News

POST TYPE

ARTICLE

နန်းမြို့က နိဗ္ဗာန်ဘုံ
30-Jul-2016
ရန်ကုန်နှင့် ဘန်ကောက်လို တိုက်တာအဆောက်အအုံကြားတွင် မဟုတ်။ မြစ်ဘေး၊ ကျုံးဘေးတွင် ဖြစ်သည်။

နန်းမြို့၏ ညနေ မှောင်ရီတရောအချိန် ထိုနေရာသို့သွားလျှင် ဓာတ်မီးကို မြေပြင်တွင် ကပ်လျက် မှိတ်တုပ်မှိတ်တုပ် ဖွင့်ချည်ပိတ်ချည် လုပ်ပြပြီး “ဟေ့ ရတယ်၊ ရတယ်နော်” ဟု အဓိပ္ပာယ် ကောက်ရခက်သည့် နည်းဖြင့် ဖိတ်ခေါ်ခံရမည် ဖြစ်လေသည်။

“ဒါက မိန်းမကြီးတွေရဲ့ ခေါ်တဲ့နည်း၊ တချို့လူငယ်အရွယ်တွေက ဆိုင်ကယ်ကို တားပြီး လုယက်တော့မတတ်။ မထင်နဲ့ လူခေါ်နေတာ” ဟု အသက် ၃၅ နှစ်အရွယ် အမည်ရင်း မထည့်စေလိုသည့် ကိုမြင့်ဦး (အမည်လွှဲ) က သူ့အတွေ့အကြုံကို ပြောပြသည်။ 

ယင်းနေရာသည် ကမ်းနားလမ်းရှိ ကျွဲစွန်းဟု ခေါ်သည့် နေရာတစ်ဝိုက်ပင် ဖြစ်သည်။ မြစ်ကမ်းဘေးကို အမှီပြု နေထိုင်သည့် အခြေခံ လက်လုပ်လက်စားများ အများဆုံး နေထိုင်သည်။ အများစုမှာ အိုးပိုင်၊ အိမ်ပိုင် မရှိသည့် ကျူးကျော်များ ဖြစ်သည်။ 

ယင်းတို့အနက် ကိုယ်ပိုင်လုပ်ငန်း လုပ်သူများလည်း ရှိသည်။ အရင်းအနှီးက ခန္ဓာကိုယ်၊ အဆောက်အအုံက ‘မြေပေါင်းမိုး’ ။ မြေပေါင်းမိုး ဆိုသည်မှာ လှေပေါ်တွင် လူနေရန် ပြုလုပ်ထားသည့် လှေပေါင်းမိုးကဲ့သို့ပင် မြေပေါ်တွင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းမြေပေါင်းမိုးကို ‘ဘိ’ သဖွယ် ပြုလုပ်၍  အပျော်ရှာသူများကို နေခင်းကြောင်တောင်ပင် လိင်ဝန်ဆောင်မှု ပေးနေသည်။  

ဆရာဇော်လက်ထက် အစိုးရ အငှားအိမ်ရာ တိုက်ခန်းရရှိသူ အချို့ကမူ လုပ်ငန်းတိုးချဲ့လိုက်သည်။ မြေပေါင်းမိုးမှတစ်ဆင့် တိုက်မြင့်ကြီးရှိ အခန်းများဆီသို့ လိင်ဝန်ဆောင်မှု လုပ်ငန်းကို တိုးချဲ့ကြသည်ဟု အဆိုပါ ဒေသအနီး နေသူများထံမှ သိရှိရသည်။

ကျွဲစွန်းတွင် အငှားခန္ဓာဟု ခေါ်သည် လိင်အပျော်သာ မဟုတ်။ ဖဦးထုပ်သုံးလုံး အရပ်အခေါ် ဖိုး၊ ဖာ၊ ဖဲ အကုန်ရသည်။ ဖိုးမှာ ဆေးကို ဆိုလိုသည်။ 

ဒေသခံတို့ အခေါ်က အကြားရ နည်းနည်းဆိုးသည်။

‘ဖာချောင်’ ဟူ၍။

ဤသည်က ကမ်းနားလမ်းဘက်မှ မြင်ကွင်းဖြစ်သည်။ ဒေသအသီးသီးမှ ရွှေ့ပြောင်းလာသူ၊ ကိုယ်ပိုင်အိမ်မရှိသူ၊ ငှားမနေနိုင်သူတို့ စုစည်းနေထိုင်ရာ ဖြစ်သည်။ ထို့ကြောင့် စရိုက်စုံသည်။ အလုပ်စုံသည်။ 

