News

POST TYPE

ARTICLE

သံသယ နောက်ကွယ်က ဖော်ထုတ်ရမည့် အမှန်တရား
24-Jul-2019


နေပြည်တော် Victoria အမှုတွင် တရားခံဟုစွပ်စွဲခံရသော အောင်ကြီး၏ ရှေ့နေဖြစ်သူက ပထမဆုံး ရုံးချိန်းအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်။

နိုင်ငံကျော် ဗစ်တိုးရီးယားအမှုကို ဒက္ခိဏခရိုင်တရားရုံးတွင် တရားသူကြီးနှစ်ပါးထိုင် ခုံရုံးဖွဲ့၍ ယနေ့ စတင်စစ်ဆေးတော့မည်။

တရားလိုနှင့် တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှုတွင် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသူမှာ အောင်ကြီးဖြစ်သည်။

Wisdom Hill မူကြိုကျောင်းမှ ၂ နှစ် ၁၁ လအရွယ် ဗစ်တိုးရီးယားလေး အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က နှစ်လနီးပါးကြာ အမှုစုံစမ်းစစ်ဆေးပြီးနောက် အောင်ကြီးကို ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

တရားခံပေါ်ပြီဟု ရဲတပ်ဖွဲ့က ကြေညာခဲ့သော်လည်း ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရန်နှင့် အမှန်တရားပေါ်ပေါက်ရန် တိုင်းနှင့်ပြည်နယ်အနှံ့ရှိ လူထုက လမ်းပေါ်ထွက် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

သက်ရှိသက်သေ၊ သက်မဲ့သက်သေများအပေါ် စစ်ဆေးပေါ်ပေါက်ချက်အရ ဗစ်တိုးရီးယားအမှုမှ ပြစ်မှုကျူးလွန်သူမှာ အောင်ကြီးဖြစ်ကြောင်း ဒုရဲချုပ်က မီဒီယာများထံ ဖြေကြားထားသည်။

“ကလေးက အောင်ကြီးဆိုတာ ကိုကိုပါလို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကို ချပြချင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ အနာဂတ်နဲ့ ရဲတပ်ဖွဲ့ကျင့်ဝတ်အရ မချပြတာပါ။ ဒီဖိုင်ကိုလည်း ရုံးတော်ကို သက်သေခံအဖြစ် တင်သွင်းထားပါတယ်” ဟု ဒုရဲချုပ်က ဆိုသည်။

ယင်းအပြင် သက်မဲ့သက်သေအဖြစ် အောင်ကြီးဝတ်ဆင်သည့် အတွင်းခံဘောင်းဘီထဲမှ သုက်ပိုးတွေ့ရှိမှု၊ စီစီတီဗီ မှတ်တမ်းအပြင် အမှုနှင့်သက်ဆိုင်သော သက်သေအထောက်အထား အချက်အလက်အချို့ကို ရရှိခဲ့သဖြင့် တရားစွဲတင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

သံသယတရားခံ အောင်ကြီးမှာ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ တရားခံအစစ် ဟုတ် မဟုတ်ကို လူအများက စိတ်ဝင်စားခဲ့သလို Wisdom Hill မူကြိုကျောင်းမှ ဆရာမနှစ်ဦးကလည်း အောင်ကြီးမဖြစ်နိုင်ကြောင်း မီဒီယာထံ ဖြေကြားထားသည်။

“ကျွန်မတို့ရှေ့မှာ ကလေးတွေက ရှိနေတာကြောင့် ဒီကိစ္စ သူ(အောင်ကြီး)ကျူးလွန်တယ်ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။ ဖြစ်ကို မဖြစ်နိုင်တာ” ဟု မူကြိုကျောင်းမှ ဆရာမ ဒေါ်နီလာအေးက ဆိုသည်။

မူကြိုကျောင်းရှိ ကလေးများမှာ ဆရာမများနှင့်အတူ ရှိနေပြီး အောင်ကြီးကျူးလွန်ခဲ့သည် ဆိုသည်ကို မမြင်တွေ့မိကြောင်းနှင့် အမှုနှင့်ပတ်သက်၍ ရုံးတော်မှာ အမှန်အတိုင်း ထွက်ဆိုသွားမည်ဖြစ်ကြောင်း စီအိုင်ဒီမှ ကိုးကြိမ်ထက်မနည်း ခေါ်စစ်ဆေးခဲ့သူ ဆရာမနှင်းနုက မီဒီယာထံ ဖြေကြားထားသည်။

