News

POST TYPE

ARTICLE

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ (သို့မဟုတ်) “Justice For Victoria”
22-Jul-2019


“Justice For Victoria” ဆိုတဲ့ လှုပ်ရှားမှုဟာ ပြည်သူလူထုကို တုန်လှုပ်စေတဲ့ လှုပ်ရှားမှုဖြစ်လာခဲ့ပါပြီ။ ဒီလှုပ်ရှားမှုဟာ အသက် ၃ နှစ် မပြည့်သေးတဲ့ သမီးငယ် ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုဖြစ်ပြီးတဲ့နောက် “တရားမျှတရေး”ဖော်ဆောင်တဲ့လှုပ်ရှားမှုပါ။

ဒီအမှုကို လူအများစိတ်ဝင်စားလာကြပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာသာမက တိုင်းနဲ့ပြည်နယ်တွေမှာလည်း ထောင်နဲ့ချီတဲ့လူထုဆန္ဒပြပွဲတွေ ပြုလုပ်လာကြပါတယ်။

ဒီဆန္ဒပြမှုတွေကို လေ့လာကြည့်ရင် ဗစ်တိုးရီးယားလေးရင်ဆိုင်ရတဲ့ သက်ငယ်မုဒိမ်းလို မုဒိမ်းမှုတွေ ပပျောက်ပြီး “တရားမျှတမှု”ဖော်ဆောင်ပေးဖို့ဆိုတဲ့ လိုလားချက်တွေကို တွေ့ရပါတယ်။

ဗစ်တိုးရီးယားဟာ နေပြည်တော်လိုမြို့ကြီးက ကလေးတစ်ဦးချင်းကို အနီးကပ်စောင့်ကြည့်ပေးတဲ့ “Wisdom Hill” ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှာတက်နေတဲ့ ကလေးငယ်တစ်ဦးပါ။

လွန်ခဲ့တဲ့ မေလ ၁၆ ရက်က ဗစ်တိုရီးယားဟာ ကျောင်းကနေ အိမ်ပြန်ရောက်ပြီး ဆီးသွားစဉ်မှာ “နာတယ်” ဆိုပြီး မိခင်ကို ပြန်ပြောပြရာကနေ ဆေးရုံကိုခေါ်သွားရာမှ သမီးငယ်ရဲ့ မိန်းမကိုယ်တွင်း ထိုးသွင်းဒဏ်ရာ ရှိနေတယ်ဆိုတာ သိခဲ့ရတာဖြစ်ပါတယ်။

ဒီလို ထိုးသွင်းဒဏ်ရာတွေ့ရှိမှု တစ်လကျော် ကြာခဲ့ပြီးတဲ့နောက် ဇူလိုင် ၄ ရက်နေ့မှာ သက်ငယ်မုဒိမ်းမှုတရားခံဟာ “Wisdom Hill” ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာကျော်ရဲ့ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးလို့ ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို တရားစွဲဆိုလိုက်တဲ့ အောင်ကြီးဟာ လွန်ခဲ့တဲ့မေလ ၃၀ ရက်မှာ ဇမ္ဗူသီရိမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးပြီးနောက် မှုခင်းရဲတပ်ဖွဲ့ (CID) က အမှုကိုလွှဲပြောင်းရယူကာ ခိုင်လုံသော အထောက်အထားမရှိတဲ့အတွက် ဇွန် ၂၄ ရက်က ပြန်လွှတ်ပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုတစ်ဖန်ပြန်ပြီး တရားခံလို့ စွပ်စွဲခံထားရတဲ့ အောင်ကြီးဟာ တကယ်ပဲ တရားခံဟုတ်ရဲ့လား ဆိုတာကို ပြည်သူအများက သံသယရှိနေကြတာပါ။

ဗစ်တိုးရီးယားလေးက “ကိုကိုလုပ်တာ။ ဆရာမ နှင်းနုတောင် ကိုကို့ကိုဆူသေးတယ်” လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောပေမယ့် အမှုစဖြစ်စဉ်က ကလေးစကားကို ရဲတပ်ဖွဲ့ဝင်တွေက အလေးမထားခဲ့သလို ဖြစ်နေတဲ့အပေါ်မှာလည်း ပြည်သူတွေက ပိုပြီးပွဲဆူလာတာကို တွေ့မြင်ရပါတယ်။

“ဥပဒေမှာ ကလေးစကားကို အတည်ယူလို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ ကလေးကို မေးခွန်းတစ်ခုမေးတဲ့အခါမှာ ကောင်းမွန်စွာ ဖြေဆိုတယ်ဆိုရင် သူ့စကားကို ယုံလို့ရပါတယ်။ အတည်ယူလို့ရပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

