News

POST TYPE

ARTICLE

ကမ္ဘာ့နိုင်ငံရေးစနစ် ရှင်းတမ်း
21-Jul-2019



ဒီကနေ့ ကမ္ဘာ့အရေးလေ့လာသုံးသပ်သူတွေအကြားမှာ အပြောများနေတဲ့ စကားတစ်ခွန်းရှိတယ်။ ကမ္ဘာကြီးက အရင်ကထက် အန္တရာယ် ထူပြောလာနေတယ်ပေါ့။ အဲဒီစကား ဟုတ်သလား၊ မှန်ပါသလားဆိုရင် မှန်ပါတယ်၊ ဟုတ်ပါတယ်လို့ တုံးတိတိပဲ ဖြေပါရစေ။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ကျောင်းပြီးထားတဲ့ စာရေးသူကို မကြာခဏဆိုသလို နိုင်ငံတကာ ဆက်ဆံရေးဆောင်းပါးတွေ ရေးသားဖို့ တောင်းဆိုမှုတွေ ရှိပါတယ်။ အလျဉ်းသင့်သလိုလည်း ရေးခဲ့ပါတယ်။ ရေးတဲ့အခါတိုင်း ဒီမိုကရေစီတို့၊ လစ်ဘရယ်တို့ဆိုတာတွေကို ပြစ်တင်ဝေဖန်တတ်လို့ အချို့က စာရေးသူကို အနောက်ဆန့်ကျင်ရေးသမားလားလို့ တွက်ဆကြပါတယ်။ စာရေးသူက အနောက်လည်း မဆန့်ကျင်သလို အရှေ့လည်း မဆန့်ကျင်ပါဘူး။ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုသာ ရှေးရှုသူဖြစ်ပါတယ်။ တစ်နည်းဆိုရရင် အမျိုးသားရေးဝါဒီဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူ အရေးအသား၊ အကောက် အယူအချို့ဟာ အမျိုးသားရေးဖက် ယိမ်းတယ်၊ အမျိုးသားရေးဘက် တိမ်းညွှတ်တယ်ဆိုရင်တော့ မှန်ပါတယ်။ 

စာရေးသူဘာကြောင့် အမျိုးသားရေးဖက် ယိမ်းခဲ့ရသလဲဆိုရင် ဒီကနေ့ ဖြစ်ထွန်းနေတဲ့ ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးဆိုတာကြောင့်ပေါ့။ ကိုယ်က အနောက်နိုင်ငံတွေမှာ ကျောင်းတွေတက်ခဲ့တယ်။ အနောက်နိုင်ငံအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တယ်ဆိုတော့ သူတို့ တစ်ဦးချင်း သဘောသဘာဝ၊ လူ့အဖွဲ့အစည်းတွေအကြောင်း၊ နိုင်ငံရေးစနစ်တွေအကြောင်း သိသင့်သလောက် သိနေတယ်။ စိတ်ထဲလည်း မကောင်းဘူး။ သူတို့ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ နိုင်ငံခြားရေးမူဝါဒတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေနေ သလိုပဲဗျ။ အဲဒီလို ခံစားရတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်လေ၊ တစ်ချိန်ချိန်မှာ နစ်သွားလိမ့်မယ်လို့ ခံစားစိတ်ဖြစ်နေတဲ့ လှေနဲ့တော့ မလိုက်ချင်ဘူး။ ဒါကြောင့် ကိုယ်က လစ်ဘရယ်အသိုင်းအဝိုင်းမှာ ထိတွေ့ ဆက်ဆံခဲ့ရပေမယ့် အဲဒီ လစ်ဘရယ်လှေထဲကနေ ခုန်ထွက်ခဲ့တာကြာပြီ။ တကယ်တော့ သူတို့ ကျေးဇူးတွေ ကိုယ့်မှာရှိတယ်။ သူတို့ဆီမှာ ပညာသင်ခဲ့တယ်၊ အလုပ်တွေ လုပ်ခဲ့တယ်။ သူတို့ ဆီက အများကြီးလေ့လာသင်ယူခဲ့တယ်။ ကျွန်တော်ရဲ့ သင်ဆရာ၊ မြင်စရာ၊ ကြားဆရာတွေဟာ အနောက်နိုင်ငံတွေပါ။ ဟိုးကလေးဘဝ ၁၉၈၈ အရေးအခင်းမဖြစ်မီကတည်းက အဖေက ဘီဘီစီ၊ ဘီအိုအေ မြန်မာပိုင်းအစီအစဉ်တွေ ညတိုင်းနားထောင်ခဲ့တာမို့ ကမ္ဘာ့ နိုင်ငံရေးဆိုတာနဲ့ ထိတွေ့နားရည်ဝခဲ့တယ်။ အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲကာလ၊ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီး စစ်အေး တိုက်ပွဲအလွန်ကာလ တစ်နည်း လစ်ဘရယ် အမြင့်ဆုံးအမှတ်ကို ရောက်ခဲ့တဲ့ အချိန်၊ နောက် အခုအချိန်ပေါ့၊ တရုတ်နဲ့ရုရှားနိုင်ငံတွေ အတက်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ အကျ အဲဒီသမိုင်းဝင် အချိန်ကာလတွေ အားလုံးကို ထိတွေ့လေ့လာခွင့်ရခဲ့တယ်။