ညီဝမ်းကွဲတော်စပ်သူ၏ အဆက်အသွယ်ဖြင့် အောင်ကြီး (ခ) အောင်ကျော်မျိုးမှာ Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာ၏ ယာဉ်မောင်းအဖြစ် အလုပ်ရရှိခဲ့သူဖြစ်သည်။ အလုပ်စဝင်သည့်နေ့မှာပင် ဗစ်တိုးရီးယားအမှုဖြစ်စဉ်ကို ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“မဟုတ်ဘဲနဲ့ စွပ်စွဲခံရတာပါ။ ကလေးကိုလည်း ကျွန်တော် မမြင်ဖူးပါဘူး။ အမှန်တရားဘက်ကို ရပ်တည်ပေးကြပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်” ဟု အကျဉ်းထောင်ထဲရောက်နေသူ အောင်ကြီးက ပြောသည်။

အောင်ကြီးမှာ ကနဦး ဖမ်းဆီး စစ်ဆေးခံရစဉ်အချိန်က တရားစွဲဆိုရန် ခိုင်လုံသည့် အထောက်အထားမရှိသဖြင့် တရားရုံးမှ ပြန်လွှတ်ပေးခဲ့ပြီး ဆယ်ရက်အကြာ အချက်လေးချက်ခိုင်မာမှုဖြင့် ပြန်လည်ဖမ်းဆီး၍ ဒက္ခိဏခရိုင် တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

“တရားစွဲလောက်စရာ အထောက်အထားမခိုင်လုံလို့ အောင်ကြီးကို ပြန်လွှတ်လိုက်တယ်။ ရက်ပိုင်းပဲ ကြာတယ်။ နောက်တစ်ခေါက် ပြန်ဖမ်းတယ်။ ဒီကြားထဲမှာ အောင်ကြီး ကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်မာလို့ ထပ်ဆွဲတာလား၊ ဒါမှမဟုတ် ဖော်ကောင်ရှိလို့ ဆွဲတာလား။ ဒါကို ရှင်းလင်းအောင် မပြနိုင်ခဲ့ဘူး” ဟု သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုသည်။

ဆေးခြောက်သုံးစွဲမှုဖြင့် ထောင် ခုနစ် နှစ် ကျခဲ့သူ အောင်ကြီးမှာ ယခုနှစ် အတာသင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လွတ်မြောက်ခဲ့သည်။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းတွင် နေထိုင်သော မိဘများထံ ရောက်ရှိလာသူ အောင်ကြီးမှာ နိုင်ငံကျော် ဗစ်တိုးရီးယားအမှုမှ တရားစွဲဆိုခံရသူ ဖြစ်ခဲ့သည်။

“မေ ၁၆ ရက်နေ့မှာ အလုပ်စဝင်တယ်။ လကုန်ထိပေါ့။ မေ ၂၀ ရက်နေ့မှာ အောင်ကြီးကို ရဲစခန်းက ခေါ်စစ်တယ်။ မေ ၂၄ ရက်လား၊ ၂၇ ရက်လား သေချာမမှတ်မိတော့ဘူး တစ်ကြိမ် ထပ်ခေါ်စစ်တယ်။ မေ ၃၀ ရက်မှာတော့ ရဲတပ်ဖွဲ့က အောင်ကြီးကို ဖမ်းလိုက်ပြီ” ဟု အောင်ကြီး ဖခင် ဦးမြသိန်းက ပြောသည်။

ယင်းနောက် အခင်းဖြစ်နေ့ မေ ၁၆ ရက်က အောင်ကြီး ဝတ်ဆင်ခဲ့သော ပလေကပ်ပုဆိုး၊ အင်္ကျီအဖြူနှင့် အတွင်းခံဘောင်းဘီတို့ကို ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ဒုရဲချုပ်က အတွင်းခံဘောင်းဘီထဲမှ သုက်ပိုးတွေ့ရှိကြောင်း ပြောကြားခဲ့သည်။

