News

POST TYPE

ARTICLE

ဓားစန်းရီ ဘယ်ရောက်နေလဲ
23-Jul-2019



ဓားစန်းရီ ၈၈ နှစ်ရှိပြီ။ သူကား နှယ်နှယ်ရရတော့ မဟုတ်။

ဆံဖြူသွားကျိုးနေသည့် ထိုအဘွားအိုမှာ တစ်ချိန်က လူအများ ကြောက်ရွံ့နေရသူ၊ ရဲများကပါ ထိပ်တိုက်ရင်မဆိုင်ဝံ့သူ ပုဇွန်တောင် ဓားစန်းရီပင် ဖြစ်သည်။ 

ထိုဓားစန်းရီတစ်ယောက် အာဇာနည်နေ့ရောက်တိုင်း အတိတ်ကို ပြန်တွေးရင်း မျက်ရည်ကျမိကြောင်း ပြောရှာသည်။

လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ဖြစ်ပွားခဲ့သည့် အာဇာနည်ဗိမာန်ကုန်း ဗုံးဖောက်ခွဲမှုမှ တရားခံ မြောက်ကိုရီးယား အကြမ်းဖက်သမား ဇင်မိုကို အရှင်ရအောင် အသက်စွန့်၍ ဖမ်းဆီးပေးခဲ့သူဖြစ်ကြောင်း သူလွယ်ထားသည့် အနီရောင် ကချင်လွယ်အိတ်ထဲမှ ဂုဏ်ပြုမှတ်တမ်းများက ငြင်းမရအောင် သက်သေခံနေလျက်ရှိသည်။ 

အရောင်လွင့်နေပြီဖြစ်သည့် ယောဂီဝတ်စုံနှင့် အဘွားအိုမှာ တစ်ချိန်က သွက်လက်ဖျတ်လတ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် မည်သည့်အမှုကိစ္စမဆို လက်ရဲဇက်ရဲ လုပ်ကိုင်တတ်သူဖြစ်ကြောင်း ယနေ့ ၎င်းစကားပြောဆိုပုံနှင့် အမူအရာတွေက သက်သေတည်နေသည်။ 

စစ်အစိုးရ မအုပ်ချုပ်ခင် ၁၉၈၃ ခုနှစ်က ပုဇွန်တောင်ပန်းခြံအနီးမှာ အရက်ဆိုင်တန်းဖြစ်သည်။ တစ်ချိန်က အသားညိုညို နှာတံပေါ်ပေါ်နှင့် မိန်းမချော တစ်ဦးဖြစ်ခဲ့သည့် မစန်းရီအဖြစ်မှ ပုဇွန်တောင် ဓားစန်းရီအဖြစ် ထိုအရက်ဆိုင်တန်းမှ စခဲ့သည်။

“အဘွားက အရက်ရောင်းတယ်။ သမီးအကြီးက ဆိုင်ဘေးမှာ ကွမ်းယာရောင်းတယ်။ အဲဒီနေ့က Navy (ရေတပ်) က ငါးယောက် ဆိုင်မှာလာသောက်တယ်။ မူးလာတော့ သမီးကြီးကို မဖွယ်မရာလုပ်ပြလို့ ငှက်ကြီး တောင်ဓားနဲ့ အဘွားက လိုက်ခုတ်တာ။ သုံးယောက် အခုတ်ခံလိုက်ရတယ်။ အဲဒီအချိန်ကစပြီး တပ်ထိန်းနဲ့ ရဲက အဘွားကို ဓားစန်းရီလို့ နာမည်ပေးလိုက်ကြတာ” ဟု အဘွားစန်းရီက အတိတ်ကို ပြန်ပြောင်းပြောပြသည်။

ယင်းအချိန်က ဓားစန်းရီမှာ နေထိုင်ပြောဆိုပုံက ယောကျာ်းဆန်ဆန်။ ပေါင်တွင် သားရေကြိုးဖြင့်ပတ်၍ ခေါက်ဓား အမြဲဆောင်ထားသူ၊ ဘူတာကြီးတစ်ဝိုက်ရှိ ပြည့်တန်ဆာခေါင်းများနှင့် ဖဲဝိုင်းများထံမှ ဆက်ကြေး ကောက်ယူသူဖြစ်ခဲ့ကြောင်း ဓားစန်းရီနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူများက ဆိုသည်။