“ပျော်လို့ လုပ်နေတာတော့ မဟုတ်ဘူး” ဟု ခပ်ယဲ့ယဲ့ ဆိုလာသူမှာ ယင်းကမ်းနားလမ်း အခြေပြု ခန္ဓာရင်း၍ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး။

အများစုမှာ ညပိုင်းမှ လာတတ်ကြပြီး နေ့ခင်းပိုင်းသည် လူအလာနည်းပါးသဖြင့် ဖောက်သည်များအတွက် အချိန်များများရကြောင်း ၎င်းက ဆွယ်တရားပင် ဟောလိုက်သေးသည်။

ပတ်ဝန်းကျင် အမြင်မကောင်းသည့် အဆိုပါ နေရာတွင် မတတ်သာ၍ နေထိုင်ရသူများလည်း ရှိသည်။ အဓိကမှာ ဝမ်းရေး၊ ကျောခင်းရေးအတွက် အခက်အခဲ ဖြစ်နေသူများ ဖြစ်သည်။ 

“ကျွန်မတို့က မရှိဆင်းရဲလို့ ဒီနေရာမှာ လာနေနေရတာ။ ကိုယ့်ဝန်းကျင်မှာ ဒါမျိုးလုပ်စားနေတဲ့သူ ရှိတော့ ကိုယ်တွေပါ  ရောယောင်အထင်ခံရတယ်။ ဒါပေမဲ့ တခြားနေရာ သွားနေဖို့လည်း မရှိဘူး” ဟု ကမ်းနားလမ်းတွင် တဲထိုးနေထိုင်သူ အမျိုးသမီးကြီးတစ်ဦးက ရင်ဖွင့်သည်။

မန္တလေးမြို့ရှိ ခန္ဓာအငှား လုပ်ကိုင်စားသူများကို ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည်ဟု ကိုမြင့်ဦးက ဆိုသည်။ လိင်ဝန်ဆောင်မှု လုပ်ငန်းများမှာ ကမ်းနားလမ်းတွင်မက မြို့ထဲတွင်လည်း ရှိသည်။ 

မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်း တစ်လျှောက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်း တစ်လျှောက်၊ ကမ်းနားလမ်းရှိ ညောင်ကွဲရွာသွားရာ ၁၂ လမ်းနှင့် ၁၉ လမ်းကြားတို့ အပါအဝင် လမ်းအချို့တွင် ပေါ်ပေါ်ထင်ထင်ပင် တွေ့နိုင်သည်ဟု မန္တလေး ဒေသခံ အချို့ထံမှ သိရသည်။

“ညဘက်ဆို ကြိုက်တဲ့ မီးပွိုင့်သွား၊ အဲဒီမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ရှိတယ်။ သူတို့ကို မေးလိုက်ရင် လိုချင်တာ ရတယ်” ဟု ကိုမြင့်ဦးက နန်းမြို့၏ ညပိုင်းအချိန်များ အကြောင်း ဖွင့်ဟသည်။

နန်းမြို့၏ အထင်ကရ လမ်းမကြီးတစ်ခု ဖြစ်သည့် သိပ္ပံလမ်းမကြီးပေါ်နှင့် နံဘေးဝဲယာတွင်လည်း ကာရာအိုကေ၊ စင်တင်၊ မာဆတ်နှင့် အချိန်ပိုင်း ပျော်စရာ လိင်ဈေးကွက်များ ရှိနေသည်။ သိပ္ပံလမ်းအတိုင်း အရှေ့ဘက်သို့ သွားလျှင် လမ်းအစ ၇၈ အနီးမှာပင် စင်တင်တစ်ခု ရှိနေပြီး လမ်း ၆၀ ဝန်းကျင်မှ စတင်၍ အရှေ့ဘက်တောက်လျှောက် ကေတီဗီ၊ စင်တင်၊ လိင်စခန်းများက အပြိုင်အဆိုင် ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

ယင်းအပြင် မန္တလေးမြို့သစ်နှင့် မြို့တွင်းကို ဆက်သွယ်ထားသည့် ၆၂ လမ်းမကြီး ကလည်း ပျော်ရွှင်ဖွယ်ရာများ ဖန်တီးပေးနိုင်သည့် သုခဘုံသို့ ဝင်ရောက်ရာ လမ်းမကြီးသဖွယ်ပင်။

