမားဆုံး တရုတ်တန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဂျပန်နိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံး တရုတ်တန်းဆိုပေမယ့် ကိုဘေးမြို့မှာ နေထိုင်တဲ့ တရုတ်လူဦးရေဟာ ယိုကိုဟားမားမြို့မှာ နေထိုင်တဲ့ တရုတ်လူဦးရေထက် များစွာသာလွန် များပြားတယ်လို့ ဆိုပါတယ်။ ဆိုရရင် ကိုဘေးမြို့ တရုတ်တန်းဟာ ဂျပန်နိုင်ငံရဲ့ တတိယအကြီးမားဆုံးဖြစ်တဲ့ အိုဆာကာမြို့နဲ့ စာရေးသူလက်ရှိနေထိုင်တဲ့ ကျိုတိုမြို့ပါဝင်တဲ့ ကန်ဆိုင်းဒေသကြီး (Kansai Region/ Kinki region) က တရုတ်လူမျိုးများရဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်။ ကိုဘေးတရုတ်တန်းလို့ အလွယ်ခေါ်တဲ့ ဒီတရုတ်တန်းရဲ့ အမည်ရင်းက နန်ကင်းမချိ (Nankin- machi) ဖြစ်ပါတယ်။ ကိုဘေးမှာ တရုတ်တန်း (Chinatown)  ဆိုတာထက် နန်ကင်းမချိ (Nankin-machi) ဆိုတာက လူပိုသိကြပုံရပါတယ်။

ကိုဘေးတရုတ်တန်းသမိုင်းကို လေ့လာမယ် ဆိုရင် ၁၈၆၈ မှာ ကိုဘေးမြို့မှာ နိုင်ငံတကာနဲ့ ကုန်သွယ် ဆက်ဆံဖို့ ဆိပ်ကမ်းဖွင့်တယ်။ တရုတ်ကုန်သည်တွေ ရောက်လာတယ်။ အဲဒီတုန်းက ဂျပန်နဲ့ အနောက်နိုင်ငံများအကြားမှာ ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုခဲ့ကြပေမယ့် ဂျပန်နဲ့ တရုတ်အကြားမှာ ဘာစာချုပ်မှ မရှိခဲ့လို့ တရုတ်ကုန်သည်များဟာ အနောက်နိုင်ငံ ကုန်သည်များအတွက် သတ်မှတ်ပေးထားတဲ့ ကန့်သတ် နိုင်ငံခြားသားများဧရိယာ (Kyoryuchi) အပြင်ဘက် နိုင်ငံခြားသားများနဲ့ ဂျပန်ဒေသခံများ ရောနှောနေ ထိုင်ခွင့်ပြုတဲ့နေရာ (Zakkyochi) မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ သူတို့အများစုဟာ သမိုင်းဝင် တရုတ် ရှေးဟောင်းမြို့တော်ဖြစ်တဲ့ နန်ဂျင်းမြို့ (Nanjing) က လာရောက်ကြတာဖြစ်လို့ နန်ဂျင်းကို နန်ကင်းမချိ (Nankin- machi) လို့ ခေါ်ကြတာကစလို့ ကိုဘေးမှာ တရုတ်လူမျိုးများစုရပ်နေရာဟာ နန်ကင်းမချိရယ်လို့ အမည်တွင်လာခဲ့ပါတယ်။ 

နန်ကင်းမချိဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဗုံးဒဏ်အကြီးအကျယ်ခံခဲ့ရပြီး စစ်အပြီးမှာလည်း အဲဒီတရုတ်တန်းနေရာဟာ စစ်နိုင်မဟာမိတ်စစ်သည်တွေနဲ့ နိုင်ငံခြားသား သင်္ဘောသားများအတွက် ဘီယာဆိုင်၊ အရက်ဆိုင်၊ ဘားဆိုင်တန်းများဖြစ်လာခဲ့ပါတယ်။ ၁၉၈၁ မှာ နန်ကင်းမချိ ပြန်လည်တည်ထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး ၁၉၈၂ ကနေ ၁၉၉၃ အထိ တရုတ်တန်းအဝင် မုခ်ဦးများ တပ်ဆင်ခြင်း၊ ရင်ပြင်ငယ်နှင့် တရုတ်ရိုးရာ ဆယ့်နှစ်ရာသီခွင် ရုပ်တုငယ်များ တည်ဆောက်ခြင်း စတဲ့ နန်ကင်းမချီ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၇ မှာ ကိုဘေးတရုတ်တန်းမှာ တရုတ် နှစ်သစ်ကူးပွဲတော်ကို တရုတ်နဂါးအကနဲ့အတူ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုဘေး တရုတ်တန်း မှာ အခုလို တရုတ်နှစ်သစ်ကူးပွဲတော် (Shunsetsusai) များကို နှစ်စဉ် ကျင်းပပြုလုပ်သလို အခြားပွဲတော် များဖြစ်တဲ့ နွေဦးရာသီပွဲတော် (Spring Festival) (Koryushunpu-sai) ဆောင်းဦးလယ်ရာသီပွဲတော် (Mid-Autumn Festival) (Chushu-setsu) များလည်း ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။ 