“ဓားစန်းရီကို အရက်ရောင်းနေတဲ့ မိန်းမဆိုပြီး ရိသဲ့သဲ့သွားလုပ်တဲ့ကောင်တွေ ဓားနဲ့ဆွဲခွဲခံရတာ မနည်းဘူး။ မိန်းမပေမယ့် အတော်ကြမ်းတယ်။ စွာလည်းစွာတယ်။ ဘယ်လိုကောင်နဲ့ဖြစ်ဖြစ် နပန်းလုံးဖို့ ဝန်မလေးဘူး”ဟု လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ပုဇွန်တောင် မြို့နယ်တွင် ရဲတပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ဆိုသည်။

အချုပ်ခန်းကို ခြင်ထောင်လို သတ်မှတ်သည့် ဓားစန်းရီအပေါ် ရဲတပ်ဖွဲ့က ဂုဏ်ပြုမှတ်တမ်းဆု ချီးမြှင့်ပေးရမည့် တစ်နေ့ ရောက်လာခဲ့သည်။ ယင်းနေ့က ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။

ဂုဏ်ပြုမှတ်တမ်းဆုကို ကိုယ်နှင့်မကွာဆောင်ထားသည့် ယောဂီဝတ် ဓားစန်းရီတစ်ယောက် အာဇာနည်နေ့ရောက်တိုင်း မျက်ရည်ဝဲခဲ့ရသည့် ၎င်း၏အတိတ်အကြောင်းအရာကို ပြန်ပြောင်းပြောပြရှာသည်။

“သူခိုး သူခိုး” ဟု အော်ဟစ်သံများနှင့်အတူ ပုဇွန်တောင်ဈေး အနောက်ဘက်ရှိ ချောင်းရိုးတစ်လျှောက် လူများပြေးလွှားနေသည်။ အချိန်က ည ၉ နာရီခွဲ။ ညောင်တန်းဆိပ်ကမ်းအနီး နေထိုင်သူ ဓားစန်းရီတစ်ယောက် ညဝတ်အင်္ကျီဖြင့် ချောင်းစပ်သို့ ပြေးထွက်လာခဲ့သည်။

ဆိပ်ကမ်း ဗောတံတားအောက်တွင် အတွင်းခံတစ်ထည်သာဝတ်ဆင်ထားသည့် လူစိမ်းတစ်ယောက် ရေထဲ ငုပ်ချည်ပေါ်ချည်ဖြစ်နေသည်ကို မြင်လိုက်သည်။ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယားနိုင်ငံသားသုံးဦး ဗုံးဖောက်ခွဲသည့်သတင်းကို ဓားစန်းရီ ပြန်တွေးမိလိုက်သည်။

“နိုင်ငံခြားသားကြီးက ချောင်းထဲ ငုပ်လိုက်ပေါ်လာလိုက် လုပ်နေတာ။ ဟာ ဒါ သူခိုးမှမဟုတ်ဘဲ။ မနက်က အာဇာနည်ကုန်း ဗုံးပေါက်ကွဲတယ်ပြောတယ်။ အခု ဒီလူကြီးက သူတို့ကို လိုက်ဖမ်းနေလို့ ပြေးလာတဲ့သူဖြစ်မယ်”ဟု အဘွားစန်းရီက ထိုအချိန်က သူ့အတွေးစများကို ပြန်ပြောင်းပြောပြသည်။

ပုဇွန်တောင်ချောင်းဘေးတွင် လူအုပ်ကအပြည့်။ ထိုလူအုပ်ကြားထဲမှ ဒေါ်စန်းရီတစ်ယောက် ပြေးထွက်ကာ ချောင်းထဲရှိ နိုင်ငံခြားသားကို ဆင်းဆယ်သည်။ ခန္ဓာကိုယ်ထွားကျိုင်းလှသည့် နိုင်ငံခြားသားကို ကုန်းပေါ်ဆွဲတင်ရန် ကမ်းစပ်ရှိနေသူများကို လှမ်းအကူအညီတောင်းလိုက်သည်။