လစ်ဘရယ်စနစ်ဘာကြောင့် အားနည်းလာရသလဲဆိုရင် သိပ်ကောင်းလွန်းနေတာပေါ့။ လစ်ဘရယ်မှာ လူတစ်ယောက်မှာ ရှိသင့်ရှိအပ်၊ ထားသင့်ထားအပ်တဲ့ အမြင့်ဆုံးအမှတ်တွေ အကုန်ရှိတယ်။ အနောက်နိုင်ငံတွေဟာ ကတိစကားအပေါ် တန်ဖိုးထားတယ်။ စံတန်ဖိုးတွေပေါ့။ သူတို့ အသုံးအနှုန်းနဲ့ဆို နိုင်ငံတကာ ဥပဒေစံချိန်စံညွှန်းတဲ့အညီ တည်ဆောက်ထားတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်ကြီးပေါ့။ ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ စိုးမိုးရေးပေါ့ဗျာ။ တကယ်လည်း သူတို့ဟာ အဲဒီလစ်ဘရယ် စံတန်ဖိုးထားမှုတွေဆီ အမှန်ရောက်အောင်သွားခဲ့တယ်။ သူများတွေကိုလည်း သူတို့လို ဖြစ်စေချင်တယ်လေ။ အဲဒီမှာ ပြဿနာက စတာပဲ။ နေရာတကာ ဆရာကြီး ဝင်လုပ် တာပေါ့။ လစ်ဘရယ်တွေဟာ ငါတို့သာအမှန်၊ အမျိုးသားရေးသမားတွေ၊ ဘာသာရေး အယူစွဲ ပြင်းထန်သူတွေဟာ အစွန်းရောက်တွေလို့ ပုံသေ ကောက်ချက်ဆွဲတဲ့အခါ သူတို့ (လစ်ဘရယ်တွေမှာ) စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားတယ်။ နိုင်ငံရေးမှာ တစ်ဖက်ကို အထင်သေးပြီဆိုရင် ပေးဆပ်မှုက ကြီးမားတတ်တယ်။ 

