News

POST TYPE

ARTICLE

ကလေးအတွေး
05-Jan-2020


ကျွန်တော်ငေးမောနေမိသည်။ ရာသီကိုက စိတ်ကို လွင့်ချင်တိုင်း လွင့်မျောခွင့် ရနေသည်။ ကောင်းကင်ကိုမော့ကြည့်မိတော့ တိမ်တစ်အုပ်က တရွေ့ရွေ့။ တိမ်တွေ ဘယ်ကိုရွေ့နေပါသလဲ။ ‌ သေချာတာကတော့ တိမ်တွေလို ကျွန်တော် ဖြစ်ချင်မိသည်။ ဦးတည်ရာမရှိ ကမ္ဘာလောကကြီးမှာ လွင့်မျောချင်မိသည်။ ကျွန်တော့်လို ကလေးတိုင်း ကျွန်တော်ခံစားနေရသလို ခံစားမိကြပါ့မလား။ ကျောင်းမှာ ဆရာပြောတာကို ပြန်ကြားယောင်မိသည်။

“မင်းတို့အရွယ်လေးတွေက သစ်ရွက်လှုပ်တိုင်း စိတ်ကစားတတ်သလို။ မေးခွန်းတွေလည်း သိပ်မေးတတ်ကြတယ်”ကျွန်တော့်မှာလည်း မေးခွန်းတွေများစွာ ရှိနေပါသည်။ ကျွန်တော့်မေးခွန်းတွေ ကိုလည်း ကျွန်တော့်အဖေက ဖြေဆိုနိုင်ခွင့် မရှိပါ။တစ်ခါက လူကြီးတွေကို ကျွန်တော်အထင်ကြီးခဲ့မိသည်။

လူကြီးတွေဟာ အရာရာကို သိတတ်နားလည် နေသူတွေပဲလို့။ “အဖေနေထွက်ချိန်နဲ့ နေဝင်ချိန်ဟာ အတူတူမဟုတ်ဘူးလား” ကျွန်တော်မေးတော့ အဖေက ခေါင်းကုပ်နေခဲ့သည်။ ကျွန်တော်မသိတဲ့မေးခွန်းတွေ။ ကျွန်တော်နားမလည်တဲ့ မေးခွန်းတွေအများကြီး ရှိနေသေးပါသည်။

အိမ်ရှေ့မှာ ကရမက်ပန်းတွေ ပွင့်သည့်နေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေသောသတင်း တစ်ခုကို အဖေကြည့်နေသည်။ ကျွန်တော်လည်း အဖေ့ဘေးနားကနေ ငုတ်တုတ်လေးထိုင် ကြည့်နေမိသည်။ ကြည့်သာကြည့်နေရသည် ကျွန်တော်ဘာမှ နားမလည်ပါ။ ထိုသတင်းထဲတွင် ‘သောင်းကျန်းသူ’ ဆိုသော စကားလုံးက ပါလာသည်။ “အဖေသောင်းကျန်းသူ ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်” အဖေခဏ တွေဝေသွားသည်။

“သောင်းကျန်းသူဆိုတာ ဘာမှမစဉ်းစားဘဲ လုပ်ချင်တာ လျှောက်လုပ်နေတာပေါ့သားရဲ့” အဖေ့အဖြေကို ကျွန်တော်မနှစ်မြို့ပါ။ တကယ်ဆို လူကြီးတွေက ဘာမှမသိဘဲ သိချင်ယောင်ဆောင်နေသူများလား။ ရုပ်မြင်သံကြားထဲမှာ ဝါးအိမ်တချို့နှင့် တဲအိမ်တချို့ ပျက်စီးနေကြသည်။ အင်္ကျီ၊ ထဘီ ဖိုသီဖတ်သီနှင့် အမျိုးသမီးတစ်ဦးက လသားအရွယ် ကလေးငယ်လေးကို မနိုင်မနင်းပွေ့ချီပြီး ကြောက်လန့်တကြား ပြေးနေသည့်ပုံဖြစ်သည်။