အသက် ၃ နှစ်မပြည့်သေးတဲ့ကလေးကို သူစိမ်းများရှေ့တွင် စစ်ဆေးမေးမြန်းမှုလုပ်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့လည်း ရှေ့နေဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုအပေါ် စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကြီးမြင့်က “အမှုစစ်တဲ့ရဲတွေရဲ့ ပျက်ကွက်မှုက အဓိကပါ။ လူတန်းစီပြရမယ်။ တန်းစီပြပြီး ကလေးကို လက်ညှိုးထိုးခိုင်းတာ လုပ်ရမယ်။ အဲဒါလည်း သူတို့ ပျက်ကွက်မှု...၊ နောက်တစ်ခါက ကလေးကို သူတို့ကြောက်ရတဲ့ ဆရာမတွေရှေ့မှာ သူစိမ်းတွေရှေ့မှာ စစ်ဆေးခြင်း အဲဒါလည်း ဥပဒေနဲ့မညီဘူး။ ရဲတွေက ဥပဒေမညီတာကိုလုပ်တယ်” လို့ ဝေဖန်ထောက်ပြလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ဗစ်တိုးရီးယားအမှုဟာ တကယ်တမ်း ခက်ခဲနေတာမဟုတ်ကြောင်း၊ တရားခံထွက်ပြေးနေခြင်းလည်းမဟုတ်ကြောင်း၊ ကလေးရဲ့ ထွက်ဆို၊ ပြောဆိုချက်တွေကို အလေးပေးသင့်ကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်းပိုများလာပြီး နေ့စဉ်နဲ့အမျှ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို တွေ့မြင်ရပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကိုကြည့်ရင် ၂၀၁၇ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှု ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆၄.၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဇွန်လအထိ ၆၇.၉၈ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရပါတယ်။

“သက်ငယ်မုဒိမ်းက ကိုယ့်အိမ်တံခါးကို ဘယ်အချိန်လာခေါက်မလဲ” ဆိုတဲ့ စိုးရိမ်မှုကတော့ မိခင်တစ်ယောက်ဖြစ်တဲ့ နန်းဇင်နွယ်ကို အစဉ်အမြဲခြိမ်းခြောက်နေပါတယ်။

ဒီ “ဗစ်တိုရီးယား” အမှုကို မှန်မှန်ကန်ကန် မရှင်းနိုင်သရွေ့၊ သက်ငယ်မုဒိမ်းမှုတွေကို ထိရောက်စွာ အရေးမယူနိုင်သရွေ့တော့ မိခင်တစ်ယောက်အနေနဲ့ စိတ်သောကတွေနဲ့ ရှင်သန်နေရဦးမယ်လို့ မန္တလေးမြို့က နန်းဇင်နွယ်က ပြောလိုက်ပါတယ်။

အခု ဗစ်တိုးရီးယားကြုံတွေ့ရတဲ့ သက်ငယ်မုဒိမ်းမှုဟာ ငွေကြေးပြည့်စုံသူတွေထားတဲ့ ကလေးငယ်တွေအတွက် စိတ်ချရတဲ့ ပုဂ္ဂလိကကျောင်းမှာဖြစ်ပွားတာကြောင့် မိဘတွေက ပိုပြီးတော့ တုန်လှုပ်နေပါတယ်။

မကြာခဏ သက်ငယ်မုဒိမ်းမှုကို ကြားရပေမယ့် ပုဂ္ဂလိကကျောင်းတက်နေတဲ့ သမီးငယ်လေး ဗစ်တိုးရီးယားအမှုကြောင့် “ကျွန်မတို့လို ကလေးမိခင်တွေအတွက်က ရတက်မအေးစရာတွေ ဖြစ်နေပါပြီ” လို့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုက အရင်ကလည်း စိုးရိမ်မှုတွေရှိပေမယ့် အခုက ပိုစိုးရိမ်စရာဖြစ်နေပြီး မူကြိုကျောင်းတွေမှာ လုံခြုံမှုအားနည်းတဲ့အပြင် ပြဿနာတစ်ခုဖြစ်တဲ့အခါ လိုအပ်တဲ့ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာတာတွေကြောင့် မိခင်တွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာကြောင်း မခင်လေးက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ယခုနောက်ပိုင်းတွေမှာ ကလေးငယ်တွေ ပညာသင်ကြားတဲ့ကျောင်းတွေမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းတွေ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေက တိုင်ကြားမှုတွေများလာတယ်လို့လည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်ပါတယ်။

