News

POST TYPE

ARTICLE

အီရန်အရေး ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းထဲမှ သတိထားဖွယ်ရာ အချက် (၅) ချက်
09-Jan-2020


(သန့်ဇင်စိုး- ဘာသာပြန်သည်)

အမေရိကန်က အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီကို လုပ်ကြံလိုက်ပြီးနောက် အီရန်က အီရတ်မှာရှိနေတဲ့ အမေရိကန်တပ်တွေကို တစ်ဒါဇင်လောက်ရှိတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် က twitter မှာ အားလုံးအေးဆေးပါ all is well ဆိုပြီး tweet လိုက်ပါတယ်။

ဘာဖြစ်လို့ ဒီလိုမျိုး မြင်ရတယ်ဆိုတာ နောက်နေ့မနက်ကျတော့ မိန့်ခွန်းပြောပြီး ရှင်းပြပါတယ်။ တင်းမာနေတဲ့ အခြေအနေတွေ အတိုင်းအတာ တစ်ခုအထိ လတ်တလော အေးဆေးဖြစ်နေတယ်လို့ ပြောတဲ့ ၁၀ မိနစ်လောက်ကြာ အဆိုပါ မိန့်ခွန်းကနေ အဓိက အချက် ၅ခုကို ထုတ်ပြပါ့မယ်။

(၁) စစ်ပွဲကြီး၏ ထွက်ပေါက်

“အီရန် ဟာ နောက်ဆုတ်သွားပုံပေါ်ပါတယ်။ ဒါဟာ ပါဝင်နေတဲ့ ပတ်သက်သူအားလုံးအတွက် ကောင်းပါတယ်။ ကမ္ဘာကြီးအတွက်လည်း အလွန်ကောင်းတဲ့အရာ ဖြစ်ပါတယ်”

ပြီးခဲ့တဲ့ ရက်က မေးခွန်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အီရန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေဟာ စစ်ပွဲကြီးတစ်ခု စဖို့အတွက် လုပ်လိုက်တာလား၊ အခြေအနေကနေ ထွက်ပေါက်တစ်ခု လုပ်လိုက်တာလားဆိုတာပါပဲ။ သမ္မတထရမ့်ကတော့ အီရန်က ထွက်ပေါက်ရှာပြီး နောက်ဆုတ်သွားတယ်လို့ မြင်နေပါတယ်။ လူအသေအပျောက်မရှိဘဲ အပျက်အစီးလည်း နည်းပါတယ်လို့ အီရန် တိုက်ခိုက်မှုကို ထရမ့်က သုံးသပ်ပါတယ်။ အမေရိကန်စစ်တပ်ကို ချီးမြှောက် ပြောဆိုခဲ့ပြီး၊ အများက ထင်နေကြသလို ထရမ့်ကိုယ်တိုင်လည်း ပြောခဲ့ဖူးသလို စစ်အင်အားကျုံးထည့်ပြီး အားရပါးရ ပြန်ချမယ်ဆိုတာမျိုး မဟုတ်ဘဲ စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်းများ ပိုလုပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြန်လည်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထရမ့်က ရွေးချယ်သွားခဲ့ပြီး အီရန်များကိုလည်း စစ်ကို နောက်ဆုတ်ဖို့ ဆုံးဖြတ်သွားတာ ထရမ့်ဘက်က ဖြစ်တယ်လို့ ပြောနိုင်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပါသတဲ့။ ထရမ့်မိန့်ခွန်းဟာ အောင်ပွဲခံမိန့်ခွန်းလို ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းမှာ အမေရိကန်တွေရဲ့ ကြီးစိုးမှုကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(၂) ဆိုလီမာနီကို ဘာဖြစ်လို့ လုပ်ကြံသင့်သလဲနဲ့ အောင်မြင်စွာ နောက်ဆုတ်ခဲ့တယ်ပြောဆိုချက်