ထိုစဉ်က တရားခံဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ဦးအုန်းရွှေ (လက်ရှိ ဆုံးပါးသွားရှာ) က “ချောင်းစပ် အုတ်ခုံပေါ်ရောက်တော့ သူ့ညာလက်ကို ဖက်ထားတဲ့ မစန်းရီကို Get Out လို့ပြောပြီး တွန်းထုတ်တယ်။ လာကူဆွဲတင်တဲ့ ကျွန်တော်နဲ့ဘကြီးမှုံကို ကိုရီးယားကြီးက ဆောင့်ကန်လွှတ်တာ။ လူကောင်ကြီးက အကြီးကြီး၊ သူ့အားနဲ့ အကန်ခံရလို့ ကျွန်တော်တို့တွေ လွင့်ထွက်သွားတယ်။ ပြီးတော့ သူက အတွင်းခံထဲက လက်ပစ်ဗုံးထုတ်ပြီး စနက်တံကို ဆွဲထုတ်တာ၊ ရင်ဘတ်ထဲထည့်ပြီး အသေခံဗုံးခွဲဖို့လုပ်တာ။ ဗုံးက သူ့လက်ထဲမှာတင် ပေါက်ထွက်သွားတယ်”ဟု ပြန်ပြောပြသည်။

ပေါက်ကွဲမှုကြောင့် လက်နှစ်ဖက်ရှိ လက်ချောင်းများ ပြတ်ထွက်ခဲ့သူ ဇင်မိုက ပုဇွန်တောင်ချောင်းထဲ ခုန်ချလိုက်သည်။ ၎င်းအနောက်သို့ ကမ်းစပ်မှ ဒိုင်ဗင်ထိုးလိုက်သွားသူက ဓားစန်းရီ။

“ရေထဲမှာ သူ့ဆံပင်ကို လက်တစ်ဖက်က ဆွဲကိုင်ပြီး ကျန်လက်တစ်ဖက်က လည်ပင်းကို ဖက်ထားလိုက်တယ်။ အမျိုးသားနှစ်ယောက်ပါ ချောင်းထဲဆင်းလာပြီး နိုင်ငံခြားသားကြီးကို ကြိုးတွေနဲ့ဝိုင်းချည်ပြီး အရှင်ရအောင် ဖမ်းနိုင်ခဲ့တယ်”ဟု ဓားစန်းရီက ပြန်ပြောပြသည်။

အကြမ်းဖက်သမားထံတွင် ဗုံးရှိသည်ဟု ယူဆ၍ မည်သူမျှ အနားမကပ်ရဲချိန် အသက်စွန့်၍ ဖမ်းဆီးပေးခဲ့သူ ဓားစန်းရီမှာ ယင်းအချိန်က တာဝန်ရှိသူများ၏ အထင်အမြင်လွဲမှားမှုကို ခံခဲ့ရသေးသည်။

“ဇင်မိုရဲ့ စကားပြန်ပါဆိုပြီး အဘွားအိမ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိ မရှိ လာစစ်တယ်။ ပြီးတော့ အမှန်အတိုင်း မထွက်ဆိုရင် ရိုက်စစ်မယ် ခြိမ်းခြောက်တယ်။ ရဲအရာရှိတစ်ယောက်က ဒီအမျိုးသမီးနဲ့ မဆိုင်ဘူး။ သူက ပုဇွန်တောင်မှာ အရက်ရောင်းနေတဲ့ ဓားစန်းရီလို့ ဝင်ပြောလို့ ပြန်လွှတ်ပေးခဲ့တာ”ဟု ကြုံတွေ့ခဲ့ရသည့် ခါးသီးမှုများကို ဒေါ်စန်းရီက မာန်တင်းပြီး ပြန်ပြောပြသည်။