ဒီကနေ့ ကိုဘေး တရုတ်တန်းကို အကြမ်းဖျင်း လေ့လာမယ်ဆိုရင် တရုတ်တန်းအဝင်မုခ်ဦးဂိတ်ကြီး သုံးခုရှိပြီး ၎င်းတို့မှာ အရှေ့ဘက်ဂိတ် (Choan Gate/ Chang-an Gate) အနောက်ဘက်ဂိတ် (Seian Gate/ Xian Gate) နဲ့ တောင်ဘက်ဂိတ် (Kaiei Gate) တို့ ဖြစ်ပါတယ်။ ကိုဘေး တရုတ်တန်းရဲ့ အဓိက ဈေးဝယ်လမ်းဟာ အရှေ့၊ အနောက် ၁၆၀ မီတာ (၅၂၅ ပေ)၊ တောင်မြောက် ၁၀၀ မီတာ (၃၂၈ ပေ) ရှည်လျားပြီး လမ်းအကျယ်က ၈ မီတာ (၂၆ ပေ) ကျယ်ဝန်းတယ်လို့ သိရပါတယ်။ လက်ရှိ တရုတ်တန်း မှာ ဈေးဆိုင်ခန်းပေါင်း ၁၀၀ ခန့်ရှိပြီး အများစုဟာ စားသောက်ဆိုင်များ ဖြစ်ကြပါတယ်။ ယိုကိုဟားမား တရုတ်တန်းလိုပဲ ကိုဘေးတရုတ်တန်းမှာ စားသုံးမှု များတဲ့ သရေစာ အစားအစာတစ်ခုက အသားပေါင်း၊ ပေါက်စီ၊ ဒင်ဆမ်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်တွေ့ ကိုဘေး တရုတ်တန်း

စာရေးသူ ဒီဇင်ဘာလ ၂၀၁၉ တုန်းက ဟိုကို ဟားမားမြို့ တရုတ်တန်းကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းက တရုတ်တန်းနားမှာပဲ တည်းခိုခဲ့ပြီး ဟိုကို ဟားမားမြို့ရဲ့ လည်ပတ်စရာ ဆိပ်ကမ်းဧရိယာအများစုကလည်း တရုတ်တန်းအနီးမှာပဲ ရှိတာမို့ တရုတ်တန်း ဗဟိုပြုပြီး သွားလာလည်ပတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဆိုရရင် ယိုကိုဟားမား တရုတ်တန်းကို အတော်နှံ့ခဲ့ပြီး နေထိုင်ခဲ့တဲ့ သုံးရက်စလုံး ညစာကို တရုတ်တန်းမှာပဲ စားဖြစ်ခဲ့ပါတယ်။ မနက်ဘက်လည်း အဲဒီတရုတ်တန်း ဘက်ကပဲ ဖြတ်ထွက်ပြီး ဆိပ်ကမ်းဧရိယာဘက်ကို သွားခဲ့ရတာဖြစ်လို့ ယိုကိုဟားမား တရုတ်တန်း ဘယ်လောက်စည်၊ မစည်ဆိုတာ ကောင်းစွာ မှန်းဆလို့ ရခဲ့ ပါတယ်။ ညဘက်ဆို လူတွေ ကြိတ်ကြိတ်တိုးပါပဲ။ ဆိုင်အချို့မှာဆို ဆိုင်ထဲမှာ လူတွေပြည့်နေလို့ လူတန်း ရှည်ကြီးတွေ စောင့်နေတာ ညစဉ်တွေ့ခဲ့ရပါတယ်။ ပေါက်စီ၊ အသားပေါင်း၊ ဒင်ဆမ်းစတဲ့ သရေစာ ရောင်းတဲ့ဆိုင်များ ဝန်းကျင်မှာဆိုလည်း လူငယ်အများစုပါတဲ့ စားသုံးသူတွေ မတ်တတ်ရပ် အုပ်စုဖွဲ့ စားသုံးနေတာ မြင်တွေ့ရပါတယ်။ နေ့လယ်ဘက်လည်း တစ်ခေါက် ပြန်ရောက်ပါတယ်။ ညဘက်လောက်သာ လူမစည်တယ်။ နေ့လယ်ဘက်လည်း တရုတ်တန်းလမ်းများ အထူးသဖြင့် အဓိကလမ်းများမှာ လူအပြည့်နီးပါးပါပဲ။ မနက်ဘက်တော့ ဆိုင်အချို့ပဲ မနက်စာ ဖွင့်လှစ်ရောင်းချတာသတိပြုမိပါတယ်။

