News

POST TYPE

ARTICLE

၂၀၁၉ ခုနှစ်က ဖားကန့်ကို သမင်လည်ပြန်ကြည့်မိခြင်း ...
02-Jan-2020


ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မှော်ဒေသသည် ၂၀၁၉ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံး ကြောက်ရွံ့တုန်လှုပ်ခဲ့ရ သည်။ ကမ်းပါးပြိုကျမှုများ၊ နွံကန်ပေါက်ကျမှုများ၊ အစိုးရ၏  စီမံခန့်ခွဲမှုအလွဲများကြောင့် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးခဲ့မှုများ၊ လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူတို့အကြား ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်။

အထူးသဖြင့် ယခုနှစ်အတွင်း တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေတို့အကြား မှော်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဖားကန့်မှော် ဒေသတွင် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသလားဟု ဆိုသော်လည်း မဟုတ်ပေ။ အကျပ်အတည်းများကြားတွင် ရုန်းကန်နေ ကြရဆဲဖြစ်ပြီး  သာမန်အခြေခံ လုပ်သားများ ယခင်နှစ်များအတိုင်း သေဆုံးမှုက ရှိနေဆဲဖြစ်သည်။ ၂၀၁၉ ခုနှစ်  ဧပြီလက ဖြစ်ပွားခဲ့သောလုပ်ကွက်ဟောင်း နွံကန်ပွင့်ကျမှုကြောင့် ကုမ္ပဏီလုပ်သား  ၅၄ ဦး သေဆုံးမှုက သက်သေပြနေသည်။

၂၀၁၉ ခုနှစ်အတွင်း မြေကမ်းပါး ပြိုကျမှုနှင့် နွံကန် ပွင့်ကျမှုများ

၂၀၁၉ ခုနှစ်အတွင်း ကမ်းပါးပြိုကျမှုနှင့် နွံကန်ပွင့်ကျမှုပေါင်း ၁၅  ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းမှတ်တမ်းများအရ သိရသည်။ သေဆုံးသူပေါင်း  ၁၀၀ ဦး ထက်မနည်းရှိခဲ့သည်။ ဒဏ်ရာရသူ  ခြောက်ဦး ရှိခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့  ည  ၁၁ နာရီကျော်တွင်  ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် အေးမြသာယာ ရပ်ကွက်အပိုင် မော်မောင်းလျံ ကျေးရွာအနီးရှိ  လုပ်ကွက်ဟောင်း ရွှံ့နွံကန်ပေါက်ကျမှုသည် ၂၀၁၉ ခုနှစ်အတွင်း လူသေဆုံးမှု အများဆုံး ဖြစ်သည်။ ကျောက်စိမ်းတူးဖော် ရေး ကုမ္ပဏီများ၏  ဝန်ထမ်းပေါင်း  ၅၄ ဦး အသက် ဆုံးရှုံးခဲ့ရသည်။

မြေကမ်းပါးပြို ကျမှု ဖြစ်စဉ်များတွင် ဇူလိုင် လ ၂၈ ရက်နေ့ ညဉ့် သန်းခေါင်ချိန်တွင် ဖြစ်ပွားခဲ့သော ဖားကန့် မြို့နယ် ဆိပ်မူအုပ်စု ကောင်စံ ကျေးရွာအနီး စိန်လုံတောင်မှ ကမ်းပါးပြိုကျမှုသည် ၂၀၁၉ ခုနှစ်  အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည်။ လူပေါင်း ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်  ၃ ဦး ၊ ကုမ္ပဏီဝန်ထမ်း  ၁၅ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရသည် ။ ဖားကန့်မှော်ဒေသတွင် ကမ်းပါးပြို၊ လုပ်ကွက်ဟောင်း နွံကန်ပွင့်ကျမှုများကြောင့် လူပေါင်း  တစ်ရာ နီးပါး သေဆုံးခဲ့ရကြောင်းကို သက်ဆိုင်ရာဌာနများ၏ မှုခင်း ဖြစ်စဉ် မှတ်တမ်းများအရ သိရှိခဲ့ရသည်။ ယခုကဲ့သို့ ဖြစ်ပွားရခြင်း၏  အကြောင်းရင်းသည်  ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများကြောင့်ဟုလည်း အများစုက ပြောဆိုနေကြသည်။