တောင်ကိုရီးယားသမ္မတချန်ဒူးဝမ်ကို လုပ်ကြံမှုတွင် တောင်ကိုရီးယားအရာရှိ ၁၇ ဦးနှင့် မြန်မာနိုင်ငံသားလေးဦး သေဆုံးခဲ့သည်။ လုပ်ကြံမှုတွင် ပါဝင်သူ မြောက်ကိုရီးယားနိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေဖမ်းမိခဲ့သည်။ ပုဇွန်တောင်ချောင်းအတွင်း၌ ဇင်မိုကိုလည်းကောင်း၊ သန်လျင်မြို့ သခွတ်ပင်ချောင်းတွင် ကင်မင်ချူးကိုလည်းကောင်း အရှင်ဖမ်းမိခဲ့သည်။

ပုဇွန်တောင်ချောင်းတွင် တရားခံ ဇင်မိုကို အရှင်ရအောင် ဖမ်းဆီးပေးခဲ့သည့် ဓားစန်းရီ အပါအဝင် ဦးဘိုကြီး၊ ဦးအုန်းရွှေနှင့် ဦးမှုံကြီးတို့ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က ဂုဏ်ပြုမှတ်တမ်းဆုနှင့်အတူ ကက်ဆက်တစ်လုံး၊ ကက်ဆက်ခွေနှစ်ခွေ ဆုချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းဆု ချီးမြှင့်ခံရသူများထဲမှ ဦးဘိုကြီး၊ ဦးအုန်းရွှေနှင့် ဦးမှုံကြီးတို့မှာ ဆုံးပါးခဲ့ပြီ ဖြစ်သော်လည်း သက်ရှိထင်ရှား ကျန်နေခဲ့သူ ယောဂီ ဓားစန်းရီတစ်ဦးမှာ ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက်တွင် နေထိုင်လျက် ဘဝလောကဓံကို ခက်ခဲစွာ ရင်ဆိုင်ဖြတ်သန်းနေရှာသည်။

သမီးနှစ်ဦးရှိသော်လည်း ပြုစုစောင့်ရှောက်မှုမခံရသူ ဒေါ်စန်းရီခမျာ တူမနေအိမ်တွင် ကပ်နေထိုင်ခွင့် ရရှိခဲ့သော်လည်း အဆင်မပြေသဖြင့် လက်ရှိတွင် ရွှေပြည်သာ (၈)ရပ်ကွက်ထဲရှိ သုံးခန်းတွဲ အခန်းကျဉ်း တစ်ခန်းတွင် ငှားနေထိုင်၍ ဆေးဖိုးစရိတ်အတွက် လမ်းပေါ်ထွက် ယောဂီဝတ်ဖြင့် အလှူခံနေရှာသည်။

“အဘွားခင်ပွန်းက ၂၀၀၃ ခုနှစ်မှာ ဆုံးသွားရှာတယ်။ သူ မဆုံးခင် သုံးနှစ်လောက်မှာ အဘွား သီလရှင်ဝတ်သွားတာ။ ဘာကြောင့်လဲဆိုတော့ ယောကျာ်းက အဘွားတူမနဲ့ ယူသွားလို့ အိမ်ထောင်ရေးကို စိတ်ကုန်ပြီး သီလရှင်ဝတ်ခဲ့တာ”ဟု အဝေးတစ်နေရာကို ငေးကြည့်ရင်း အဘွားစန်းရီက ပြောသည်။

ကလေးဘဝကတည်းက ဆတ်ဆတ်ကြဲမဟုတ်မခံ၊ လုံးထွေးသတ်ပုတ်ရန် ဝန်မလေးသူ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွင် ကြီးပြင်းခဲ့ရသူဖြစ်သောကြောင့် စာမသင်ခဲ့ရ၊ ယနေ့အထိ သူစာမဖတ်တတ်သေး။

ဘဝခရီးကြမ်းပြီး အိမ်ထောင်ရေး ကံမကောင်းခဲ့သူ အဘွားစန်းရီတွင် ပထမအိမ်ထောင်ဖြင့် သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အဘွားစန်းရီ၏ ဇာတိက ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ဖောင်တော်သီကျေးရွာ။

၁၄ နှစ်အရွယ်တွင် မီးရထားဂတ်ဗိုလ် ဦးညိုကြီးနှင့် အိမ်ထောင်ကျခဲ့ကာ သမီးနှစ်ဦး ထွန်းကားပြီးနောက် အိမ်ထောင်ကွဲခဲ့သည်။