“အောင်ကြီးမှာ အတွင်းခံ နှစ်ထည်ပဲ ရှိတယ်။ ဒီနှစ်ထည်ကိုပဲ လျှော်ဖွပ်ပြီး အလှည့်ကျဝတ်နေတာ” ဟု အောင်ကြီး မိခင်က ဆိုသည်။

အမျိုးသားများ ဝင်ခွင့်မရှိသည့် မူကြိုကျောင်းအတွင်း ၂၈ မိနစ်ကြာ ရောက်ရှိနေသည့် အောင်ကြီးအပေါ် သံသယဖြစ်မိ၍ စစ်ဆေးရာမှ ဗစ်တိုးရီးယားအမှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

အောင်ကြီးအပြင် အမှုမှ သံသယရှိသူအားလုံးကို စစ်ဆေးခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့အနေနှင့် ချစ်ခြင်း မုန်းခြင်းမပါဘဲ အမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါက အမှန်တရား ပေါ်ပေါက်သည့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုရဲချုပ်က ရှင်းပြထားသည်။

ဗစ်တိုးရီးယားအမှုတွင် ဆေးစာ ပြန်ကြားချက်၊ စီစီတီဗီမှတ်တမ်း၊ ဓာတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်နှင့် မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြား အခြားသော အထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့သည်။

သို့သော် စီစီတီဗီမှတ်တမ်းက အပြည့်အဝယုံကြည်လို့ မရနိုင်ကြောင်း သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုသည်။

“အမှန်တကယ်တော့ စီစီတီဗီဆိုတာ အထောက်အကူပြုပစ္စည်းအဖြစ် သဘောသက်ရောက်စေတယ်။ ပြီးတော့ အခုရတဲ့ စီစီတီဗီက မူကြိုကျောင်းမှာရှိတဲ့ စီစီတီဗီမဟုတ်ဘူး။ ဟိုဘက်ကျောင်းကနေ လှမ်းထိုးထားတဲ့ စီစီတီဗီ။ ဆိုလိုတာက မူကြိုကျောင်း လုံခြုံစေဖို့အတွက် လုပ်ထားတဲ့ စီစီတီဗီမဟုတ်ဘူး” ဟု ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောသည်။ 

ရဲတပ်ဖွဲ့က ဒေါင်းလော့ဆွဲ ရယူခဲ့သည့် စီစီတီဗီမှတ်တမ်းတွင် အချိန်ပိုင်း ပြတ်တောက်မှုအချို့ ရှိနေပြီး စီစီတီဗီမြင်ကွင်းတွင် မရှိသည့် ကျောင်းအနောက်ဘက် တံခါးပေါက်မှာလည်း လူဝင်ထွက်လို့ ရနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“နောက်ပေါက်ကနေ လူဝင်ထွက်လို့ရတယ်။ ကျောင်းအပေါ်ထပ်အဆောင်မှာ ဆရာမတွေနေတယ်။ ဆိုတော့ ဆရာမတွေနေတဲ့ ကျွမ်းဝင်သူတစ်ယောက်ယောက် ဒါမှမဟုတ် ဆရာမတွေအပေါ် အန္တရာယ်မပေးနိုင်သူ တစ်ယောက်ယောက်က နောက်ပေါက်ကနေဝင်လာပြီး အပေါ်ထပ်မှာ တက်အိပ်နေလို့ရတယ်။ ဒါဆို စီစီတီဗီ မှတ်တမ်းထဲမှာ မဝင်နိုင်ဘူး။ ဒါကြောင့်မို့ စီစီတီဗီမှတ်တမ်းက အပြည့်အဝ ယုံကြည်လို့ မရနိုင်ဘူး” ဟု ဒေါက်တာ ဝင်းကိုကိုသိန်းက ရှင်းပြသည်။

