News

POST TYPE

ARTICLE

အမေရိကန်နှင့် ဟွာဝေးပြဿနာ
12-Jan-2020


(၁)

ဥရောပကောင်စီ၏ကော်မတီရုံးခန်းတွင် ဥပဒေပြုသူများ၊ ဥပဒေလုပ်ရန် လော်ဘီလုပ်သူများနှင့် ဟွာဝေးကုမ္ပဏီ (Huawei) ၏မန်နေဂျာများ တွေ့ဆုံဆွေးနွေးနေကြပါသည်။ ဥပဒေပြုသူများဘက်က အများသူငါ သိလိုသော မေးခွန်းကို တိုက်ရိုက်မေးသည်။ “ဟွာဝေးသည် တရုတ်ပြည်အတွက် စပိုင်လုပ်ပါသလား” ဟူသောမေးခွန်းဖြစ်ပါသည်။

ဟွာဝေး၏ ဥရောပကောင်စီအတွက် တာဝန်ခံဖြစ်သူ မစ္စတာလီယူ (Abraham Liu) က “ဟွာဝေးသည် လွတ်လပ်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ပြည်အတွက် သတင်းစုဆောင်းပေးရန် တာဝန်မရှိသကဲ့သို့ ထိုသို့ လုပ်ခဲ့လျှင်လည်း မိမိကိုယ်ကိုယ် အသေသတ်သလိုဖြစ်မည်”ဟူ၍ဖြစ်သည်။

ထို့နောက် သူက ထပ်မံ၍ “ကျွန်တော်တို့ဟာ ဥရောပကောင်စီနှင့် ရည်ရွယ်ချက်ချင်း တူညီကြပါသည်။ မစ္စတာထရမ့်လို မဟုတ်ပါ” ဟု ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းများတွင် ဥရောပ၏ပွင့်ပွင့်လင်းလင်းဖြစ်ခြင်းကို လိုလားမှု၊ တီထွင်ကြံဆခြင်းနှင့် ဥပဒေစိုးမိုးမှုတို့ကိုဖြစ်စေရန် လိုလားသကဲ့သို့ ဟွာဝေးကလည်း တစ်သဘောတည်းပင်ဖြစ်ပါသည်ဟု ဆိုသည်။ 

(၂)

ဟွာဝေးသည် ဝါရှင်တန်က နိုင်ငံတော်လုံခြုံရေးအတွက် မလိုလား အပ်သောတံဆိပ် Brand ဖြစ်သည်ဟု သတ်မှတ်ထားခြင်းခံနေရသည်။တရုတ်ထောက်လှမ်းရေးက ဟွာဝေး၏ပစ္စည်းကိရိယာများကတစ်ဆင့် အမေရိကန်ပြည်သူလူထုကို စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု စွပ်စွဲသည်။ ထို့ကြောင့် ဥရောပကောင်စီရုံးစိုက်ရာ ဘရပ်ဆဲလ်မြို့တွင် ဟွာဝေးက ဥရောပကောင်စီ၏ ထရမ့်အပေါ်ယုံကြည်ခြင်းမရှိခြင်းကို အခြေခံကာ ဝါဒဖြန့်လျက်ရှိသည်။ ယခုအချိန်ထိတော့ ထိုဝါဒဖြန့်မှုမှာ အောင်မြင်လျက်ရှိသည်ကိုတွေ့ရပါသည်။

အနာဂတ်ဥရောပတွင် 5G နက်ဝပ်ကို ထူထောင်ရန်အတွက် ဟွာဝေးက သန်းပေါင်းများစွာ အကုန်အကျခံကာ ကြေညာလျက်ရှိသည်။ အလားတူ ဥရောပကောင်စီ၏ ပေါ်လစီချမှတ်သူလူကြီးများရှေ့မှောက်တွင် အာမခံရသည်။ ထရမ့်အစိုးရအပေါ် ကြိုတင်၍လည်း မခန့်မှန်းနိုင်သလို၊ ယုံကြည်ရန်လည်း အကြောင်းမရှိသဖြင့် ပူးပေါင်းရန်မဖြစ်နိုင်။ ဟွာဝေး၏မူဝါဒမှာ တစ်ကိုယ်ရေလွတ်လပ်မှု (Privacy) ပွင့်လင်းမြင်သာမှုရှိပြီး ဂလိုဘယ်လိုက်ဇေးရှင်းကိုသာ လိုလားပါသည်။ ထိုလမ်းကြောင်းသည် ဥရောပကောင်စီ၏လိုလားချက်များဖြစ်ကြပါသည်။

