News

POST TYPE

ARTICLE

မန္တလေးနှင့် အတွေးများစွာ
21-Jun-2020


မန္တလေးကို ချစ်သည်။ မန္တလေးကို မြတ်နိုးသည်။ ခင်တွယ်သည်။ တစ်ခါတစ်ရံ နေမကောင်း ဖြစ်နေသည့်မန္တလေးကို ပြုစုသည်။ ယုယကြင်နာသည်။ မန္တလေး၏ အလှအပကို ခုံမင်နှစ်သက်ကြသည်။ သူတို့သည် နာရီစင်ကြီးကို ချစ်သည်။ မန္တလေးတောင်၏ အရိပ်ကို ခိုလှုံသည်။ မဟာမုနိကို ဦးခိုက်သည်။ ကျုံးတော် ကြီးကိုငေးမောသည်။ ကုသိုလ်တော်ကို ဖူးမြော်သည်၊ 

သူတို့၏ ရင်ထဲဝယ် သုဓမ္မာဇရပ်ရှိသည်။ သူတို့၏ အတွေးထဲတွင် ခြင်္သေ့ကြီးနှစ်ကောင်အား တက်တူးသဖွယ် ရေးထိုးထားသည်။ သူတို့၏ ကဗျာများထဲတွင် ရသေ့ ကြီးဦးခန္တီပါသည်၊ မြွေကြီးနှစ်ကောင်ပါသည်၊ အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခိုသီချင်းပါသည်၊ ထိုသူများကား အခြားမဟုတ် မန္တလေးအကြောင်း ရေးဖွဲ့ထားသည့် ကဗျာများပင်ဖြစ်သည်။ မန္တလေး ကဗျာများသည်ပင် သူတို့ဖြစ်လေသည်။ ဤသို့ဆိုလျှင် မန္တလေးကဗျာ မန္တလေးစာများနှင့် ရင်းနှီးကျွမ်းဝင် ခဲ့သည့်အကြောင်းကို ပြောပြချင်ပါသည်။ 

ကျွန်တော်သည် မန္တလာအွန်လိုင်း ကဗျာစာပေ အသင်းထဲသို့ အမှတ်တမဲ့ရောက်ရှိခဲ့သည်။ ကဗျာ ဆရာ ဘုန်းမောင် မန္တလေးနှင့် မန္တလေးစက်မှုတွင် စတင် တွေ့ဆုံဖြစ်ရာမှ မန္တလာအွန်လိုင်း၏ ပွဲထွက်တိုက်စစ် မှူးဖြစ်သော လင်းထွဏ်း(မြို့သာ)နှင့် ကဗျာ စကားလုံးများ သွန်ချရင်း မန္တလာအွန်လိုင်းကဗျာ အသင်းသို့ ဝင်ရောက်ခဲ့သည်။ ဤအသင်းသို့ခြေချ လာခိုက် သူတို့သည် ရင်းနှီးစွာ ကြိုဆိုကြသည်။ ဤသို့ ကြိုဆိုခြင်း၌ ဟန်ဆောင်မှုမပါ၊ နွေးထွေးစွာ နှုတ်ခွန်း ဆက်သည်၊ လှိုက်လှဲစွာ ပြုံးပြသည်၊ သူတို့သည် မန္တလေး သားစစ်စစ်များမဟုတ်ကြသော်လည်း မန္တလေး၏ နာကျင်မှုများစွာကို ကဗျာများဖြင့်ဖြေသိမ့်သည်၊ မန္တလေး၏ ယိုစိမ့်မှုများကို ကဗျာများဖြင့် ဖာထေး သည်။ 