ပုဂ္ဂလိကကျောင်းမှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုကို ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်ဟာ နေရာတိုင်းမှာ ရှိနေတယ်ဆိုတာ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

“ဘယ်နေရာမဆို ကျွန်မတို့က အန္တရာယ်ရှိနိုင်တယ်။ ဘယ်နေရာမှာထားထား သတိထား၊ လုံခြုံရေးသတိ အမြဲရှိရမယ်ဆိုတာ ကျွန်မတို့ကို နှိုးဆော်ပေးနေပါတယ်” လို့ မခင်လေးက ဆိုပါတယ်။

ကိုယ်ပိုင်ကျောင်းတွေက အစိုးရကျောင်းတွေထက် ငွေကြေးပိုပေးဆောင်ရတဲ့အတွက် ပိုပြီး ဝန်ဆောင်မှုအားကောင်းရမှာ ဖြစ်တယ်လို့လည်း မခင်လေးက ထောက်ပြပါတယ်။

“ဗစ်တိုးရီးယား” ဖြစ်စဉ်ကို စုံစမ်းနိုင်ရန် မူကြိုကျောင်းထံမှ စီစီတီဗီမှတ်တမ်းကို တောင်းကြည့်တဲ့အခါ စီစီတီဗီမှတ်တမ်းကလည်း တစ်ရက်စာ အပြည့်အစုံမရခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်လည်း စီစီတီဗီဟာ တကယ်ပြဿနာဖြစ်လာရင် ဖြေရှင်းနိုင်တဲ့အထောက်အထားတစ်ခု ဟုတ်မဟုတ်ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဗစ်တိုးရီးယားအမှုကိစ္စဟာ အနုပညာရှင်တွေ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတွေ စိတ်ဝင်စားနေကြသလို အမှုမှန်ပေါ်ပေါက်ဖို့လည်း သက်ဆိုင်ရာကို တိုက်တွန်းနေကြပါတယ်။

လူတစ်ယောက်ရဲ့ လုပ်ခလစာနဲ့ မလုံလောက်တဲ့အတွက် မိဘနှစ်ဦးစလုံး အလုပ်လုပ်ရပြီး၊ မိမိတို့ ရင်သွေးငယ်တွေကို ကလေးထိန်းငှားတာ၊ မူကြိုကျောင်းမှာ သွားထားတာတွေ မလွှဲသာမရှောင်သာ ပြုလုပ်ကြရပါတယ်။

သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေ၊ သတင်းဝက်ဘ်ဆိုက်တွေမှာ မကြာခဏဖတ်ရတိုင်း မိခင်တစ်ယောက်အနေနဲ့ မိမိကလေးငယ်တွေအတွက် ရင်မအေးရကြောင်း ကယားပြည်နယ်မှ နော်နိုရင်းကလည်း ရင်ဖွင့်ပါတယ်။

“မွေးထားတာကလည်း သမီးလေးတွေ၊ ကိုယ်တိုင်က အလုပ်လုပ်နေတယ်ဆိုတော့ ပိုပြီးတော့ ရင်ပူရတယ်” လို့ နော်နိုရင်းက ဆိုပါတယ်။

သမီးမွေးထားတဲ့ဖခင်တွေအနေနဲ့လည်း သမီးငယ် ဗစ်တိုရီးယားကိစ္စ ဖြစ်လာပြီးနောက်ပိုင်း မိမိတို့ သမီးငယ်တွေအတွက် စိတ်ပူမှုတွေတိုးလာတာ တွေ့မြင်ရပါတယ်။

“အခုခေတ်က သားမွေးရင် မူးယစ်ဆေးသုံးမှာ ကြောက်ရသလို သမီးမွေးရင် သက်ငယ်မုဒိမ်းဖြစ်မှာ ကြောက်နေတယ်” လို့ သမီးဖခင်တစ်ဦးဖြစ်တဲ့ ရန်ကုန်က ကိုအာကာက ပြောပါတယ်။

မိမိသမီးကို အကြမ်းဖက် အနိုင်ကျင့်မခံရအောင် အရင်ကထက်ပိုပြီး ဂရုစိုက်သလို မိမိကိုယ်အင်္ဂါကို တစ်ပါးသူလာမကိုင်အောင် ရှောင်ရန်ကစပြီး သင်ကြားရမယ်လို့ ကိုအာကာက ဆိုပါတယ်။