ပြောင်းလဲလာသော ကျောက်စိမ်းတူးဖော်မှု ပုံစံ 

NLD အစိုးရသစ်တက်လာပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲရန်ဟုဆိုကာ ၂၀၁၆ ခုနှစ် ဧပြီလတွင်  ကျောက်စိမ်းတူးဖော်ရေး လိုင်စင်များကို ထပ်မံသက်တမ်းတိုးပေးခြင်း၊ လိုင်စင် အသစ်ချထားပေးခြင်းများကို ရပ်ဆိုင်းရန် ကြေညာခဲ့သည်။ ထို သက်ရောက်မှုသည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်ကာလများတွင် မသိသာသော်လည်း ၂၀၁၈ ခုနှစ် နောက်ပိုင်း အချိန်များတွင် သိသိသာသာပြောင်းလဲလာသည်ကို တွေ့ရသည်။

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအနေနှင့် တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွန်စွာ အန္တရာယ်များလာသည်။ ကြီးမားသည့် အန္တရာယ်များကြားမှ လုပ်ကိုင်ရသဖြင့် ကုမ္ပဏီဝန်ထမ်းသေဆုံးမှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များက ကုမ္ပဏီလုပ်ငန်းခွင်အတွင်း ကုမ္ပဏီလုပ်သား သေဆုံးမှုသည် ၅၀ ပင် မပြည့်သော်လည်း၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီလုပ်သား ဦးရေ သေဆုံးမှုသည် ၂ နှစ်အတွင်း ပိုများခဲ့သည်။ 

ပြောင်းလဲလာသော ကျောက်စိမ်းတူးဖော်မှုပုံစံများကြောင့် ကုမ္ပဏီ လုပ်သားများသာမက အခြေခံလုပ်သားများပါ သေဆုံးမှုမြင့်တက်လာခဲ့သည်။ ၂၀၁၈၊ ၂၀၁၉ နှစ်များသည် လူသေဆုံးမှု အမြင့်ဆုံး နှစ်များဟုပင်ဆိုနိုင်သည်။ ၂၀၁၇ ခုနှစ်က ကျောက်စိမ်း တူးဖော်မှုနှင့် ဆက်စပ်သော လုပ်ငန်းများကြောင့် လူပေါင်း ၁၂၄   ဦး သေဆုံးခဲ့ပြီး  ၁၀၅  ဦး ဒဏ်ရာရခဲ့သည်။ ၂၀၁၈ ခုနှစ် လူပေါင်း ၁၃၉  ဦး သေဆုံးခဲ့ပြီး  ၆၆ ဦး ဒဏ်ရာရရှိကာ  ၅ ဦး စိုးရိမ်ရပြီး  ၃၀ ဦး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့သည်။ ယခု၂၀၁၉ ခုနှစ်တွင် လူပေါင်း  ၁၁၆ ဦး သေဆုံးခဲ့ပြီး  ၆  ဦး ဒဏ်ရာ ရရှိခဲ့ပြီး  ၂ ဦးမှာ အလောင်း ရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့ရသည်။ မျက်မြင်များ၏ ခန့်မှန့်ပြောဆိုမှုအရ  ပျောက်ဆုံးသူ စုစုပေါင်း  ၅၀ ထက် မနည်း ရှိနိုင်သည်ဟုလည်း ပြောဆိုနေကြသည်။