အခု စာရေးသူ ကိုဘေးမြို့ကို ရောက်နေပါပြီ။ မနေ့ကပဲ အိုဆာကာမြို့ ကိုရီးယားတန်းမှာ တည်းခို နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုဆာကာနဲ့ ကိုဘေးက ၂၅ မိနစ်လောက်ပဲ ရထားစီးရတာမို့ အတော်နီးတယ် ပြောလို့ရပါတယ်။ ဆိုချင်တာ အိုဆာကာ ကိုရီးယား တန်းကနေ ကိုဘေး တရုတ်တန်းကို ရထားနဲ့လာမယ် ဆိုရင်တောင် ရထားစောင့်တာ၊ ရထားပြောင်းစီးတာ နဲ့ဆိုရင်တောင် တစ်နာရီအတွင်း ရောက်နိုင်ပါတယ်။ ကိုဘေးမြို့မှာ စာရေးသူ နေတဲ့ တည်းခိုခန်းနဲ့ ကိုဘေး တရုတ်တန်းကလည်း တစ်ဘူတာလောက်သာ စီးရပြီး လမ်းလျှောက်ရင် ၁၀ မိနစ်သာသာပဲ ရှိပါတယ်။ အမှန်တော့ ကိုရီးယားတန်းတို့၊ တရုတ်တန်းတို့ သွားလည်တယ်ဆိုရင် တစ်ခေါက်လောက်ရောက်ရုံနဲ့ ဆောင်းပါး တစ်ပုဒ် ရေးသားဖို့ မသင့်လှပါဘူး။ နေ့၊ ည အခြေအနေ ကို မြင်သာအောင် ရေးမှသာ အထိုက်အလျောက် ပြည့်စုံပါလိမ့်မယ်။ ဆိုချင်တာက စာရေးသူ အိုဆာကာမှာ လည်ပတ်ခဲ့တဲ့ ကိုရီးယားတန်းဆို သူက ညဘက်ဆို ဆိုင်တွေပိတ်ပါပြီ။ ညနေ ၆ နာရီကျော်ရင် အတော်ကို ခြောက်ကပ်သွားပါပြီ။ စားသောက်ဆိုင်အချို့လောက်ပဲဖွင့်ပြီး အဓိကဈေးဝယ်လမ်းတစ်လျှောက်ဆို ညဘက် တိတ်ဆိတ်နေတာပါပဲ။ စာရေးသူက အဲဒီကိုရီးယား တန်းအလယ်က တည်းခိုခန်းမှာကို တည်းခိုခဲ့တာမို့ပါ။ တည်းခိုခန်းပိုင်ရှင်ကလည်း ဂျပန်မှာ တရုတ်တန်းနဲ့ ကိုရီးယားတန်း အဓိကကွာခြားတာ ညပိုင်းပဲဆိုပြီး ပြောပါတယ်။ 