သူတို့သည် တနင်္ဂနွေအားလပ်ရက်တွင် သူတို့ ရင်ထဲမှ သယ်ဆောင်လာသည့် ကဗျာအထုပ်များကို တစ်ဦးချင်းဖွင့်ပြကြ၏။ ထိုကဗျာဝိုင်း၊ စာဝိုင်းဆီသို့ ကျွန်တော်သွားဖို့အခွင့်ရလျှင် ရသလောက် တက်ရောက် ဖြစ်သည်။ အမြဲတမ်းတော့ မရောက်ဖြစ်ခဲ့ပါ။ ကျွန်တော် ထိုကဗျာဝိုင်းသို့လာရန် မိုင်ပေါင်းများစွာ ခရီးနှင်ရ သည်။ တောမှ မန္တလေးတောင်ခြေသို့ တစ်နာရီစွန်းစွန်း ခန့်မောင်းမှ ရောက်သည်။ တောလမ်းတစ်လျှောက် ဖုန်လုံးကြီးတွေနှင့် စစ်ခင်းရသလို ဒူးရင်းသီးအခွံလို မြေသားလမ်းကလေးနှင့်လည်း နပန်းလုံးရသည်။ ခရီးကား မတွင်ခြေ။ 

ကျွန်တော်နေထိုင်ရာ ရွာကလေးမှသည် မန္တလေး ကွန်ပျူတာတက္ကသိုလ် လမ်းခွဲရောက်ဖို့သည်ပင် နာရီ ဝက်ခန့်ကြာသည်။ ကြမ်းလှစွာသောလမ်းတစ်လျှောက် စိမ်းစိုသာယာလှသော သစ်ပင်သစ်ခင်းတွေရှိ၍ မောရ ကောင်းမှန်းမသိ၊ ညောင်းရကောင်းမှန်း မသိခဲ့ပေ။ ကွန်ပျူတာတက္ကသိုလ် ဆိုင်းဘုတ်မှသည် ကျွန်တော် မြောက်ဘက်သို့ ယွန်းရပြန်သည်။ ဆိုင်ကယ်သမားကို လည်း ဖြည်းဖြည်းချင်းမောင်းဖို့ အာပူနေရ၏။ အဘယ့် ကြောင့်ဆိုသော် ဆိုင်ကယ်တွေသည် လမ်းအပြည့် ကား ကြားတွေထဲမှ မထင်ရင်မထင်သလို ထွက်ထွက်လာ တတ်သောကြောင့် စိုးရိမ်ရပြန်သည်။ နောက်ပြီး မီးပွိုင့် က မီးနီနေလျှင် မကူးဖို့ ပြောပြောနေရပြန်သည်။ အချို့ လည်း မီးနီချိန်လေးကိုပင် မစောင့်နိုင်ဘဲ စည်းကမ်းမဲ့ စွာ ဖြတ်ကူးသည်လည်း မျက်မြင်ကိုယ်တွေ့၊ အခန့်မသင့် လို့ တိုက်တာ ချိတ်တာတွေလည်း မြင်ရပြန်သည်။ “ကိုယ့်လူရေ မလောနဲ့” ဤသို့ သတိပေးချက်ကလည်း မကြာမကြာလုပ်ပေးရသည်။ ခုတစ်လော မြို့ပြသည် အရင်နှင့်မတူ အတော်အတန်ပြောင်းလဲနေသည်။ ညခင်းတွင် လမ်းမီးတိုင်တွေသည် တစ်လမ်းလုံး ထိန်ထိန် လင်းနေ၏။ ရိုက်မှု၊ လုယက်မှုတွေ လူကိုအသက်အန္တရာယ် ပြုတာပင် သိပ်ပြီးမကြား၊ ဝမ်းသာမိသည်။ တစ်ခါတစ်ရံ စည်ပင်သန့်ရှင်းရေး ယန္တရားကြီးတွေ မြင်တွေ့ရပြန်တော့ အတော်ဟုတ်သားဟု တွေးမိပြန်သည်။ မနက်ခင်းနှင့် ညနေခင်း အလုပ်သွားအလုပ်ပြန်ချိန်တွေဆို လျှင် လမ်းမကြီးက ပိုမိုရှုပ်ယှက်ခတ်နေတတ်သည်။ 