တရုတ်တို့ကပြောကြားသည်မှာ တရုတ်ပြည်သည် အမေရိကန်တို့လို မဟုတ်ပါ။ ဥရောပကောင်စီနှင့်အတူ ရာသီဥတုပြောင်းလဲလာခြင်းကိုလည်း ယုံကြည်ပါသည်။ အများပြည်သူ၏ ကောင်းကျိုးကိုလည်း ဆောင်ရွက်လိုပါသည်ဟု ပြောသည်။

ထိုသတင်းပျံ့နှံ့ဖို့အတွက် ဟွာဝေးသည် မျှော်လင့်မထားသော အလုပ်ကို လုပ်ခဲ့ပါသည်။ ဥရောပကောင်စီလူကြီးများနှင့်အတူ မစ္စတာ လီယူသည် လူထုရှေ့မှောက်တွင် ဆွေးနွေးဟောပြောရင်း ထိုဆွေးနွေး ချက်များကို အင်တာနက်မှ Live တစ်ဆင့် လွှင့်ခဲ့ပါသည်။ ကော်ပိုရိတ် ခေါင်းဆောင်များမှာ အများပြည်သူရှေ့တွင် စကားပြောရန် ဝန်လေးကြပါသည်။ မစ္စတာလီယူကိုယ်တိုင်က အချီအချစကားပြောပွဲအဖြစ် (Public debate) စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်တို့က ဟွာဝေးကိုပိတ်ဆို့ထားသလို ဥရောပကောင်စီကို အလားတူပြုလုပ်ရန် ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ပါ။ ဥရောပကောင်စီတစ်ခုလုံးဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံတစ်ဦးချင်းဖြစ်စေ၊ ဟွာဝေး၏ပစ္စည်းများ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့သောနိုင်ငံမရှိပါ။

ထရမ့်က မိမိနှင့် အမူအကျင့်နှင့် အယူအဆတူပါသည်ဟု လက်ခံထားသူ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘင် (Viktor Orban)ကိုပင် မဆွဲဆောင်နိုင်ခဲ့ပေ။ နိုဝင်ဘာလတွင် ဟန်ဂေရီနိုင်ငံအတွက် 5G Circuit တွင် ဟွာဝေး၏ ပစ္စည်းများကို တပ်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစိုးရအရာရှိများနှင့် ဟွာဝေး၏ပါဝင်ပတ်သက်နေမှုကို ဆွေးနွေးနေကြဆဲမှာပင် ဒါဇင်ပေါင်းများစွာနှင့်ချီ၍ စာချုပ်များချုပ်ဆို နိုင်ခဲ့သည်ဟုပြောသည်။ အချို့ကိရိယာများမှာ 5G နှင့်တွဲပြီးသုံးနိုင်သောကြောင့် စတင်အသုံးပြုနေကြသည်။

နေတိုးအစည်းအဝေးတွင် ထရမ့်ကအင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ဟွာဝေးနှင့်ကင်းရှင်းအောင်နေရန် ပြောကြားခဲ့သော်လည်း ဂျွန်ဆင်က အဖြေမပေးဘဲ ဆုံးဖြတ်ချက်ချရန် ရွှေ့ဆိုင်းထားကြောင်းကိုသာ ပြောသည်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုကလည်း ဥရောပပေါ်လစ်တီကို မဂ္ဂဇင်းတွင်ရေးသားရာ၌ မိမိတို့နိုင်ငံ၏လျှို့ဝှက်ချက်များကို ဟွာဝေး ပစ္စည်းများနှင့်ယုံကြည်မထားရန် ရေးသားသည်။ 

ဥရောပနိုင်ငံများအနေနှင့် အမေရိကန်နည်းတူ မိမိတို့နက်ဝပ်များ လုံခြုံရေးတွင် ဟွာဝေးအပေါ်ရာနှုန်းပြည့် ယုံကြည်မှုရှိကြသည်တော့ မဟုတ်ပါ။ ဥရောပကောင်စီ၏ ရီပို့တစ်ခုတွင် နက်ဝပ်များ၌ ပြင်ပမှ ဝင်ရောက်ခိုးယူ နားထောင်နိုင်မှုမရှိအောင် သတိရှိရမည်ဟု ဟွာဝေး၏နာမည်ကို မသုံးဘဲဖော်ပြသည်။