သက်တမ်းကုန်ဆုံးမှု မတူညီသော လုပ်ကွက်များကြောင့် သက်တမ်းရှိသော လုပ်ကွက်များကို တူးရသော  လုပ်ငန်းရှင်များသည် အလိုအလျောက် အန္တရာယ်နှင့် ရင်ဆိုလာရသလိုဖြစ်လာသည်။သက်တမ်းရှိ လုပ်ကွက်သည် ပေပေါင်းရာထောင်ချီအနက် ကို တူးကြရသည်။ သက်တမ်းကုန် လုပ်ကွက်သည် ကမ်းပါးယံအဖြစ် ကျန်ရစ်ခဲ့ရသည်။ အဆိုပါ သက်တမ်းကုန်လုပ်ကွက်ထဲကို မိုးရာသီမှာ မိုးရေ အမြောက်အမြားဝင်နေသည်။ အဆိုပါ သက်တမ်းကုန် လုပ်ကွက်ဟောင်း ရေအိုင်ထဲသို့ အခြားသော ကုမ္ပဏီက မြေစာလာသွန်ထည့်သည်။ လုပ်ကွက်ဟောင်းသည် ရွှံ့နွံ အိုင်ဖြစ်လာသည် ။

ရွှံ့နွံအိုင်သည် သာမန် ရေအိုင်နှင့်မတူ။ မြေစာများဖြင့် နယ်ထားသည့်အတွက် ကနယ် ဖြစ်နေသည်။ ကနယ်သည် ဝိတ်ပိုများသည်။ တွန်းကန်အားရှိသည်။ သက်တမ်းရှိ လုပ်ကွက်အများစုသည် အဆိုပါ ကနယ်အိုင်များ၏ ဘေးတွင် တူးဖော်နေရသည် ။ တူးဖော်ရေး လုပ်ငန်းများသည် မိုင်းဖောက်ခွဲမှုများဖြင့် တူးဖော်ရသောကြောင့်  တုန်ခါမှု ပြင်းထန်သည်။ တုန်ခါမှုကို မကြာခဏခံရသော သက်တမ်းကုန် လုပ်ကွက်ကနယ်အိုင်နှင့် သက်တမ်းရှိ လုပ်ကွက်ကြား ခြားထား သော မြေသားနံရံ  (ဒေသ အခေါ် ဒိုင်ချန်) သည် ကြာရှည်မခံဘဲ ပွင့်ထွက်သွားခြင်း၊ ကမ်းပါးများ ပြိုကျခြင်းများဖြစ်ကာ  လူပေါင်းများစွာ သေဆုံးကြရသည်။ ကုမ္ပဏီ ဝန်ထမ်းပေါင်း  ၅၄ ယောက် သေဆုံးခဲ့ရသော  ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ကနယ် နွံကန် ပွင့်ကျ မှုကြောင့် ဖြစ်သည်။ ပြောင်းလဲလာသော ကျောက်စိမ်းတူးဖော်မှု၏ အကျိုးဆက်ပေတည်း။

သက်တမ်းကုန် လုပ်ကွက်တွေ များပြားလာခြင်း၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ အန္တရာယ်ရှိလာခြင်းကဲ့သို့သော အခက်အခဲများနှင့်ဆိုသော်လည်း ကျောက်စိမ်းအရိုင်းများနှင့်  ကျောက်မျက်ရတနာ ရောင်းချပွဲများကို နိုင်ငံတော် အစိုးရက တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည် ။

နိုင်ငံတော်၏ ကျောက်မျက်ပြပွဲများ    

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို  ၂၀၁၉ ခုနှစ်  မတ်လ  ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ တရုတ်ရတနာ ကုန်သည် ၂၈၈၀ ဦး ၊ ထိုင်းရတနာ ကုန်သည်  ၂၃ ဦး ၊ သြစတြေးလျ  ရတနာကုန်သည် ၁ ဦး ၊ အမေရိကန် ရတနာကုန်သည် ၂ ဦး၊ အိန္ဒိယ ရတနာကုန်သည် ၆ ဦး၊ ပြည်တွင်း ရတနာကုန်သည် ၁၆၄၉ ဦး၊ ပြည်တွင်း ပြည်ပ ရတနာကုန်သည်ပေါင်း  ၄၅၆၁  တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်မျက် ရတနာအတွဲ (၆၉) တွဲ ၊ ပုလဲ (၂၆၉)တွဲ ၊ ကျောက်စိမ်းအတွဲ ( ၅၂၆၃)တွဲ တို့ကို ယူရိုငွေသန်းပေါင်း ( ၄၇၄.၁၄ ) ဖြင့် ရောင်းချခဲ့ရသေည်ဟု မြန်မာ့ကျောက်မျက်ရတနာ ရောင်းရေးလုပ်ငန်းပြပွဲ ဗဟိုကော်မတီက  ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်တွင်း ရတနာကုန်သည်များ   ကျောက်မျက်ရတနာ ကုန်ကြမ်းများရရှိစေရန်ရည်ရွယ်ပြီး  မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်း ကုန်သည်များအတွက်  သီးသန့် ပြသရောင်းချပေးခဲ့သည် ။ အဆိုပါပြပွဲကို နေပြည်တော်ရှိ မဏိ ရတနာ  ကျောက်စိမ်းခန်းမတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ  ငါးရက်တိုင်တိုင် ကျင်းပခဲ့သည်။ 

အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာ အတွဲပေါင်း ၂၆၀ တွဲ နှင့် ကျောက်စိမ်းအတွဲပေါင်း ၃၁၀၈ တွဲကို ပြသရောင်းချခဲ့သည်။ ကျောက်မျက်ရတနာ အတွဲပေါင်း ၄၉ တွဲကို မြန်မာ ငွေ ကျပ်သန်းပေါင်း  ၃၆၂.ဝ၉၉ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း  ၃၀၁၁  တွဲ ကို မြန်မာ ကျပ်ငွေသန်းပေါင်း ၆၀၅၂၉. ၈၇၈ သန်းဖြင့်ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MEG) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းကျောက်မျက်ရတနာ ပြပွဲငယ်များကို  စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့တွင် ၂  ကြိမ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်  ၂  ကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ် ကျင်းပရောင်းချနိုင်ခဲ့သည်ကို တွေ့ရသည်။

တစ်ဖန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း ပြပွဲဗဟိုကော်မတီမှ ကြီးမှူးပြီး၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ကျင်းပနိုင်ခဲ့သည် ။ ပြပွဲကို နေပြည်တော်ရှိ  မဏိရတနာ ကျောက်စိမ်းခန်းမမှာ စက်တင်ဘာလ ၁၆ရက်မှ ၂၅ ရက် အထိ ဆယ်ရက်တိုင်တိုင် ကျင်းပခဲ့သည်။

အဆိုပါ  ပြပွဲတွင် ပြည်တွင်းရတနာ ကုန်သည် ၁၉၇၃ ဦး၊  ပြည်ပရတနာ ကုန်သည် ၃၀၇၆ ဦး၊ ပြည်တွင်းပြည်ပရတနာ ကုန်သည် ပေါင်း ၅၀၄၉ ဦး တက်ရောက်ဝယ်ခဲ့ကြောင်း ပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည် ။

အဆိုပါပြ နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင်  ကျောက်မျက်ရတနာ အတွဲ ၄၀ တွဲကို ယူရို သန်း  ဝ.၃၇၈ သန်းဖြင့် လည်းကောင်း ကျောက်စိမ်းအတွဲပေါင်း ၅၈၄၅ တွဲကို ယူရိုသန်းပေါင်း   ၅၀၆.၅၃ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်းလည်း ပြပွဲဗဟိုကော်မတီက  ထုတ်ပြန်ကြေညာခဲ့သည်။ 

နိုင်ငံတော်အစိုးရသည် နိုင်ငံတွင်းထွက်ရှိသော ကျောက်မျက် ရတနာအများစုကို နိုင်ငံတော်က ကြီးမှူးကျင်းပသော  ရတနာပြပွဲများတွင်သာ ရောင်းချခွင့်ပြုထားသည်ကို တွေ့ရသည်။ ထိုသို့ရောင်းချရာတွင်လည်း နိုင်ငံတော်မှ အထပ်ထပ် အခွန်ကောက်ယူမှုများ  ပြုလုပ်သည်။ ကျောက်မျက်ရတနာများကို ပြည်တွင်းရှိ မည်သည့် နေရာဒေသမဆို အရောင်းအဝယ်ပြုလုပ်နိုင်ရန်မှာ ဥပဒေနှင့် အကန့် အသတ်များစွာ ရှိနေဆဲဖြစ်သည်။ထိုအရာကသည်ပင် တရားမဝင် မှောင်ခို ဈေးကွက်သို့ တွန်းပို့နေလျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြား ဆုံးရှုံးလျက်ရှိနေခဲ့သည်။