ပိုဆိုးသည်က သူ့ထက်ငါ အလုအယက် တိုးဝှေ့ မောင်းနေ၍လည်း စိတ်ပျက်မိပြန်သည်။ ဆိုင်ကယ် ကွင်းလမ်းလုပ်ပေးထားသော်လည်း ကားလမ်းပေါ်တက်ပြီး စည်းကမ်းမဲ့မောင်းကြသေးသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော် မန္တလေးကိုချစ်သည်၊ သူတို့သည် လည်း မန္တလေးကိုချစ်သည်၊ သင်လည်း မန္တလေး ဇာတိ မဟုတ်စေကာမူ မန္တလေးကို ချစ်လိမ့်မည်ဟုထင်သည်။ သူတို့၏ ကဗျာဝိုင်းလေးသည် တစ်ခါတစ်ရံတောင် သမန်၏ရင်ငွေ့တွင် ခိုလှုံသည်၊ တစ်ခါတစ်ရံ မန္တလေး တောင်ခြေတွင် တပ်စွဲသည်၊ ဤသို့ဖြင့် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စံများကို ရှာဖွေဖန်တီးရင်း မန္တလာအွန်လိုင်းသို့ သူတို့ကဗျာတွေ စီးဆင်းပေါင်းဆုံကြသည်။ သူတို့သည် စံတော်ချိန်နေ့စဉ်သတင်းစာ မန္တလေးကဗျာကဏ္ဍတွင် မန္တလေးကဗျာများ အဖြိုင်ဖြိုင်သီးကြ ပွင့်ကြသည်။ ကျွန်တော်၏ မန္တလေး၏ ခံတပ်များကဗျာလေးကို ချပြလိုက်ပါသည်။ 

“မန္တလေး၏ ခံတပ်များ” 
အယဉ်မဆင့်ပါဘဲ
အသွင်မတင့်စရာ အတိုအပြတ်တွေက
သူ့အလှအတွက် ဖော်ပြမှ
အတော်လှတယ်ထင်ရဲ့...။
ကျိုးပျက်လာတဲ့ယဉ်ကျေးမှုတွေအတွက်
လက်ပိုက်မကြည့်တတ်တဲ့ ကဗျာတွေက
မီးနီးပြလိုက်ရ မီးစိမ်းပြလိုက်ရ
ဥုံဖွ ဥုံဖွ နဲ့ အကုန်လှစေဖို့
မန္တလေးအလှကို ဆွဲလှန်ပြတယ်။
တကယ်တော့ ကဗျာတွေက
မန္တလေးမြို့အတွက်
ကိုယ်ရေးအကျဉ်း သမိုင်းတွေကိုလှန်ပြ
အရိုင်းတွေကို ကန်ချ
ခေတ်ဆေးအစီအမံတွေနဲ့
အညစ်အကြေးတွေကိုခွါချ
ဒါ...မန္တလေးကို အနာမရစေဖို့။
သမိုင်းအရှုံးတွေထဲက
အရိုင်းတုံးကျောက်တစ်ပွင့်ကို
ပြောင်လက်အောင်သွေးပြ
တကယ်တော့ ကဗျာတွေဟာ
စံဟပ်ခါနှိုင်းမရတဲ့
ခံတပ်မဟာတံတိုင်းအလှတွေပေါ့ဗျာ ဖြင့် ကဗျာ စာပေနယ်သို့ စတင်ရောက်ရှိခဲ့သည်။

ကဗျာလေးကို ခံစားကြည့်ပေးစေလိုပါသည်၊ မြင်တွေ့ရမည်မှာ သေချာ ပါသည်။ ဆရာ သမိုင်း(တံတားဦး)၏ “သမိုင်းထဲက မန္တလေး” ကဗျာတွင်တော့ ပြောင်းလဲမှုတွေနှင့် မန္တလေး ကို ခေတ်ပေါ်ကဗျာလေးတစ်ပုဒ်ဖြင့် ဖွင့်ထုတ်ထားပြန် သည်။ ပြာပုံထဲက ရုန်းထလာသည့် ဗီးနစ်ငှက်လေးနှင့် တင်စာထားသည့် ဆရာမြသန်းတင့်၏ အာဘော်လေး ကိုလည်း သမိုင်း(တံတားဦး)၏ ကဗျာထဲတွင် တွေ့ရ သေးသည်။ ကောလင်းသားကြီး ဒီမိုစိုးသူ (ကောလင်း) ၏ “လွမ်းစရာ့မန္တလေး” ကဗျာလေးဖတ်ရသည့်အခါ ကျွန်တော်ကိုယ်တိုင် မန္တလေးကို ထပ်ဆင့်လွမ်းမိသလို လိုပင်။ ဤကဗျာလေးထဲမှ ကဗျာလေးတစ်ပိုဒ်ကို ထုတ်ပြချင်သည်။ 