“ဆိုလီမာနီကို သုတ်သင်လိုက်ခြင်းဖြင့် အကြမ်းဖက်သမားတွေကို သတင်းစကားပါးလိုက်ပါတယ်။ ကိုယ့်အသက်ကိုယ် နှမြောတယ်ဆိုရင် တခြားလူတွေရဲ့ အသက်ကိုလည်း မခြိမ်းခြောက်ပါနဲ့” ဆိုပြီး ပြောပါတယ်။ ထရမ့်ပြောတာ အတော်များများက ဘာတွေဖြစ်ခဲ့တယ်ဆိုတာတွေကို ပြောတာပါ။ ဘာတွေ ဆက်လုပ်မယ်ဆိုတာတော့ ဘာမှမပြောပါဘူး။ ဘာကြောင့် ဆိုလီမာနီ ကို သုတ်သင်ရသလဲ၊ သူဟာဘာကြောင့် ကမ္ဘာ့ထိပ်တန်း အကြမ်းဖက်သမားလို့ သတ်မှတ်နိုင်သလဲ ဆိုတာကို ထရမ့်က အာရုံစိုက်ပြောကြားခဲ့ပါတယ်။ ဆိုလီမာနီဟာ ဒေသတွင်း စစ်သွေးကြွကွန်ရက်တွေကို တည်ဆောက်နေပြီး၊ ဘယ်လို ဘယ်ပုံ အမေရိကန်အကျိုးစီးပွါးများ၊ အမေရိကန်ပြည်သားများကို တိုက်ခိုက်သတ်ဖြတ်နေကြောင်းနဲ့ ရှေ့ဆက်လည်း လုပ်ဖို့ အစီအစဉ်တွေ ရှိနေသူဖြစ်ကြောင်း သက်သေများရှိတယ်လို့ ထရမ့်က ဆိုပါတယ်။

သုတ်သင် ရှင်းလင်းလိုက်ခြင်းကြောင့် ဒရာမာခင်းတာတွေ၊ နောက်ဆက်တွဲဖြစ်လာမှာတွေ ရှိနေမယ်ဆို သေချာပါကြောင်း၊ အမေရိကန်က အဖျက်ကောင်ကို ဖယ်ရှားကာ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်းခြစ်ရာ ပွန်းရာမရှိ ထွက်လာနိုင်ခြင်းဖြစ်ကြောင်း ထည့်ပြောခဲ့ပါတယ်။

နိုင်ငံရေး လေ့လာသူတွေကတော့ ထရမ့်ရဲ့ အောင်ပွဲခံနေခြင်းကို သတိပေးခဲ့ပြီး၊ အီရန်ရဲ့ တုန့်ပြန်မှုက ရှေ့ဆက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) အိုဘားမားအစိုးရ ကို အပြစ်ပုံချခြင်း

“ပြီးခဲ့တဲ့ညက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ပစ်သွားတဲ့ ဒုံးကျည်တွေဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အီရန်တွေရအောင် လုပ်သွားပေးတဲ့ ငွေတွေနဲ့ ဝယ်ထားတာပါ” လို့ ထရမ့်က ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ သမ္မတသက်တမ်းတစ်လျှောက်လုပ်ခဲ့တာတွေ အတော်များများက အိုဘားမားလုပ်ခဲ့တာတွေကို ပြန်ပြီး undo လုပ်တာတွေပါပဲ။ ဒါကြောင့် တစ်နိုင်ငံလုံးကို တီဗွီပေါ်ကနေ စကားပြောခွင့်ရတုန်း အီရန်ကိစ္စ အိုဘားမားအစိုးရအပေါ် အပြစ်ဖို့တာတော့ အံ့သြစရာ မရှိပါဘူး။ အီရန်နျူကလီးယား သဘောတူညီချက်ဟာ အိုဘားမား အစိုးရက ညှိနိူင်းပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ၁၉၇၉ အီရန် တော်လှန်ရေးအပြီး အမေရိကန်ဘဏ်တွေမှာ ထိန်းသိမ်းထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ဆယ်ပေါင်းများစွာကို ပြန်ထုတ်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေနဲ့ ဒုံးကျည်တွေ ဝယ်တယ်ဆိုတာတော့ သက်သေအထောက်အထားမရှိပါဘူး။ ထရမ့်ကတော့ ဒီငွေတွေကြောင့် အီရန်အနေနဲ့ နိုင်ငံရေး၊ ဘဏ္ဍာရေး အသက်ရှုပေါက်ချောင်သွားပြီး ဒေသတွင်း ပိုမိုမင်းမူ ရန်လိုလာနိုင်တယ်လို့ ဆိုထားပါတယ်။ အိုဘားမားရဲ့ အီရန် သဘောတူညီချက်တော့ ပြီးသွားပါပြီ။ ထရမ့်အစိုးရတက်လာပြီး နုတ်ထွက်လိုက်လို့ပါ။ ထရမ့်ဟာ အီရန်သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကိုလည်း တခါတည်းပြောသွားပါတယ်။ သဘောတူညီချက်အသစ်တစ်ခုကို ထုတ်ရတော့မယ်တဲ့။ ဒါကတော့ ထရမ့် သဘောတူညီချက်ပါတဲ့။ Trump deal ကသာ ကမ္ဘာကြီးကို ပိုမိုလုံခြုံပြီး ပိုငြိမ်းချမ်းစေမှာပါတဲ့။