အခုလည်း ကိုဘေး တရုတ်တန်း ဆောင်းပါးရေးမယ်ဆိုတော့ တရုတ်တန်းကို အနည်းဆုံး ၂ ခေါက် လောက်ရောက်ဖို့ ရည်ရွယ်ပါတယ်။ ပထမတစ်ရက် ကိုဘေးတရုတ်တန်းကို ညနေဘက် ၆ နာရီလောက် ရောက်သွားပါတယ်။ တရုတ်တန်း ထုံးစံအတိုင်း ခမ်းနားလှတဲ့ အဝင်မုခ်ဦး ဂိတ်ကြီးကို စတွေ့ရပါတယ်။ ခမ်းနားလှတယ်ဆိုတာ စာရေးသူလာခဲ့တဲ့ အိုဆာကာ ကိုရီးယားတန်းက အဝင်မုခ်ဦးဂိတ်များထက် ခမ်းနားတာကို ဆိုလိုတာဖြစ်ပြီး ယိုကိုဟားမား တရုတ်တန်း အဝင်မုခ်ဦးကြီးများနဲ့စာရင်တော့ မပြောပလောက်ပါဘူး။ စာရေးသူ ကိုဘေး တရုတ်တန်းဆီရောက်ချိန် မှာ မိုးဖွဲဖွဲရွာနေခဲ့ပါတယ်။ တရုတ်တန်းမှာ လည်ပတ်သူ အနည်းငယ်သာရှိပြီး အားလုံးဟာ ထီးကိုယ်စီနဲ့ ဖြစ်ကြပါတယ်။ လမ်းတစ်ဖက်တစ်ချက် စားသောက်ဆိုင်များမှာချိတ်ဆွဲထားတဲ့ မီးပုံးအနီများနဲ့ ရောင်စုံ နီယွန်ဆိုင်းဘုတ်များကြောင့် တရုတ်တန်း အဓိက လမ်းတစ်လျောက် ကတ္တရာလမ်းများဟာ မိုးရေနဲ့ စိုစွတ်မည်းပြောင်နေပြီး ဆေးရောင်စုံခြယ်ထားသလို ဖြစ်နေပါတယ်။ 

ပထမဆုံး ကိုဘေး တရုတ်တန်း အဓိကဈေးလမ်း တစ်လျှောက် အရှေ့၊ အနောက် အစ၊ အဆုံး လျှောက် ကြည့်ပါတယ်။ လမ်းများတစ်လျှောက် မီးပုံးအနီများကို ကြိုးများဖြင့် သွယ်တန်း ချိတ်ဆွဲထားပြီးလမ်း ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် တော်တော်လျှောက်ရပါတယ်။ အတွင်းလမ်းတွေမှာလည်း မီးပုံးအနီလေးတွေ ချိတ်ဆွဲထားပြီး စားသောက်ဆိုင်များနဲ့ ပြည့်နှက်နေပါတယ်။ လမ်းတစ်ဝက်မှာ ရင်ပြင်တစ်ခု (Central Square) ကိုတွေ့ပြီး ရင်ပြင်အလယ်မှာ တရုတ်ရိုးရာ ဘုံကျောင်းပုံစံနားနေဖို့ ဇရပ်ငယ်လေးတစ်ခုတွေ့ပါတယ်။ ဇရပ်ဝန်းကျင်နဲ့ ရင်ပြင်တစ်ဝိုက်မှာ တရုတ်ရိုးရာ ဆယ့်နှစ်ရာသီ တိရစ္ဆာန်များဖြစ်တဲ့ ခွေး၊ ဝက်၊ ယုန်၊ ကျား၊ မျောက်၊ မြွေ၊ နဂါး စတဲ့ သတ္တဝါအရုပ်များကို တွေ့ပါတယ်။ လမ်းအဆုံးအထိ ဆက်လျှောက်သွားတော့ နောက်ထပ် မုခ်ဦးတစ်ခုကို တွေ့ပါတယ်။ လမ်းတစ်လျှောက် စားသောက်ဆိုင်အချို့ဟာ ခမ်းခမ်းနားနားရှိလှပြီး အစားအစာအမယ်များလည်း စုံလင်လှပါတယ်။ တရုတ်တန်းထုံးစံအတိုင်း ပေါက်စီ၊ အသားပေါင်းနဲ့ ဒင်ဆမ်းဆိုင်များကို နေရာအနှံ့မှာ တွေ့ရပါတယ်။ စာရေးသူလည်း ဆိုင်တစ်ဆိုင်မှာဝင်ပြီး ညစာ စားဖြစ်ပါတယ်။ ညစာစားပြီးနောက် တရုတ်တန်းအနားက ကိုဘေးဆိပ်ကမ်းဧရိယာဘက်ကို ဆက်ထွက်လာခဲ့ပါတယ်။ 