မြို့မငြိမ်းနဲ့ ဆရာတင်
ရာဇဝင်မှာ စာတင်ကာထားနိုင်တဲ့
စာပေဂီတနဲ့ မရိုးရအောင်
ရေးဆိုပြလို့ရတဲ့ မန္တလေးကို လွမ်းတယ်”

ကဗျာဆရာသည် မန္တလေးတောင်နှင့် နာရီစင် နေပူ ဖုန်ထူ ခြင်ကိုက်သည်ဆိုသည့် မန္တလေးကိုပင် လွမ်းထားပြီး နောက်ဆုံး အနားသတ်ခါနီး မန္တလေးကို လူတစ်စုက လုယူထားသည်ကိုပင် အားမလိုအားမရဖြစ် အဖွဲ့မျိုးဖြင့် ကရုဏာရသတွေ ထည့်သွားသေးသည်။

ဆရာဆဏ်းဝင်းအောင်၏ “ဝံသာနု မန္တလေး” ကဗျာတွင် “မန်းမန္တလာရေ ယဉ်ကျေးမှုအမွေအနှစ်တွေ ခေတ်ရေစီးကြောင်းမှာ ထောင်းလမောင်းကြေအောင် မျောပါနေရပြီလား”ဟု စာကြောင်းရေ လေးဆယ်ခန့် ရှိ ကဗျာဖြင့် မန္တလေးအပေါ် ခံစားရသမျှကို ဖွင့်ချ ထားလေသည်။ “မန္တလေးအကြောင်းကို မဖွဲ့သည့်စာဆို ဟူ၍ တော်တော်ရှားလိမ့်မယ် ထင်ပါသည်။ မှူးကြီး မတ်ကြီး စာဆိုကလည်း မန္တလေးမြို့အကြောင်းကိုဖွဲ့ပါ သည်။ ရဟန်းစာဆိုကလည်း မန္တလေးအကြောင်းကို ဖွဲ့ပါသည်။ မင်းမှုထမ်း စာဆိုကလည်း မန္တလေးကိုဖွဲ့ပါ သည်။ ဇာတ်စာဆိုကလည်း မန္တလေးအကြောင်းကို ဖွဲ့ပါသည်။ အမျိုးသမီးစာဆိုကလည်း မန္တလေးမြို့ အကြောင်းကိုဖွဲ့ပါသည်။ မန္တလေးကျအပြီး ကိုလိုနီခေတ် ရောက်သည့်အခါတွင်လည်း ဦးဖုန်းမို၊ ဆရာဉာဏ်၊ ဆရာခိုင်၊ ဦးဓာတ်ခိုး၊ ဦးမင်းညွန့်၊ ဦးသာဒင်၊ ဦးချစ် စဖွယ် အစ နန်းတော်ရှေ့ဆရာတင်၊ ဆရာညှာ၊ မြို့မငြိမ်း၊ ဦးဘငြိမ်း၊ ကိုဘိုခင်တို့ အဆုံး စာဆိုရှင်တို့အားလုံး သည် မန္တလေးအကြောင်းကို ဖွဲ့ခဲ့ကြ ဖွဲ့နေကြဆဲပင် ဖြစ်ပါသည်ဟု ဆရာမြသန်းတင့်၏ “တောင်သမန်ရွှေ အင်းက လေညှင်းဆော်တော့”စာအုပ်တွင် ဖတ်မှတ်ခဲ့ရသည်။

မည်သို့ပင်ဆိုစေ မန္တလေးစာ မန္တလေးကဗျာလေးများသည် မန္တလေးအကြောင်းရေးရသည်ကို ကျွန်တော်နှစ်သက်သည်။ မန္တလေးအကြောင်း တွေးရသည်ကို ကျွန်တော်သဘောကျသည်။ မန္တလေးနှင့် အတွေးများစွာသည် ကလောင်ရှင် တော်တော်များများ၏ ရင်တွင်း ကိန်းဝပ်တည်ရှိမည်ဟု ထင်မြင်မိပါသည်။

အလင်းသစ် (ရွှေဆည်မြေ)