“အမှုစွဲတင်နိုင်မယ့် သက်သေအထောက်အထား ခိုင်လုံမှုရှိမှ ရဲတပ်ဖွဲ့က သံသယတရားခံကို ဥပဒေအကြံပြုချက်တောင်းပြီး တရားစွဲတင်တာ။ ဒီအမှုမှာလည်း စီအိုင်ဒီက သူပိုင်ပြီဆိုမှ အောင်ကြီးကို နောက်တစ်ကြိမ် ပြန်ဖမ်းပြီး တရားစွဲတင်လိုက်တာ။ စစ်ဆေးပေါ်ပေါက်ချက် ဘယ်လောက်အထိ ခိုင်မာမှု ရှိမရှိဆိုတာတော့ တရားရုံး စစ်ဆေးချက်တွေကို စောင့်ကြည့်မှပဲ သိနိုင်မယ်” ဟု ရဲအရာရှိ အငြိမ်းစားတစ်ဦးက ပြောကြားသည်။

သို့သော် ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည့် အမှုအချို့တွင် သက်သေခံမခိုင်လုံ၍ သံသယ တရားခံအဖြစ်မှ လွတ်မြောက်သွားခဲ့သူများလည်း ရှိခဲ့ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

တရားရုံးမှာ ရဲတပ်ဖွဲ့မှ တရားစွဲတင်သည့်အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူမှာ အပြစ်ရှိမရှိကို သက်သေအထောက်အထားများဖြင့် ရုံးတင်စစ်ဆေးခြင်းဖြစ်သောကြောင့် အမှုစတင်ဖြစ်ပွားစဉ်ကတည်းက တရားခံ မည်သူမည်ဝါဆိုသည်ကို စုံစမ်းစစ်ဆေးဖော်ထုတ်သည့် ရဲတပ်ဖွဲ့တွင် ရဲလုပ်ငန်းစဉ်ကို ကုန်စင်အောင် စုံစမ်းစစ်ဆေးဖော်ထုတ်သင့်ကြောင်း ဥပဒေပညာရှင် ဦးခင်မောင်မြင့်က ပြောကြားသည်။

“အမှုတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာ အချက်အလက်တွေကို အရင်စုဆောင်းရတယ်။ ပြည့်စုံအောင်ပေါ့၊ ရရှိလာတဲ့ အချက်အလက်တွေကနေ ယုတ္တိဗေဒ နည်းကျကျနဲ့ အဖြေကို ပြန်ထုတ်ယူရမယ်။ အခုဟာက အဲလိုပုံစံ မဟုတ်ဘူး။ သံသယတရားခံဟာ အောင်ကြီးဖြစ်ပါတယ်လို့ အဖြေကိုကြိုယူပြီးမှ အဲဒါနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုပဲ စုဆောင်းပြီး တရားစွဲတင်လိုက်တာ။ ပြောမယ်ဆို ရဲလုပ်ငန်း မပြီးပြတ်ဘူး။ အချက်အလက် မပြည့်စုံဘူး” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

ဆရာမများမှ ရင်အုပ်မကွာ စောင့်ရှောက်ထားသည့် မူကြိုကျောင်းမှ ကလေး ၁၇ ဦးတွင် ဗစ်တိုးရီးယားလေးမှာ ၂၈ မိနစ်အတွင်း ၎င်းနှင့် ရင်းနှီးမှုမရှိသည့် သူစိမ်းအမျိုးသားတစ်ဦးထံတွင် မဖွယ်မရာ ပြုကျင့်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်နေ့မတိုင်မီရက်များက စီစီတီဗီ မှတ်တမ်းများကိုပါ ပြန်လည်စိစစ်သင့်ကြောင်း ရဲအရာရှိဟောင်းတစ်ဦးက ပြောကြားသည်။