နောက်တစ်နေ့ တရုတ်တန်းကို ညဘက် ၇ နာရီ ကျော်ကျော်လောက် ထပ်ရောက်ပါတယ်။ ဒီတစ်ခါတော့ မိုးမကျတော့ဘဲ ရာသီဥတုက သာသာယာယာပဲ ရှိလှပါတယ်။ တရုတ်တန်း အဓိကလမ်းမှာ မနေ့က ထက်စာရင် လူတွေ ပိုတွေ့ရတယ်ဆိုပေမယ့် လူတွေပြည့်ကျပ်နေသည်အထိတော့ မဟုတ်ပါဘူး။ အဓိက စည်တာ လမ်းအလယ် ဇရပ်ငယ်လေးရှိတဲ့ ရင်ပြင်နေရာပဲ ဖြစ်ပါတယ်။ ဇရပ်အတွင်း၊ အပြင်မှာ စုရုံးထိုင်နေကြသူ အများအပြားကို တွေ့ရပြီး အနားက ဒင်ဆမ်း၊ ပေါက်စီ အရောင်းဆိုင်မှာလည်း အထဲဝင်ဖို့ လူတွေ တန်းစီစောင့်ဆိုင်းနေတာ တွေ့ရပါတယ်။ အဲဒီလို ဆိုင် ရှေ့မှာ လူတွေတန်းစီစောင့်တာ ယိုကိုယားမား တရုတ်တန်းမှာ မကြာခဏဆိုသလို တွေ့ခဲ့ရပေမယ့် ကိုဘေး တရုတ်တန်းမှာတော့ ဒီလို ဆိုင်ရှေ့ လူတန်းစီစောင့်တဲ့ မြင်ကွင်းမျိုးဟာ ရောက်ခဲ့တဲ့ ညဘက် ၂ ကြိမ်မှာ ပထမဆုံး အကြိမ် မြင်တွေ့ရတာပါပဲ။ ဒါနဲ့ စာရေးသူလည်း လူတန်းနောက်က တန်းစီပြီး ကိုယ့်အလှည့်ရောက်တော့ ဆိုင်ထဲဝင်ပြီး ပေါက်စီ အသေးသုံးလုံး မှာစားခဲ့ပါတယ်။ တစ်လုံးကို ယန်း ၁၀၀ သာကျသင့်ပြီး တစ်ခါ မှာရင် အနည်းဆုံး ၃ လုံးမှာရပါတယ်။ ပေါက်စီ စားပြီး နောက် ပေါက်စီဆိုင်အနားက ကိုဘေးအမဲသားဆိုင်မှာ အမဲသား ဝင်စားပါတယ်။ နောက် တရုတ်တန်း အဓိကလမ်းနဲ့ ဆက်စပ်နေတဲ့ အခြားလမ်းကြားများဆီလည်း လျှောက်ကြည့်ပါတယ်။ ကိုဘေး တရုတ်တန်းဟာ မကျယ်လှတာမို့ နာရီဝက်လောက်လျှောက်ရင် အတော်နှံ့နေပါပြီ။ ည ၈ နာရီ ၃၀ မိနစ်လောက် တရုတ်တန်းက ပြန်ထွက်လာတော့ တရုတ်တန်း အဓိက လမ်းတစ်လျှောက်ဟာ ခြောက်ခြောက်ကပ် ကပ်ရှိလှပါတယ်။ အခုအချိန်က ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေချိန်မို့လည်း ဖြစ်ပါလိမ့်မယ်။ ဗိုင်းရပ်စ်ကလည်း တရုတ်က စခဲ့တာမို့လား။ တရုတ်တန်းအနီး မလှမ်းမကမ်းမှာ မိုတိုမချိဈေးဝယ်လမ်း (Motomachi Shopping Street) ဆိုတဲ့ အခြားဈေးဝယ်လမ်း တစ်လမ်းရှိပါတယ်။ အဲဒီမှာတော့ လူတွေနဲ့ အထူးစည်ကားနေတာ တွေ့ခဲ့ရပါတယ်။ 

အောင်အောင် (IR) (ခေတ္တကျိုတိုမြို့)