မျက်နှာတွင်လည်း မီးခိုးလို မည်းညစ်ညစ်တွေ ကပေကျံနေသည်။ သတင်းကြေညာသူ ပြောသော စကားထဲတွင် ‘တိုက်ပွဲဖြစ်ပွားခြင်း’ ဟူသော စကားကပါလာသည်။ ထိုစကားလုံးကို ကျွန်တော်နား မလည်ပါ။ “အဖေ တိုက်ပွဲဆိုတာ ဘာလဲဟင်”၊ “တိုက်ပွဲဆိုတာ စစ်ပွဲပေါ့သားရဲ့”အဖေ့ အဖြေကို ကျွန်တော် နားမလည်ပါ။“စစ်ပွဲဆိုတာ‌ ဘာလဲအဖေ။ လူသတ်ပွဲ ကြီးလား”၊ “လူသတ်ပွဲ‌တော့ မဟုတ်ဘူးပေါ့သားရယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတူလို့ ရန်ဖြစ်သလိုမျိုးပေါ့။ သားတို့ကလေးတွေလိုပေါ့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမတည့်တဲ့အခါ ရန်ဖြစ်သလိုပဲ”အဖေလည်း တော်တော်လေး စဉ်းစားပြီး ‌ဖြေပုံရသည်။

“သားတို့ကလေးတွေ ရန်ဖြစ်ရင် လူကြီးတွေက တားကြားတယ် မဟုတ်ဘူးလား။ သူတို့ကျတော့ ဘယ်သူမှ မတားကြဘူးလား။ ပြီးတော့လည်း သေနတ်တွေနဲ့။ သားအဲဒီလိုကြီး မဖြစ်ချင်ဘူးဖေဖေ။ သားတို့လို ရွယ်တူကလေးတွေကို သားသနားတယ်”အဖေက ကျွန်တော့် မေးခွန်းတွေကို နားငြီးသွား၍ လားမသိ  ရုပ်မြင်သံကြားမှ မဟာဗောဓိလိုင်းသို့ ပြောင်းလိုက်သည်။ ဆရာတော်ကြီးတစ်ပါး၏ တရားသံက ကြည်နူးဖွယ်ရာ လွင့်ပျံလာသည်။ ကျွန်တော်က တရားပေါ်တွင်အာရုံမကျ။ ‌ကျွန်တော်မေးသော မေးခွန်း၏ အဖြေကို မဖြေသော အဖေ့ကိုမကျေနပ်။

တကယ်တော့ လူကြီးတွေဟာ သူတို့ကိုယ်သူတို့ မသိဘဲနဲ့ သိချင်ယောင်ဆောင်နေကြသူများပဲ ဖြစ်သည်။ နေခြည်တွေ ဖြာဆင်းနေသော်လည်း ရာသီဥတုက အေးစိမ့်နေသဖြင့် ကျွန်တော်သူငယ်ချင်းတွေနဲ့ လျှောက်မဆော့ဖြစ်ပါ။ အဖေနှင့်အတူ အိမ်ထဲမှာနေပြီး စိတ်ကူးတည့်ရာ ပုံလေးတွေကိုဆွဲနေမိသည်။ ထိုအချိန်အမေက ဈေးမှပြန်လာပြီး အိမ်ထဲသို့ ဝင်ဝင်ချင်း “ရှင့်ကို ကျွန်မပြောဦးမယ်။ ဈေးထိပ်က ဒေါ်ခင်ထား စကားကို ဘယ်တော့မှမယုံနဲ့။ တော်တော် ကလိန်စေ့ငြမ်းဆင်ပြောတတ်တဲ့ အဒေါ်ကြီး”အမေက အဖေ့ကိုပြောပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ အဖေက ဘာမှမပြောဘဲ ရုပ်မြင်သံကြားကို ထဖွင့်လိုက်သည်။ ကျွန်တော်က “အမေ ကလိန်စေ့ငြမ်းဆင်တယ်ဆိုတာ ဘာလဲဟင်” အ‌မေက အဖေ့မျက်နှာကို လှမ်းကြည့်လိုက်သည်။

“မေမေလည်း မသိဘူးသားရဲ့။ လူကြီးတွေ ပြောလို့ ကြားဖူးနားဝနဲ့ပြောတာ”ထိုအချိန် ရုပ်မြင် သံကြားမှ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစားရှင်လင်းခြင်းဆိုသော သတင်းစကားကို ကြားနေရသည်။‌ အဖေက “အောင်ကြီးကို တရားရှင် ပြန်လွှတ်လိုက်ပြီတဲ့။ တကယ်လည်း အောင်ကြီးက အမှုမှမကျူးလွန်တာ” အမေက“ဒါဆို တရားခံကို ဘယ်လိုရှာကြမလဲ”

