News

POST TYPE

ARTICLE

ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောင်းမည် “သတိထား”
03-Jan-2020

ဓာတ်ပုံ - သတိထား Facebook

ပန်းချီကားများ စီချထားသည့် အခန်းအလယ်တွင် ရက်ဂေးပုံစံ ဆံပင်ရှည်ဖြင့် လူတစ်ယောက် အိပ်နေသည်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး။ မုတ်ဆိတ်ကျင်စွယ်တို့မှာ အဖြူတစ်ဝက် အမည်းတစ်ဝက်။ သူ့ခေါင်းရင်းထက် ပိတ်ဖြူဝတ် ဘိုးတော်ကားက သူ့ကို ကြည့်နေသယောင်ယောင်။ သူက ဖိုသီဖတ်သီဖြင့် လဲနေရာမှ ထလာပြီး အင်္ကျီချွတ်လိုက်သည့် ရင်ဘတ်တွင် ဓားဒဏ်ရာအမာရွတ်က ခပ်ရေးရေး။ တက်တူးများက ဟိုတစ်ကွက် ဒီတစ်ကွက်။

ထိုသူက ပါဖော့မန့်အနုပညာသမားလည်းဖြစ်၊ ပန်းချီဆရာ ကဗျာဆရာလည်းဖြစ်သူ “သတိထား” ဖြစ်သည်။ သူ့ကို ၂၀၁၁ ခုနှစ်က စိမ်းလန်းစိုပြည်ပန်းခြံတွင် ပြုလုပ်သော ပါဖော့မန့်ပြပွဲတွင် ရင်ဘတ်ကို ပလိတ်ဓားဖြင့် လှီးပြခဲ့ပြီး သွေးထွက်လွန်းကာ ဆေးရုံပို့ခဲ့ရစဉ်က သတိထားဆိုသည့် နာမည်ကို လူသိများခဲ့သည်။ သူ၏ အမည်ရင်းမှာ ထွန်းထွန်းခိုင်ဖြစ်ပြီး စစ်တွေဇာတိဖြစ်သည်။



သူသည် သူသိထားသည့် အနုပညာကို စမ်းသပ်တိုးချဲ့သည့်အနေနှင့် ခန္ဓာကိုယ်ကို ကာဗတ် (Calvas) တစ်ခုလိုသဘောထားကာ တက်တူးများ အထိုးခံပေးသည်။ လူတစ်ယောက်က ကြိုက်တဲ့တက်တူးကို သူ၏ ခန္ဓာကိုယ် မည်သည့်နေရာတွင်မဆို ထိုးနိုင်သည်။ သူ အဲဒီအတွက် အခကြေးငွေယူသည်။ ဈေးကတော့ ပုံသေ သတ်မှတ်ထားခြင်းမရှိ။ ခန္ဓာကိုယ်နေရာအလိုက် ဈေးကိုညှိနှိုင်းပေးသည်။ လက်ရှိတွင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အခြားသူများလာထိုးကြသည့် တက်တူး ၉ ခုရှိ နေပြီဖြစ်သည်။ Logo နာမည်၊ လူနာမည်နှင့် ဖုန်းနံပါတ်များ လက်ရှိ လာထိုးထားကြပြီးဖြစ်သည်။

ထိုခန္ဓာကိုယ်ပေါ်တွင် တက်တူးအထိုးခံသည့် အိုင်ဒီယာကို ၂၀၁၀ ပြည့်နှစ်က လောကနတ်ပန်းချီ ပြခန်းတွင် ပြုလုပ်သော Body Report 2 ပါဖော့မန့်၊ ကဗျာရွတ်ပွဲမှာ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး အထိုးခံရသည့်ပုံမှာ Logo ပုံဖြစ်သည်။

“ဒီတက်တူးလက်ရာ အထိုးခံတာကတော့ ရပ်မှာမဟုတ်ဘူး။ တစ်ဘဝလုံး လုပ်သွားမယ်” ဟု ကိုသတိထားက ဆိုသည်။



သူခံယူထားသည်က ခန္ဓာကိုယ်အနုပညာကို အရောင်းအဝယ်လုပ်လို့မရပေ။ သို့သော် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရောင်းချပိုင်ခွင့်ရှိသည်။ ထို့ကြောင့် လိုချင်တဲ့အစိတ်အပိုင်းများကို ရောင်းချခြင်းလည်း ဖြစ်သည်။

“မျက်လုံးလိုချင်ရင် မျက်လုံးရောင်းပါမယ်။ လိုချင်တဲ့ အစိတ်အပိုင်းကို ဈေးညှိပြီးရောင်းပါမယ်” ဟု သူက ဆိုသည်။

ထိုစကားသည် တကယ်ဖြစ်နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ သူက ယုံကြည်စွာဖြင့် အမှန်တကယ်ရောင်းချမည်ဟု အာမခံနေသည်။ နောက်တစ်ခုမှာ မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သေဆုံးသည့်အချိန်တွင် လှူဒါန်းမှုပြုလုပ်ကြသည်။ ရောင်းချသည်ဆိုခြင်းမှာ မရှိ။ သွေးကို ထုတ်ရောင်းကြသည်တော့ ရှိသည်။ နောက်တစ်ချက်မှာ မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရားဝင်ရောင်းချခွင့်မရှိပေ။