လူသွားလမ်းပေါ်က ကျောက်စိမ်းဈေးတန်းများ 

ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်၊ မိုးညှင်း၊ ခန္တီးတို့တွင် နိုင်ငံတော်က တရားဝင်သတ်မှတ် တည်ဆောက်ပေးထားသော ကျောက်စိမ်းဈေး ယနေ့ချိန်ထိ မရှိသေးပါ။ သို့သော်လည်း ကာလဒေသအရ ကျောက် စိမ်းဈေး (ဝါ) ကျောက်ဝိုင်းများ ရှိနေခဲ့ပါသည်။ တရုတ်ပြည် ရွှေလီ၊ ဂျယ် ဂေါင်၊ ရင်ကျန်းမြို့များမှာ ကျောက်စိမ်းအရိုင်း ကိုးဆယ်ရာခိုင်နှုန်းသည် ဖော်ပြပါကျောက်ဝိုင်းများမှ အများစုဖြစ်သည်။ ဖားကန့်ဒေသရှိ ရေမဆေး ကျောက် ရှာဖွေသူများထံမှ ကျောက်စိမ်းအရိုင်း အားလုံးနီးပါးသည် တရား မဝင်သော မှောင်ခိုနည်းလမ်းဖြင့် ဖော်ပြပါ တရုတ်နိုင်ငံ၏ ကျောက်စိမ်းဈေးရှိရာမြို့များသို့ ရောက်ရှိသွားခဲ့ရသည်။

ထိုကျောက်စိမ်းများသည် နိုင်ငံတော်မှ အခွန်တစ်ပြားတစ်ချပ်မှ မရရှိဘဲ တရုတ်နိုင်ငံသို့ လွယ်ကူစွာရောက်ရှိသွားသည်။ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် (ဆိပ်မူ) ကျောက်ဝိုင်းများတွင် နေ့စဉ်လိုလို ကျပ်ငွေသိန်းသောင်းပေါင်များစွာ အရောင်းအဝယ်ဖြစ်နေသည်။ ကျောက်ဝိုင်း သုံးနေရာလုံး၏ စုစုပေါင်းရောင်းရငွေသည် နေ့စဉ် ကျပ်သိန်းပေါင်းသောင်းဂဏန်းမှ သိန်းဂဏန်းထိရှိတယ်လို့ ဝါရင့်ပွဲစားကြီးတစ်ယောက်က သူ့အတွေ့အကြုံအရ ပြောပြသည်။

ယခုဆိုလျှင် နေ့ခင်းကျောက်စိမ်းဝိုင်းသာမက ညကျောက်စိမ်းဝိုင်းများပါရှိလာသည်။ လုံးခင်း၊ မမုံ၊ ဝေခါကျေးရွာများတွင် ညဘက်ရောင်းသော ကျောက်စိမ်းဈေးများ ရှိလာသည်။ အဆိုပါကျောက်ဝိုင်းများသည် တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်၊ ရင်ကျန်းမြို့များက ညဘက်ကျောက်စိမ်း ဈေးများမှ ကူးစက်လာသည်ဟု ကုန်သည်အများစုက ဆိုသည်။

အစိုးရ၏စီစဉ်မှုကြောင့် ဖြစ်ပေါ်လာသောကျောက်စိမ်းဈေး မဟုတ်သည့်အတွက် နိုင်ငံ့ဘဏ္ဍာထဲသို့ အခွန်အခများ ရောက်လာစရာအကြောင်း မရှိပါ။ နိုင်ငံတော်က အခွန်ငွေမရရှိသော်လည်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှ ကျောက်စိမ်းတန်ပေါင်း ထောင်သောင်းချီ၍ တရုတ် နိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်နေသည်ကို လူတိုင်းအသိပင်ဖြစ်သည်။