“သမီးကို စိုးရိမ်သလို ကိုယ့်သားလည်း မုဒိမ်းကောင်မဖြစ်အောင် ကာကွယ်သွန်သင်ရဦးမယ်” လို့ နန်းဇင်နွယ်က ပြောလိုက်ပါတယ်။

နေ့စဉ်ရက်ဆက် သက်ငယ်မုဒိမ်းမှုတွေကို ကြားရလို့ တုန်လှုပ်နေရတဲ့အပြင် အခုအခါ စိုးရိမ်မှတ်ရေချိန် ပိုမြင့်လာကြောင်းလည်း နန်းဇင်နွယ်က မှတ်ချက်ပြုလိုက်ပါတယ်။

ယခုနောက်ပိုင်း သက်ငယ်အချင်းချင်း ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ရှိလာလို့ ကလေးငယ်တွေအတွက် လိင်မှုဆိုင်ရာ အသိပညာပေးမှုတွေ မလုပ်ထားပါက ပိုပြီးအန္တရာယ်ကြီးလာနိုင်ကြောင်းလည်း မခင်လေးက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ကျွန်မတို့ မသင်ပေးဘဲလည်း လူ့သဘာဝအရ အရွယ်ရောက်လာရင် ဒီလိုကိစ္စတွေ စိတ်ဝင်စားမှုရှိလာပြီး သူတို့ဘာသာစူးစမ်းပြီး လုပ်တာထက်စာရင် ကျွန်မတို့လူကြီးတွေကနေ ဆောင်ရန်၊ ရှောင်ရန် သိသင့်တာတွေ သင်ပေးဖို့ကတော့ အချိန်က နောက်တောင်ကျနေပြီ” လို့ မခင်လေးက မှတ်ချက်ပြုလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ဆေးစစ်ချက်ဖြစ်တဲ့ DNA စစ်ဆေးမှုနဲ့ပတ်သက်ပြီး လွဲမှားနေတာကိုလည်း ပြည်သူများက ကျေနပ်မှုမရှိတာကို တွေ့ရပါတယ်။

မုဒိမ်းမှုဆိုတာ မိန်းမကိုယ်အင်္ဂါကို ထိုးသွင်းလိုက်တာနဲ့တစ်ပြိုင်နက် မုဒိမ်းမှုမြောက်ကြောင်း၊ DNA စစ်ဆေးချက်က စိတ်မချရကြောင်းလည်း ဝေဖန်ထောက်ပြမှုတွေက ရှိပါတယ်။

“မိန်းမကိုယ်ထဲကို ယောကျာ်းကိုယ်က ထိုးဝင်မိရင် တစ်ပြိုင်နက် မုဒိမ်းမှုမြောက်ပါတယ်။ DNA ဘာညာက တလွဲတွေလျှောက်လုပ်နေတာပါ။ DNA က ဘယ်လောက်စိတ်ချရလဲ။ မြန်မာပြည်က DNA ကြောင့် အပြစ်ပေးတဲ့အမှုတွေ ဘယ်နှမှုများရှိခဲ့လို့လဲ” လို့ ရှေ့နေဦးကြီးမြင့်က ဆိုပြန်ပါတယ်။

လက်ရှိ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ရဲအရာရှိတွေရဲ့ စစ်ဆေးဆောင်ရွက်ချက်တွေကို ပြည်သူအများက ယုံကြည်မှုမရှိတဲ့အတွက် ဇူလိုင် ၆ ရက်နေ့မှာ မြန်မာနိုင်ငံ နေရာအချို့မှာ ထောင်ချီသော ပြည်သူများ လမ်းပေါ်သို့ထွက်ပြီး ဆန္ဒပြနေကြပြီဖြစ်ပါတယ်။

လက်ရှိအမှုစိစစ်ရေးနဲ့ပတ်သက်ပြီး ဦးကြီးမြင့်က “ဗစ်တိုးရီးယားကလေးကို မုဒိမ်းကျင့်တာတင် မဟုတ်ဘူး၊ တိုင်းပြည်တစ်ခုလုံးကို မုဒိမ်းကျင့်လိုက်တာပဲ” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ထောင်ချီသောပြည်သူတွေ လမ်းပေါ်ထွက်လာ တဲ့ “Justice For Victoria”လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာပါပြီ။ မိခင် ဖခင်များ အားတက်သရော ပါဝင်လာတဲ့ ဒီလှုပ်ရှားမှုကြီးဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လောက်ပြောင်းလဲနိုင်မလဲဆိုတာတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

နန်းဆိုင်နွမ်/ Honest Information