(၄) အရှေ့အလယ်ပိုင်းအရေးကိစ္စ ပိုပြီး ဝင်ပါပေးဖို့ NATO ကို တောင်းဆိုခြင်း

“ယနေ့ ကျွန်တော်ဟာ NATO ကို တောင်းဆိုပါတယ်။ အရှေ့အလယ်ပိုင်း ဖြစ်စဉ်မှာ ပိုမိုပါဝင်ပေးဖို့ ဖြစ်ပါတယ်” လို့ ထရမ့်က မိန့်ခွန်းထဲထည့်ပြောသွားပါတယ်။ သူ ခဏခဏ ပြောနေကျပါ။ အမေရိက စီးပွားရေးဟာ စွမ်းအင်အပေါ် မှီတည်ရတာ နည်းလာတာနဲ့အမျှ မဟာမိတ်တွေလည်း အရှေ့အလယ်ပိုင်း အရေးကိစ္စကို ဝင်ပြီး မျှထမ်းကြဖို့ ပြောလာတာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် စျေးကွက်အပေါ် ထိခိုက်မှုများ ရှိပါတယ်။ အမေရိက,က ရေနံတွေဟာ မြောက်ဒါကိုတာက ထွက်ထွက်၊ ပါရှန်း ပင်လယ်ကွေ့က ဝယ်ဝယ် တခုခုဖြစ်ပြီဆိုရင် စျေးကတော့ တက်တာပါပဲ။

(၅) အီရန် နယျူကလီးယား မရေစရဘူး

“ကျုပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်နေသရွေ့၊ အီရန်ဟာ နျူကလီးယား မရစေရဘူး” လို့ ထည့်ပြောခဲ့ပါတယ်။ မိန့်ခွန်းထဲမှာ အာမခံချက်တွေ ထည့်ပြောသွားပါတယ်။ အမေရိကန်ရဲ့ အင်အား ကောင်းမွန်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်ပြုမှုတွေကို ပြောသွားပါတယ်။ မိန့်ခွန်းပြောချိန်မှာလည်း ထရမ့်ဟာ အင်အားကောင်းမွန်မှုကို ပြခဲ့ပါသေးတယ်။ သူ့နောက်မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ စစ်ခေါင်းဆောင်တွေ အုပ်စုလိုက်ရပ်နေပါတယ်။

အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမာနီကို လုပ်ကြံနိုင်မှုနဲ့ ISIS ခေါင်းဆောင် အဘူဘေကာ အယ်ဘဂ္ဂါဒက်တီကို သုတ်သင်နိုင်ခဲ့မှုတွေက ထရမ့်ရဲ့ နောက်ထပ် သမ္မတသက်တမ်း မဲဆွယ်ပွဲတွေမှာ ပါနေတော့မှာ အသေအချာပါပဲ။