အစိုးရ၏ စီမံခန့်ခွဲမှုအလွဲများ 

အစိုးရအဆက်ဆက်မှ လက်ရှိအစိုးရအထိ ကျောက်စိမ်း၊ ကျောက် မျက်ကဏ္ဍနှင့်ပတ်သက်ပြီး ခိုင်မာသောမူဝါဒ မရှိသေးပေ။ မျှတပြီး မြေပြင်နှင့် လက်တွေ့ကျသောဥပဒေများကို ရေးဆွဲနိုင်မှုမရှိခြင်းက ခပ်သိမ်းသော ပဋိပက္ခများကို လက်ရပ် ခေါ်သလို ဖြစ်နေခဲ့သည်။ အခြေခံလူတန်းစားပြည်သူများကို ကျောက်စိမ်းအပါအဝင် ကျောက်မျက်ရတနာများကို ဥပဒေ ဘောင်အတွင်းက ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခွင့်များကို ပေးထားခြင်းမရှိသေးပေ။ ထို့ကြောင့်ပင် ရေမဆေးလုပ်သားများနှင့် ကုမ္ပဏီများကြား၊ လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ရေမဆေးလုပ်သားများကြား ပဋိပက္ခများမကြာခဏ ဖြစ်ပွားခံရသည်။

လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သား သေဆုံးမှု အနည်းဆုံးနှစ်တစ်နှစ် 

၂၀၁၉ ခုနှစ်တွင် လုပ်ကွက် လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ရေမဆေးလုပ်သားများ ပဋိပက္ခအနည်းငယ်သာ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရေမဆေးလုပ်သား ၁၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့သည်။

အဘက်ဘက်မှ ဆုံးရှုံးနေသော နိုင်ငံ့ဘဏ္ဍာများ

ကျောက်မျက်ဥပဒေကို အချိန်မီ ပြင်ဆင်ရေးဆွဲနိုင်မှုမရှိခြင်းက လက်ရှိကြုံတွေ့နေရသော အစုလိုက်သေဆုံးမှုများနှင့် ပဋိပက္ခများ ဆွဲဆန့်ထားသလို ဖြစ်နေခဲ့သည်။ ကျောက်မျက်ဥပဒေ ရေးဆွဲမှု နှောင့်နှေးကြန့်ကြာမှုကြောင့် သက်တမ်းကုန်လုပ်ကွက်များကို ထိန်းသိမ်းနိုင်မှုမရှိခြင်း၊ အန္တရာယ်ရှိ ခေါင်းပေါင်းမြေစာ ဖယ်ရှားခွင့်နှင့် မြေစာပစ်လမ်း ဖောက်လုပ်ခွင့်ပေးနေရခြင်းများက ဥပဒေသစ်နှင့်အညီ လုပ်ကွက်ချထားပေးရာတွင် လုပ်ကွက်ရရှိသူများနှင့် နိုင်ငံတော်က နစ်နာသည်။

သက်တမ်းကုန်လုပ်ကွက်များကို ထိန်းသိမ်းနိုင်မှုမရှိခြင်း ကြောင့် တရားမဝင် ကျောက်စိမ်းတူးဖော်မှုများ များပြားလာ ခြင်း၊ တရားမဝင် တူးဖော်မှုမှရရှိသောကျောက်များ နိုင်ငံတော်သို့ အခွန်ဆောင်စရာမလိုသည့်အတွက် တရားမဝင်လမ်းကြောင်းများဖြင့် တစ်ဖက်နိုင်ငံသို့ လွယ်လင့်တကူ ရောက်ရှိသွားခြင်း၊ တရားမဝင် တူးဖော်ခွင့်ရနေသည့်အတွက် တရားဝင်လုပ်ကိုင်ရန် စိတ်ဝင်စားမှုနည်းလာပြီး ဥပဒေဘောင်အတွင်းက လုပ်ကိုင်ရသည်ကိုပင် စိတ်ဝင်စားမှု နည်းလာသည်ကို တွေ့မြင်နေ ရသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိသောနှစ် 