“၆၂ လမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းက ဒီဟာတွေချည်းပဲ။ လမ်း ၃၀ ကနေ စလိုက်တာ မနော်ဟရီလမ်း ရောက်တဲ့အထိပဲ၊ ဇုန်တစ်ခုလိုကို ဖြစ်နေတာ” ဟု နန်းမြို့ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ KTV များသည် သီချင်းသီဆိုရန်၊ အမျိုးသမီးငယ်များနှင့် ပွတ်သပ်ရောနှော နေထိုင်ရန်အတွက် သာမက မူးယစ်ဆေးဝါး သုံးစွဲရန် အတွက်လည်း နေရာတစ်နေရာ ဖြစ်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ဆေးပြားတို့ ဘာတို့ဆို ကိုယ်တိုင်သယ်စရာ မလိုဘူး။ အဲဒီထဲမှာတင် ရတယ်။ ကောင်မလေးတွေ ကိုယ်တိုင်ရောင်းနေကြတာ။ အများကြီးတော့ မရဘူး။ တစ်ခါသုံးစာလောက်ပဲ” ဟု ၎င်းက ဆိုသည်။

နန်းမြို့၏ လုံခြုံရေးကို တာဝန်ယူထားရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကမူ နန်းမြို့၏ ကျန်းမာရေးကို အခါမလပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။ နန်းမြို့တွင် ကေတီဗီ၊ မာဆတ်၊ လိင်အပျော် လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ မည်မျှပင်ရှိရှိ ၎င်းတို့ကမူ လေသံမလျော့။ 

KTV များတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုများကို စစ်ဆေးနေပြီး အသွင်ယူ ဖမ်းဆီးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ သတင်းများ ထွက်ပေါ်နေသည်ကို ခိုင်မာအောင် ပြုလုပ်ရမည်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားနေမှုများ ရှိလျှင် ဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဓာတ်ပြားဟောင်းကြီး  ဖွင့်ပြန်သည်။

နန်းမြို့၏ ညများအကြောင်း ဖွင့်ဆိုမည်ဆိုလျှင် ကလပ်များကို ချန်ခဲ့၍ မဖြစ်နိုင်။

နန်းမြို့တွင် ယခုနှစ်ပိုင်း၌ လူငယ်များ ပျော်ပါးရာ ကလပ်များက ခေတ်စားလာခဲ့သည်။ ကလပ်ပေါင်း ငါးခုခန့်ရှိပြီး လူငယ်နှင့် လူလတ်ပိုင်း အများစု လာရောက်ကြကြောင်း ယင်းကလပ်များသို့ သွားဖူးသည့် မန္တလေးမြို့ ၇၄ လမ်းတွင် နေထိုင်သည့် အသက်နှစ်ဆယ်ကျော် ကိုဦးက ဆိုသည်။

“တချို့ဆို ဖွင့်တာက တစ်နှစ်၊ ၂ နှစ် လောက်တော့ရှိပြီ။ ဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး။ သောက်တယ်၊ ကတယ်၊ ဒီလောက်ပါပဲ။ ဈေးကတော့ အပြင်ထက် နှစ်ဆလောက် ပေးရတယ်။ မူးယစ်ဆေးဝါးတော့ ကျွန်တော်တို့ မလုပ်တဲ့အတွက် ရ၊ မရတော့ မသိဘူး။ ရှိကောင်း ရှိနိုင်ပါတယ်” ဟု ၎င်းက-
မန္တလေးမြို့ရှိ ပျော်ရွှင်ဖွယ် ကလပ်များအကြောင်း ပြောပြသည်။

လူငယ်များအတွက် ညအချိန် ပျော်ပါးစရာ နေရာမရှိသလောက် နည်းပါးပြီး ဘယ်သွားရမှန်း မသိသဖြင့် ယင်းကလပ်များသို့ သွားရောက်ခြင်း ဖြစ်ကြောင်း အကြောင်းပြကြသည်။ အချို့ဆိုင်တို့မှာ ဝင်ကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသော်လည်း မဖြစ်မနေ ပုလင်းဖောက်ရသည့် ဆိုင်များလည်း ရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“ကလပ်တွေက ဗုဒ္ဓဟူးညလို၊ သောကြာညလိုတွေမှာ ပိုစည်တယ်။ ဗုဒ္ဓဟူးနေ့က Lady Free၊ အမျိုးသမီးတွေကို အခမဲ့ သောက်ခွင့်ပြုတာ၊ သောကြာညကျတော့ နောက်ရက်က ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမို့ လူစည်တာ။ တစ်ညသွားရင်တော့ မကုန်ဘူးဆိုရင်တော့ ကျပ်တစ်သိန်းလောက် ကုန်တာပဲ” ဟု ကိုဦးက ရှင်းပြသည်။