အရွယ်ကောင်း ၂၄ နှစ်အရွယ်မှာ သမီးအကြီးကို ဆွဲခေါ်၍ ရန်ကုန်သို့ သူရောက်လာခဲ့သည်။ လသားအရွယ် သမီးငယ်ကို ဖောင်တော်သီရွာက မိဘများထံ အပ်ခဲ့ပြီး ဝမ်းရေးအတွက် ရန်ကုန် ရုပ်ရှင်ရုံများအကြား မှောင်ခိုလက်မှတ်တိုး ရောင်းခဲ့ရသည်။

“အဘွား ရန်ကုန်ရောက်တော့ ရှေ့ဝိုင်းဆံတောက် ရှိနေတုန်း။ စာမတတ်ဘူးလေ။ ဆွေမျိုးလည်း မရှိဘူး။ လက်မှတ်မှောင်ခိုရောင်းတဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်မဆိုပြီး ရိသဲ့သဲ့လုပ်ခံရတယ်။ အဲဒီအချိန်ထဲက ဓားဆောင်ခဲ့တာ။ ကိုယ်ကကြမ်းမပြရင် ခံသွားရမှာလေ၊ ပုဇွန်တောင်ရောက်မှ ဓားစန်းရီလို့ နာမည်တွင်သွားတာ”ဟု အဘွားစန်းရီက ပြန်ပြောသည်။

ပုဇွန်တောင်ရှိ အရက်ဆိုင်တန်းတွင် အရက်ရောင်းနေသူ ဓားစန်းရီက ဖဲရိုက်ဝါသနာပါသူ။ 

နောက်အိမ်ထောင်ဖြစ်သူ ဦးစိုးတင့်နှင့် ဖဲဝိုင်းတွင် ဖူးစာဆုံခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည်။

“သားက ၃၂ နှစ်အရွယ်မှာ ဆုံးသွားတယ်။ ညောင်တန်းရပ်ကွက် အဖယ်ခံရပြီး ရွှေပြည်သာရောက်တော့ အဘွားတို့မှာ အလုပ်အကိုင်မရှိတော့ဘူး။ ပုဇွန် တောင်ကမ်းနားသွားပြီး အထည်ဟောင်းတွေ သွားရောင်းတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ သားရော၊ ယောကျာ်းရော ကျန်းမာရေးမကောင်းလို့ အိမ်ရောင်းပြီး ဆေးကုခဲ့တယ်။ သူတို့က ဆုံးသွားရှာပြီ။ မသေဘဲ ကျန်ခဲ့တဲ့ အဘွားမှာတော့ နေစရာမရှိလို့ တူမတွေငှားနေတဲ့အိမ်မှာ လိုက်ကပ်နေရတာ။ အခု အဆင်မပြေလို့ ကိုယ့်ဘာသာ အခန်းကျဉ်းလေးတစ်ခန်းငှားပြီး နေနေရတယ်”ဟု အဘွားစန်းရီက ပြောသည်။

ခင်ပွန်းဖြစ်သူ မဆုံးခင် ဒေါ်စန်းရီသည် ပထမ အိမ်ထောင်နှင့်ရခဲ့သည့် သမီးကြီးဖြစ်သူ မသိန်းမြင့်ရှိရာ ရှမ်းပြည်တောင်ကြီးသို့ သွားခဲ့သည်။ ယင်းနေရာတွင် ၁၆ နှစ်ကြာ သီလရှင်ဝတ်ခဲ့သော်လည်း အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာခံစားရသဖြင့် သီလရှင်ထွက်၍ ယောဂီဝတ်ဖြင့် နေထိုင်ခဲ့သည်။

“သမီးငယ်က အားမကိုးရဘူး၊ တူမအိမ်မှာလည်း ကပ်နေလို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် ကိုယ့်ဘာသာ အိမ်ငှားနေတာ၊ ဆေးပေးမီးယူရအောင် ကလေးတစ်ယောက်ကို ခေါ်ထားတယ်။ ကျောင်းလည်း ထားပေးတယ်။ အခုဆို ကလေးက လေးတန်းတက်နေပြီ။ အိမ်ငှားခရယ် ကိုယ့်ဆေးဖိုးနဲ့ ဘာဘာညာညာလေး ဝယ်စားချင်တာ စားလို့ရအောင် တစ်ပတ်တစ်ခါ မြို့ထဲ အလှူခံထွက်တယ်”ဟု ယောဂီဝတ်အဘွားစန်းရီက ပြောရှာသည်။