ကိုသတိထားသည် လက်ရှိ၌ ငပလီတွင် ပန်းချီပြခန်းဖွင့်လှစ်ထားပြီး ပန်းချီများရေးဆွဲလျက်ရှိသည်။ သူက ပါဖော့မန့်ပြ၍မရသည့်အရာများကို ပန်းချီဖြင့်ခြယ်မှုန်းနေသည်။ ငယ်စဉ်က မြောက်ဦးတွင် နေထိုင်ကြီးပြင်းခဲ့ရသူဖြစ်ပြီး သူ၏မျက်စိထဲ စွဲလမ်းခဲ့သည့် ဘုရားပျက်မျိုးစုံကို ပြန်ဆန်းသစ်ထားသည့် ပန်းချီကားများကို အများစုရေးဆွဲခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ကြီးများရုံးတွင် ပြုလုပ်ခဲ့သော စကားအလှကုထုံးပွဲတွင်လည်း မတူညီသည့် ဝတ်စုံဆယ်ခုဖြင့် ဓာတ်ပုံပါဖော့မန့် ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားဝတ်စုံများ၊ ဘာသာရေးဝတ်စုံများဖြင့် ပါဖော့မန့်ပြုလုပ်ခဲ့သည်။ လူကြိုက်များခဲ့သည်။

တချို့ကလည်း ဘာသာရေးဝတ်စုံများ ဝတ်ဆင်ခြင်းကို ဝေဖန်ပြောဆိုချင်ကြသည်။ သို့သော် သူက ဂရုမစိုက်။ သူယုံကြည်သည့် အနုပညာကို လူတွေရင်ထဲရောက်အောင်၊ ပေးချင်သည့်အချက်ပေါ်အောင် လုပ်ဆောင်ခဲ့သည်။ သီလရှင်ဝတ်စုံလည်း ဝတ်သည်။ သင်္ကန်းကို ခြုံသည်။ အနုပညာပြသည်။

ထိုသို့ ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍လည်း ကိုသတိထားက “ဝတ်စုံဆိုတာ အရေပြားပေါ်က အရာပဲ။ ဘာမှမဟုတ်ဘူး။ အမြင်တွေနဲ့ အပြစ်တွေ ပြောနေကြတာပါ။ လူက စိတ်အတွင်းထဲက အလှတရားရှိနေဖို့ပဲ လိုတာပါ”ဟု သူက ဆိုသည်။

ကိုသတိထားသည် မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ရုပ်ရှင်တို့ကို ရိုက်ကူးတည်းဖြတ်သည်။ ရခိုင်တွင် လူမျိုးရေးဆန်သော ပဋိပက္ခဖြစ်စဉ်များတွင်လည်း မှတ်တမ်းရိုက်ကူးမှုပြုလုပ်ခဲ့ပြီး လက်ရှိတွင် တည်းဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။

သူက အနုပညာကို ရူးသွပ်သည်။ အိုင်ဒီယာအသစ်များဖြင့် အနုပညာကို ပုံဖော်ချင်သည်။ ထို့ကြောင့်လည်း ပါဖော့မန့်လုပ်သည့်အခါတွင်လည်း တစ်မူထူးခြားမှုများကို ရွေးချယ်တင်ဆက်သည်။ ပန်းချီဆွဲသည့်အခါတွင်လည်း တက်တူးလက်ရာများ၊ ပါဖော့မန့်များ ပြုလုပ်၍မရသည့်အရာများကို ဆွဲလေ့ရှိကာ ပန်းချီကားများစုဆောင်ပြီး ပြပွဲများပြုလုပ်ရန် စဉ်းစားခဲ့သည်။

ဘာသာပြန်ဆရာတစ်ဦးဖြစ်သူ မိုးသက်ဟန်ကလည်း “သူ့(သတိထား)ပခုံးမှာ ငါ့နာမည်နဲ့ ငါ့ကောင်မလေးနာမည်ကို ထိုးထားတယ်” ဟု ပြောပြသည်။

သူ့ကိုယ်သည် အမှတ်တရများကို ရေးမှတ်နိုင်သည့် ပန်းချီကာဗတ် (Calvas) တစ်ခုလို သဘောထားနိုင်သည်။ ကိုယ့်ကိုယ်ပေါ်တွင် သေရာပါအောင်ပါမည့် တက်တူးဖြင့် မရေးမှတ်ချင်သူများအတွက် သူဟာ ဝန်ဆောင်မှုပေးသူတစ်ယောက်အဖြစ် သူခံယူထားသည်။

“ခန္ဓာကိုယ်ကို သုံးပြီး အနုပညာကို ဘယ်လို အသုံးချလို့ရမလဲ။ ဘယ်လို ချဲ့ထွင်လို့ရမလဲဆိုတာ ကျွန်တော် ကြိုးစားနေဆဲပါ။ ရှာဖွေနေဆဲပါ” ဟု ကိုသတိထားက ရင်ဖွင့်ပြောပြသည်။

သူက စားပွဲပေါ်တင်ထားသည့် ဆေးလိပ်ဖက်ကြမ်းကို ကောက်ကိုင်လိုက်ပြီး မီးညှိလိုက်သည်။ သူ၏ ရှုပ်ထွေးလိပ်ကောက်နေသော ဆံပင်များကို သပ်ချလိုက်သည်။ ထို့အတူပဲ ရှုပ်ထွေးပွေလီနေသော လောကကြီးထဲတွင် သူယုံကြည်သော တီထွင်မှုအနုပညာများကို လုပ်ပြနေသော်လည်း ဝေဖန်မှု၊ တိုက်ခိုက်မှုများကြား ဆံပင်များကို သပ်ချသလို သပ်ချနိုင်မည်လောဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်သည်။

မင်းထက်စံ