သိပ္ပံလမ်းနံဘေးရှိ အပျော်ရှာ လိင်ဝန်ဆောင်မှုပေးသည့် နေရာတစ်ခုသို့ ဆိုင်ကယ်ကယ်ရီသမားများကို မေးမြန်းကာ ရောက်ခဲ့ဖူးကြောင်း၊ ခြံဝင်းကို အတွင်းမှ သော့ခတ်ထားပြီး လိုက်ပို့သည့် ကယ်ရီသမားနှင့် စကားအနည်းငယ် ပြောဆိုပြီးမှ  တံခါးဖွင့်ပေးကြောင်း၊ လူစိမ်းဆိုလျှင် ဝင်ခွင့်မရကြောင်း နန်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်းအရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

“တစ်ခါတလေ လူများတဲ့အခါ ထိုင်စောင့်ရတာတောင် ရှိတတ်တယ်။ တချို့ကလည်း မူးပြီးလာတာတွေ ရှိတယ်။ ကောင်မလေးတွေက ကွန်ဒုံးတော့ သုံးကြတယ်။ ကိုယ့်အတွက်လည်း စိတ်ချရတာပေါ့။ ဒီလုပ်ငန်းကို သူတို့လုပ်ကြတာတော့ ပေါ်ပေါ်ထင်ထင် လုပ်ကြတာပဲ” ဟု ၎င်းက သူ့အတွေ့အကြုံကို ပြောပြသည်။

နန်းမြို့ဟူသည် တစ်ခေတ်တစ်ခါ မြန်မာ့ဦးစွန်း ဖြစ်ခဲ့ဖူးသော၊ မြန်မာတို့၏ အချုပ်အခြာအာဏာ အခြေစိုက်ရာ မင်းနေပြည်တော် ဖြစ်ခဲ့ဖူးသည့် မန္တလေးပင်။  မြန်မာဘုရင်များက မန္တလေးနန်းတော်သို့ ရန်သူများ အလွယ်တကူ မဝင်ရောက်ရန် ကျုံးတူးဖော်ခဲ့သည်။ 

နှစ်ပေါင်းရာချီ ကျော်လွန်လာသောအခါ အဆိုပါ မန္တလေးကျုံးသည် ဝမ်းစာရှာသူအတွက် ဘူမိနက်သန်နေရာ ဖြစ်လာသည်။ မန္တလေး၏ ကျောကွဲအောင်ပူသည့် နေရောင်အောက်တွင် ကျုံးဘေး၌ ဖောက်သည်ရှာသူများ ရှိလာသည်။ နေရောင်ကို အန်တုရန် ဆိုင်ကယ်ဦးထုပ်၊ ရေဘူးနှင့် ဝမ်းဟာလျှင် ဖြည့်နိုင်ရန် ထမင်းဘူးကလည်း အဆင်သင့်။ 

သူတို့ကား ညအချိန်ထိ ရှိတတ်သည်။ ခေါ်သူရှိလျှင်တော့ ပါသွားမြဲ။ 

“ဝင်ကစွပ်၊ မြင်ဆွတ်က ကြည့်ဖို့ရာ၊ ဒီသို့လာ ဟိုသို့သွားနှင့်၊ အငှားခန္ဓာ မြှောင်ရတယ်” ဟူသော စာဆိုဦးကြင်ဥ၏ လေးချိုးမှာ အပျော်ရှာသူများနှင့် လိင်ဝန်ဆောင်မှု လုပ်ငန်းများအတွက် စပ်ဆိုခဲ့သယောင် ဖြစ်နေသည်။

မည်သို့ဆိုစေ မန္တလေးမြို့တော်တွင်လည်း ဝင်ကစွပ်တို့အတွက် အငှားခန္ဓာ မြှောင်သူများမှာလည်း ဈေးကွက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရှိနေပါသည်။

ဗုဒ္ဓကျမ်းစာလာ နိဗ္ဗာန်ဘုံသည် မအိုသော၊ မနာသော၊ မသေသော၊ ဘဝသစ် တစ်ဖန်မဖြစ်သော နေရာဖြစ်သည်။ 

နန်းမြို့၏ နိဗ္ဗာန်ဘုံသည်ကား ...။ 

ရန်ကုန်နှင့် ဘန်ကောက်လို တိုက်တာအဆောက်အအုံကြားတွင် မဟုတ်။ မြစ်ဘေး၊ ကျုံးဘေးတွင် ဖြစ်သည်။ 

မြတ် (ကလေး)


ABOUT AUTHOR

(မြတ်(ကလေး))