“ကလေးနဲ့ ရင်းနှီးမှုမရှိတဲ့ သူစိမ်းတစ်ယောက်က ရုတ်တရက်ကြီး ဒီဖြစ်စဉ်ကို ကျူးလွန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက ကျွန်တော် သုံးသပ်မိတာပေါ့လေ။ ကလေးဖအေကလည်း ဒီလိုအတွေးဝင်ခဲ့တယ် အခင်းဖြစ်နေ့က မေ ၁၆ ရက်နေ့၊ အဲဒီရက် မတိုင်ခင် မေ ၁၄ ရက်၊ ၁၅ ရက်က စီစီတီဗီမှတ်တမ်းတွေပါ တောင်းခဲ့ပေမယ့် မန်မိုရီကတ် မလောက်လို့ မရရှိခဲ့ကြောင်း မီဒီယာတစ်ခုမှာ ဖြေကြားထားတာ ဖတ်လိုက်ရတယ်။ ဆိုလိုတာက ဖြစ်တဲ့ရက်က ၁၆ ရက်ဆိုပေမယ့် အဲဒီရက်မတိုင်ခင်က စီစီတီဗီမှတ်တမ်းတွေပါ ပြန်စစ်ကြည့်မယ်ဆို အထောက်အထားတစ်ခုခုများ ရနိုင်မလားဆိုတဲ့ အတွေးပေါ့ဗျာ” ဟု ရဲအရာရှိဟောင်းက ရှင်းပြသည်။

ထိုပြင် ကလေးဆေးစာမှတ်တမ်းအရ ရရှိခဲ့သည့်ဒဏ်ရာမှာ ဘယ်အချိန်က ရရှိခဲ့သည့်ဒဏ်ရာဖြစ်ကြောင်းကို သိရှိနိုင်သဖြင့် အောင်ကြီး ကျောင်းသို့ ရောက်ရှိသည့် အချိန်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ကြောင်း ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

“အောင်ကြီးက အခု သံသယတရားခံပေါ့။ ဆေးမှတ်တမ်းအရ ကလေးဒဏ်ရာ ရရှိခဲ့တဲ့အချိန်နဲ့ အောင်ကြီး မူကြိုကျောင်းကို ရောက်ရှိနေတဲ့အချိန် တိုက်ဆိုင်မှု ရှိမရှိ အကယ်၍ ကလေးဒဏ်ရာရရှိချိန်ဟာ အောင်ကြီး ကျောင်းကို မရောက်လာခင် အချိန်ကတည်းက ရရှိခဲ့တာ ဟုတ်မဟုတ် တိုက်ဆိုင်စစ်ဆေးကြည့်လို့ ရနိုင်တယ်။ ဒါကို ရဲက စစ်ဆေးခဲ့သလား။ အောင်ကြီးကို တရားရုံးအမှုစွဲတင်လိုက်ပြီဆိုပေမယ့် ရဲလုပ်ငန်းက မပြီးပြတ်သေးဘူး။ နောက်ထပ် သံသယတရားခံတွေကို စဉ်ဆက်မပြတ် ကွင်းဆက်မပြတ်အောင် စောင့်ကြည့်စုံစမ်းနေသင့်တယ်” ဟု ဦးခင်မောင်မြင့်က သုံးသပ်ပြောကြားသည်။

တရားရုံးမှ အမှုနှင့်ပတ်သက်၍ ခိုင်လုံသည့်သက်သေ အထောက်အထားမရှိသဖြင့် ပြန်လွှတ်ပေးခဲ့သူ အောင်ကြီးကို စီအိုင်ဒီက ဒုတိယအကြိမ်မြောက် ပြန်ဖမ်းဆီးခံရချိန်တွင် ဆေးစစ်ခဲ့ပြီးနောက် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲတင်ခဲ့ကြောင်း အောင်ကြီးမိခင်ထံမှ သိရသည်။

အောင်ကြီးကို သံသယ တရားခံအဖြစ် ဖမ်းဆီးတရားစွဲဆိုထားသော်လည်း ကလေး၏ မိသားစုဘက်မှ အောင်ကြီး ဟုတ်မဟုတ် ဆိုသည်ထက် ယခုထက် ပိုထင်ရှားသည့် စစ်ဆေးပေါ်ပေါက်ချက် သက်သေအထောက်အထားများကို ရဲတပ်ဖွဲ့က ချပြပေးစေလိုကြောင်း သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းထံမှ သိရသည်။