ကြားထဲကနေ ကျွန်တော်တွေးနေမိသည်။ လူကြီးတွေက တော်တော်ပဲ ကလိန်စေ့ငြမ်းဆင် ပြောတတ်ကြတာပဲလားလို့။ တကယ်ပါ ကျွန်တော် လူကြီးမဖြစ်ချင်တော့ပါဘူး။ အသက်ကြီးပြီး  မသိတာကို သိချင်ယောင်ဆောင်ပြီး မနေချင်ပါ။

လွန်ခဲ့သော တစ်နေ့က ကျောင်းသွားခါနီးမှာ ‌အဖေသတင်းကြည့်နေပါသည်။ ကျွန်တော်က ကျောင်းသွားဖို့ ကျောပိုးအိတ်ထဲ စာအုပ်ကို ထည့်နေမိသည်။ ထိုအချိန် ရုပ်မြင်သံကြားမှ ‘တောင်ငူတွင် ငွေကျပ်သိန်းပေါင်း ၂၈၀၀၀ကျော် တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးဝါးများ ဖမ်းမိသည့်သတင်း’ ထိုသတင်းကိုကြားပြီး ကျွန်တော့်ခေါင်းထဲတွင် မေးခွန်းတစ်ခု ဝင်လာခဲ့သည်။ “အဖေမူးယစ်ဆေးဝါးကို ဘယ်သူတွေက ထုတ်နေကြတာလဲ” ဖေဖေဘာမှမပြောဘဲ ငြိမ်နေပါသည်။ ကျွန်တော်လည်း ဖေဖေမ‌ဖြေတတ်မှန်းမိ၍ ကျောင်းသို့ထွက်လာခဲ့လိုက်ပါသည်။

ကျွန်တော် ကျောင်းသို့သွားရာလမ်းကလေးမှာ ချောင်းကလေးတစ်ခုကို ဖြတ်သန်းသွားရပါသည်။ နေ့တိုင်းဖြတ်သန်းသွားသော်လည်း ချောင်းကလေးကို သတိမထားမိပါ။ ထိုနေ့က သတိတရနဲ့ ချောင်းကလေးထဲကို ငုံ့ကြည့်မိသည်။ ငါးကလေးတစ်ကောင်က ခေါင်းကလေးမော့ပြီး ပါးစပ်ကို ပွစိပွစိ လုပ်နေသည်။ ချက်ချင်း ကျွန်တော်ငါးကလေးတစ်ကောင် ဖြစ်ချင်သွားခဲ့သည်။

သို့သော် ချောင်းကလေးထဲက ငါးသည် ချောင်းကလေးအကြောင်းသိပြီး ပင်လယ်ထဲက ငါးသည်ပင်လယ်ကြီးအကြောင်းသိမည်ဖြစ်သည်။သို့သော် ငါးသည် ငါးဖြစ်နေသည့်အတွက် လူတစ်ယောက်၏ ဒုက္ခကို သိမည်မဟုတ်ပါ။ အထူးသဖြင့် ကျွန်တော်လို့ မေးခွန်းတွေ မေးတတ်သော ကောင်လေးတစ်ယောက်၏ စိတ်ဒုက္ခကိုတော့ သိမည်မဟုတ်ပါ။ ငါးကလေးတွေမှာရော ကျွန်တော့်လို မေးခွန်းတွေ မေးတတ်ပါ့မလား။ သေချာတာကတော့ ကျွန်တော် လူကြီးဖြစ်လာခဲ့လျှင် ကလိန်စေ့ငြမ်းဆင်ပြောတတ်သော လူကြီးမဖြစ်ချင်ပါ။ အလွန်ညှီစော်နံသော ငါးတစ်ကောင်လည်းမဖြစ်ချင်တော့ပါ။ ကိုးနာရီ ထိုးတော့မည်ဖြစ်သဖြင့် ကျွန်တော့်အတွေးကိုဖြတ်ကာ ကျောင်းကိုအမီသွားရပါတော့သည်။
 
မြတ်သိမ်းခိုင်



  • VIA