မည်သည့် တရုတ်ကုမ္ပဏီများမှာ အစိုးရနှင့်မကင်းကြပါ။ ဂျာမနီတယ်လီကွန်းကုမ္ပဏီကမှု ဟွာဝေးကို 5G အတွက် လိုင်စင်ချပေးရန် ရည်ရွယ်သည်။ အဓိပတိမာကယ်လ်၏ ပါတီမှ လူများက မကန့်ကွက်ကြသော်လည်း ကန့်ကွက်သူအချို့တော့ ရှိနေသည်။

ဥရောပကောင်စီ၏ ဥပဒေများအရ ကုမ္ပဏီတစ်ခုကိုဦးတည်၍ တိုက်ခိုက်ရန် ခက်ခဲပါသည်။ ထို့ကြောင့် ဟွာဝေးကိုလိုင်စင်ချပေးရေး၊ မချပေးရေးကိစ္စကို အဖွဲ့ဝင်နိုင်ငံအစိုးရများကိုသာ ဆုံးဖြတ်စေသည်။ ထရမ့်အစိုးရအပေါ် ယုံကြည်မှုမရှိခြင်းကလည်း အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါသည်။ နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲတွင် မိမိက အနိုင်ရရန် (Bargaining  Chip) တစ်ခုသဖွယ် အသုံးချပြီး ပြေလည်သွားသောအခါ ဘာမှမဟုတ်ဘူးဟုလည်း ဖြစ်သွားနိုင်ပါသည်။

ထိုကိစ္စ 5G မပေါ်ခင်ကတည်းက ဟွာဝေးသည် ဆမ်ဆောင်းနှင့် အက်ပဲ (Apple) ပြီးလျှင် ဟန်းဖုန်းရောင်းချရာတွင် တတိယလိုက်သည့် ကုမ္ပဏီဖြစ်ပါသည်။ အလုပ်သမားပေါင်း ၁၂၀၀၀ ရှိပြီး ဥရောပတိုက် နေရာအနှံ့တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ရုံးခန်းပေါင်း ၂၃ ခု ရှိပါသည်။ ထို့ကြောင့်လည်း ဘရပ်ဆဲလ်တွင် ပေါ်လစီချမှတ်သူများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ်တွင် ကြော်ညာလုပ်ငန်းနှင့် ဆွဲဆောင်မှုလုပ်ငန်းများအတွက် ဒေါ်လာ ၃ သန်း ချသုံးခဲ့ပြီး ၎င်းသည် ဥရောပတွင် 5G လုပ်ငန်းအတွက် အလုပ်လုပ်ကြသောကုမ္ပဏီပေါင်း၏ သုံးငွေထက် များပြားပါသေးသည်။ အဲရစ်ဆန်၊ နိုကီယာနှင့် အမေရိကန်မှ Qualcomm တို့ဖြစ်ကြပါသည်။

ဘရပ်ဆဲလ်လေဆိပ်နှင့် အထင်ကရနေရာကြီးများတွင် ဧရာမ ပိုစတာကြီးများထောင်ခဲ့သည်။ ရာပေါင်းများစွာသောဂျာနယ်လစ် များထံ စာရေးသားပေးပို့ခဲ့ပြီး 5G စီမံကိန်းကိုဆောင်ရွက်ရာတွင် ဥရောပတွင်နေသူတို့အဖို့ ဥရောပတန်ဖိုးအတိုင်း ဆောင်ရွက်ရမည်ဟု ရေးသားခဲ့သည်။

ဘရပ်ဆဲလ်တွင် အဓိကသုတေသနလုပ်ရာဌာန ၂ ခုသို့ ငွေပေးလှူ ခဲ့ပြီး ဥရောပပေါ်လစီနှင့် အကြံပေးအဖွဲ့များသို့လည်း တရုတ်အစိုးရကိုယ်စား ငွေပေးလှူခဲ့ပါသည်။ ငွေကြေးပမာဏမှာ မများလှသော်လည်း (အမေရိကန်ဒေါ်လာ ၅၅ယဝ၀၀) ကုမ္ပဏီ၏ရပ်တည်မှုမှာ ပိုမိုကောင်းမွန်လာခဲ့သည်။

ဟွာဝေးက အမေရိကန်ကုမ္ပဏီများနှင့် မဟာမိတ်ပြုထားရသည်။အဆောက်အအုံတစ်ခုတည်းတွင် ဂူးဂဲလ်နှင့်အခန်းများ ငှားထားပြီး ဂူးဂဲလ်က သုံးထပ်ဟွာဝေးက တစ်ထပ်လုံးယူထားသည်။

ကိုသန်းလွင်