“ဆိုလိုတာက ကလေးဟာ ဆရာမတွေနဲ့ ရင်အုပ်မကွာရှိနေသူ ဒါဆို ဒီကိစ္စကို ဆရာမတွေ မမြင်မတွေ့နိုင်တာ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့သာ ဆရာမ နှင်းနုက အောင်ကြီး လုပ်တာပါဆိုပြီး ပြောခဲ့မယ်ဆိုရင် သူ (ကလေးအဖေ) သည် ကျေနပ်သွားမှာပဲ။ အောင်ကြီးလုပ်တာ မဟုတ်ဘူးလို့ ပြောလိုက်ရင်လည်း ကျေနပ်သွားမှာပဲ။ ကလေးက ဆရာမ နှင်းနုနဲ့ ပတ်သက်ပြီး တောက်လျှောက်ပြောခဲ့တာတွေရှိတယ်” ဟု ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောကြားသည်။

Wisdom Hill ကျောင်းအုပ် ဦးပညာမှလည်း “ကိုအောင်ကြီးက ကလေးရှိတဲ့ အခန်းထဲကို ဝင်ချင်ရင် ထိုင်နေရာကနေ ထပြီး တံခါးနှစ်ချပ်ကို ဖွင့်ရမယ်။ စောင့်နေတဲ့ ဆရာမကို ကျော်ပြီးဝင်သွားရမယ်။ ကလေး ၁၇ ယောက်နဲ့ ဆရာမတွေ ကြားထဲကနေ ဗစ်တိုးရီးယားလေးကိုမှ ရွေးပြီးတော့ ဒီလို မိနစ်အပိုင်းအခြားမှာ လုပ်ဖို့ဆိုတာတော့ အတော်ကို စဉ်းစားရခက်နေတဲ့ ကိစ္စပါ။ အောင်ကြီး ကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့လားဆိုတာ ကျွန်တော့်အတွက် အတော်ကို အဖြေထုတ်ရခက်နေတဲ့ကိစ္စပါ” ဟု ဒီဗီဘီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ်က ပြောကြားခဲ့သည်။

နိုင်ငံကျော် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး တရားရုံးမှ လိုပြသက်သေအဖြစ် စစ်ဆေးမည့်သူ ၂၆ ဦး စာရင်းတွင် ကျောင်းကြီးကြပ်ရေးမှူး မိသားစုလိုက်ပါဝင်လာခဲ့သည်။

ယင်းအမှု၏တရားလိုမှာ ဗစ်တိုးရီးယားလေး၏ မိခင်ဖြစ်ပြီး တရားလိုပြသက်သေ စာရင်းတွင် ပါဝင်သူ ဗစ်တိုးရီးယားလေး စိတ်သက်သာမှုရှိစေရန် ideo Conferencing ဖြင့် တရားရုံးမှာ အမှုစစ်ဆေးကြားနာမည် ဖြစ်သည်။

အဆိုပါ အမှုတွင် Wisdom Hill ကျောင်းဘက်မှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာတို့ မိသားစုအပြင် လူအများ စိတ်ဝင်စားနေသော ဆရာမ နှင်းနုပါ တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံရမည်ဖြစ်သည်။

တရားသူကြီး နှစ်ပါးထိုင် ခုံရုံးဖွဲ့စစ်ဆေးမည့် ယင်းအမှုတွင် အောင်ကြီးဘက်မှ အကျိုးဆောင်ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့် ရှေ့နေ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် ဦးသဲမောင်မောင်တို့ဖြစ်ပြီး ဗစ်တိုးရီးယားလေးဘက်မှ အကျိုးဆောင်ရှေ့နေများမှာ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်ဦးနှင့် ဒေါ်လှဝင်းသန်းတို့ ဖြစ်ကြသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်ဖြင့် ခုံရုံးဥက္ကဋ္ဌအဖြစ် ဒက္ခိဏခရိုင် တရားသူကြီးဦးတင့်လွင်၊ ခုံရုံးအဖွဲ့ဝင်အဖြစ် ဒက္ခိဏခရိုင် ဒုတရားသူကြီး ဦးညိုဌေးတို့နှစ်ဦးက ယင်းအမှုမှ သံသယတရားခံအောင်ကြီးမှာ တရားခံအစစ် ဟုတ်မဟုတ်ဆိုသည်ကို တာဝန်ယူစစ်ဆေးသွားမည် ဖြစ်သည်။

ခိုင်စိုးလင်း

Contributed by အောင်ထက်