၂၀၁၉ ခုနှစ်သည် ထူးခြား၍နေပြန်သည်။ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်တော် ကေအိုင်အေတို့ ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများရှိရာ မှော်ဒေသ အတွင်း တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က ကာမိုင်း မြို့နယ်အတွင်းမှာ ကေအိုင်အေ တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၄၄) တို့ တပ်မတော်နှင့် တိုက်ပွဲငယ်တစ်ခုသာ ဖြစ်ပွားခဲ့သည်။ ထိုအချိန်က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အပစ်ရပ် ကြေညာထားချိန်လည်းဖြစ်သည်။

မှော်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ကေအိုင်အို၊ ကေအိုင်အေ၏ အခွန်အခ တိုးမြှင့်ကောက်ခံမှု များကြောင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အခြေခံ လူတန်းစားများ အကျပ်အတည်း ဖြစ်ကြသည်။ မငြိမ်းချမ်းခြင်း၏ ရိုက်ခတ်မှုများကို ပြည်သူများက တစ်နေ့ တခြားတိုး၍ ခံစားလာရသည်။

တရားဥပဒေစိုးမိုးမှု ထီးရိပ်သည် ဖားကန့်မှော်ဒေသမှာ ပျောက် ကွယ်နေပြီဆိုတာကို အမည်မသိ သေနတ်သမားများ လက်ချက်ဖြင့် သေဆုံးခဲ့ကြသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်နန္ဒာလှိုင်၊ ကျောင်းဆရာလေး အောင်ဇင်ထွန်း၊ မော်တော် ယာဉ်ဂိတ်မှူး ဦးခင်စိုး၊ ကျောက်စိမ်းပွဲစား ကိုထွန်းလင်းနှင့် ကျောက်သမား ကိုကံဆက်တို့က အချက်ပေးခေါင်းလောင်း ထိုးခဲ့သည်မှာ ငါးနှစ်ပင် ပြည့်ခဲ့ပြီဖြစ်ပါသည်။ အမည်မသိ သေနတ်သမားများကို ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိခဲ့သလို အမည်သိသူများ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် နာဂကျောင်းသားလေး မောင်အာစီ၊ ရေနံချောင်းသားလေး မောင်ဇော်ဝေကို ပစ်သတ်သွားသူများကိုလည်း မည်သူကမျှ အရေးယူတာ မကြားရပါ။ အစိုးရမင်းများ၏ စီမံခန့်ခွဲမှုအလွဲများသည် ပြည်သူအများစုက ခါးစည်းခံနေရကြောင်း ဖော်ပြခဲ့ပြီးသော အဖြစ်အပျက်အကြောင်းအရာများက သက်သေပြနေသည်။ 

ကုန်လွန်ခဲ့သော ၂၀၁၉ ခုနှစ်၏ မြင်ကွင်းသည် အဆင်း မလှခဲ့ပေ။ ၂၀၂၀ ဆိုသော နှစ်သစ်ထဲကို ချင်းနင်းဝင်ရောက်လာနေပြီဖြစ်သည့်အတွက် အစိုးရ၏ သက်တမ်းသည်လည်း ကုန်လွန်ဖို့ လွန်စွာနီးကပ်လာပြီ ဖြစ်သည်။ ပြည်သူ့ဘဝ ပြည်သူ့ဆန္ဒများကို အစိုးရက မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့သည်ကို နှစ်စဉ်လိုလို ပြည်သူများက စောင့်ကြည့်နေခဲ့ သည်။ ၂၀၁၉ ခုနှစ်ရဲ့ အဆိုးများ၊ စီမံခန့်ခွဲမှုအလွဲများကို သင်ခန်းစာယူကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ရန် ပြည်သူများက ယနေ့ထက်တိုင် မျှော်လင့်နေဆဲဖြစ်သည်။

ဇော်မိုးထက် (ဖားကန့်)