ယင်းသို့အလှူခံထွက်ခြင်းကြောင့် ဟံသာဝတီရဲစခန်းတွင် မကြာခဏအဖမ်းခံရပြီး ငွေငါးသောင်းဖြင့် လိုက်ရွေးထုတ်ပေးရကြောင်း အိမ်ချင်းကပ်နေထိုင်သည့်အမျိုးသမီးက ဆိုသည်။

“သူ့မှာ အလှူခံခွင့် ထောက်ခံစာမပါဘူးလေ၊ လှည်းတန်းဘက် သွားအလှူခံလို့ ခဏခဏ အဖမ်းခံရတယ်။ အဘွားစန်းရီကိုသနားလို့ ကျွန်မက ပိုက်ဆံထုတ်ပေးပြီး သွားရွေးထုတ်ပေးတာပါ”ဟု အဆိုပါ အမျိုးသမီးကဆိုသည်။

မှီခိုရာမဲ့ သက်ကြီးရွယ်အိုဖြစ်နေသူ အဘွား စန်းရီကို ဘိုးဘွားရိပ်သာတွင် အပ်နှံပေးခဲ့သော်လည်း ၎င်းက ထွက်ပြေးခဲ့သည်။

“သူဌေးမကြီးတစ်ယောက်က ဘိုးဘွားရိပ်သာ လိုက်အပ်ပေးဖူးတယ်။ ဟိုက ကလေးတွေက အတော်ဂရုစိုက်တာ၊ သူတို့ပဲ ရေချိုးပေး၊ အဝတ်အစားလဲပေး၊ ထမင်းခူးကျွေးနဲ့ ကိုယ့်မှာတော့ ရောဂါသည်ကြီးတစ်ယောက်လို ခံစားနေရတာ၊ မနေတတ်ဘူး။ ပြီးတော့ တီဗီလည်း စိတ်ကြိုက်မကြည့်ရဘူး။ အဘွားက တီဗီအရမ်းကြိုက်တာ၊ မကြည့်ရရင် မနေနိုင်ဘူး။ ဒါကြောင့် ထွက်ပြေးခဲ့တာ။ အဘွား သွားနိုင်လာနိုင်သေးတယ်၊ အလှူခံစားမယ်”ဟု အဘွားစန်းရီက အားမာန်အပြည့်နဲ့ ပြောနေသည်။

ဓားစန်းရီသည် လောကဓံ၏ ကလူကျီစယ်ပြုမှုအောက်တွင် ဇာတ်ရုပ်မျိုးစုံဖြင့် အသုံးတော်ခံခဲ့ရသည်။ ယနေ့တိုင် မနားနိုင်သေးပါ။ လက်ရှိကပြနေရသည်က ဘဝနေဝင်ချိန်ကို ဖြတ်ကျော်နေရသည့် အသက် ၈၈ နှစ်ကျော် ယောဂီအသွင်ဖြင့်။

“အဘွားကို အခုနောက်ပိုင်း လာလှူကြသူတွေ ရှိပါတယ်။ အလှမယ် ထားထက်ထက်က အဘွားကို လစဉ် ကျပ်ခြောက်သောင်းလှူတယ်။ တစ်နှစ်ခွဲလောက်ရှိပြီ ပုံမှန်လှူနေတာ။ အခုအဘွားကိုင်နေတဲ့ ဖုန်းကလည်း ထားထက်ထက်ပဲ ပေးထားတာ။ ပြီးတော့ လှိုင်သာယာဘက်က စက်ရုံမှာလုပ်တဲ့ ကောင်လေးတစ်ယောက်ကလည်း တစ်လကို တစ်သိန်း အဘွားဆီလာလာလှူတာ နှစ်လလောက်ရှိပြီ” ဟု အဘွားစန်းရီက ပြောသည်။

ယင်းအပြင် သရုပ်ဆောင် ခိုင်နှင်းဝေကလည်း ငွေကျပ်တစ်သိန်းနှင့် စားဖွယ်ပစ္စည်းများအပြင် အဝတ်အစားများကို လာရောက်လှူဒါန်းခဲ့ကြောင်း အဘွားစန်းရီနှင့် အိမ်နီးချင်းနေထိုင်သူများထံမှ သိရသည်။

သို့သော်လည်း လာလှူသည့်သူက အမြဲတစေ မရှိသဖြင့် အဘွားစန်းရီအတွက် အဆင်မပြေ။ ဒီနှင့် အလှူခံထွက်ရပြန်သည်။ ညမိုးချုပ်မှ အိမ်ပြန်ရောက်သဖြင့် မွေးစားထားသည့်ကလေးကို အိမ်နီးနားချင်းများက ခေါ်ထားရသည်။ မိုးတွင်းကာလတွင်တော့ မိုးမိသဖြင့် မီးရေများစိုရွှဲကာ ပြန်လာတတ်သော အဘွားစန်းရီကို အိမ်နီးနားချင်းများက မကြည့်ရက်။ 

“အသက်က အတော်ကြီးနေပြီမို့ အဘွားကို အခုလိုမျိုး အလှူခံမထွက်စေချင်ဘူး။ ဒါပေမဲ့ ကျွန်မတို့လည်း တစ်နေ့ရှာ တစ်နေ့ စားတွေဆိုတော့ အဘွားအတွက် ဘာမှမထောက်ပံ့ပေးနိုင်ဘူးလေ၊ ဒါကြောင့် ဒီအတိုင်း ထိုင်ကြည့်နေရတာ”ဟု အဘွားစန်းရီနှင့် အခန်းချင်းကပ်နေထိုင်သူ အမျိုးသမီးက ရှင်းပြသည်။

ဆံဖြူသွားကျိုးနေသည့် အဘွားစန်းရီမှာ လွန်ခဲ့သည့် သုံးလေးလခန့်က လူကြီးရောဂါဖြင့် ဆေးရုံတက် ကုသမှုခံယူခဲ့ရသဖြင့် အကြွေးနှစ်သိန်းတင်ခဲ့သေးသည်။ လက်ရှိငှားနေထိုင်သည့် အခန်းခက တစ်လ ငါးသောင်းကျပ်။ 

မွေးစားထားသည့် လေးတန်းကျောင်းသူလေး၏ ပညာသင်စရိတ်နှင့် ၎င်း၏ ဆေးဖိုးနှင့် စားစရိတ်များ စုပေါင်းတွက်ချက်ပါက လစဉ်ပုံမှန် ကျပ်နှစ်သိန်းခွဲခန့် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။

“ဆေးရုံတက်တုန်းက ရပ်ကွက်ထဲက အသိတစ်ယောက်ဆီမှာ ပိုက်ဆံနှစ်သိန်း ချေးခဲ့တယ်။ ဆေးရုံက ပြန်ဆင်းလာပြီဆိုပေမယ့် အကြွေးက အခုချိန်ထိကို ပြန်မဆပ်နိုင်သေးဘူး။ ကြွေးရှင်က တစ်နေ့ ၁၇ ခေါက်လောက် လာလာပြီး အကြွေးတောင်းနေတာ။ အလှူခံထွက်တော့လည်း ငါးထောင်လောက်တောင် မရတဲ့ရက်တွေရှိတယ်”ဟု အဘွားစန်းရီက ပြောသည်။

ဆင်ခြေဖုံးရပ်ကွက်ထဲရှိ အခန်းကျဉ်းလေးတွင် နေထိုင်လျက် မပြည့်စုံသည့် ဆေးဝါးနှင့်အာဟာရတို့ကို ဖြည့်ဆည်းရန် ပုဇွန်တောင်နာမည်ကျော် ဓားစန်းရီ သို့မဟုတ် အဘွားစန်းရီတစ်ယောက် နောက်ရက်များတွင်လည်း လက်တစ်ဖက်တွင် တောင်ဝှေးကိုင်၍ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် အလှူခံထွက်ရပေဦးမည်။

ခိုင်စိုးလင်း