လစ်ဘရယ်တွေဆိုတာ အနည်းနဲ့အများ ပညာတတ်တွေ ဖြစ်တာကြောင့် သူတို့လည်း အာဏာရှင်တွေလိုပဲ ခေါင်းမာတတ်တယ်။ ပညာတတ်တွေကို သူတို့ မှားတယ်လို့ သွားပြောရင် မကြိုက်ကြဘူးဗျ။ တကယ်တော့ ဒီကနေ့ ကမ္ဘာ့စနစ်ကြီးမှာ လစ်ဘရယ်က သူ့တပ်သူပြန်နင်း၊ ပညာတတ်တွေက သူ့ကို ပြန်သတ်နေတာပဲ။ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့အထဲမှာ လစ်ဘရယ်တွေ အဆိုးဆုံးပဲ။ ဆုတွေ ဖန်တီး၊ အဆင့်တွေ သတ်မှတ်၊ ကိုယ့်လူကိုယ်ပင်း၊ ဒီကမ္ဘာ့စနစ်ကြီးထဲမှာ ချိတ်ဆက် အလုပ်လုပ်ကြတာပေါ့ဗျာ။ မသိတဲ့၊ မနပ်တဲ့သူတွေကတော့ အဲဒီဆုတွေ၊ အမှတ်တွေ နောက်ကို လိုက်ကြတာ ပေါ့ဗျာ။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာကတော့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတာပဲ။ သို့သော် လစ်ဘရယ်ဆရာကြီးတွေက အဲဒီလို မီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ ကွန်ရက်ချိတ်ဆက်ပြီး အသံတစ်သံတည်းထွက်အောင် သွယ်ဝိုက်ဖိအားပေးတော့ နောက်ဆုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၊ လစ်ဘရယ်လှေလည်း မြုပ်ရော ယူအန်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာပါ တစ်နွယ်ငင် တစ်စင်ပါပေါ့ဗျာ။ နိုင်ငံရေးနော်။ ကြောက်ဖို့ကောင်းတယ်။ ကိုယ့်ကိုလာ ချိတ်လို့ ချိတ်မှန်းမသိဘူး၊ လာချည်လို့ ချည်မှန်းမသိဘူး။ သိပ်ကျွံသွားရင် နှုတ်ရခက်တယ်။ နိုင်ငံတကာဆက်ဆံရေးမှာ နေ့လယ်စာ အလကားမကျွေးဘူးတဲ့။ အဲဒီစကား အများကြီးတာသွားတယ်။ 

အခုကြည့်လေ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံရေးမှာ လစ်ဘရယ်တွေ ဗိုလ်ကျနေတာ အများကြီးပဲ။ ဇာတ်လမ်းတွေ အများကြီးထဲက တချို့ကို ပြောပြ မယ်။ ၂၀၁၈ က အမျိုးသားရေးဝါဒီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Sarah Sanders သူ့မိတ်ဆွေတွေနဲ့ အတူ ဗာဂျီနီးယားပြည်နယ်၊ မြို့လေးတစ်မြို့က စားသောက်ဆိုင်မှာ ဝင်စားကြတယ်။ ဆိုင်ရှင်က ထရမ့်ကို ဆန့်ကျင်တဲ့ အမာခံလစ်ဘရယ် တစ်ဦးဖြစ်တယ်။ သူ့ဆိုင်ကို ထရမ့်ရဲ့ အတွင်းစည်းထဲက သူတစ်ယောက် လာစားတယ်ဆိုတာ သိတော့ မရောင်းနိုင်ဘူး၊ မကြိုဆိုဘူးဆိုပြီး နှင်ထုတ်တယ်ပေါ့ဗျာ။ Sarah Sanders ကလည်း ဘာမှ ငြင်းခုံမနေဘဲ ထွက်သွားပါတယ်။ ဘယ်လောက်ရိုင်းသလဲဗျာ။ ကိုယ့်ဆိုင်လာစားတဲ့သူကို ငြင်းဆိုတယ်၊ နှင်ထုတ်တယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ အမျိုးသားရေး ဝါဒီတွေသာ အဲ့ဒီလို လုပ်ကြည့်။ ပြောလို့ကိုယ်ဆုံးမယ်မဟုတ်ဘူး။ လစ်ဘရယ်အသိုင်းအဝိုင်းကတော့ ဆိုင်ရှင်ရဲ့လုပ်ရပ်ကို ဝိုင်းပြီး ထောမနာပြုကြသဗျာ။ ထရမ့်လို လူညစ်၊ လူယုတ်ကိုတင် မဟုတ်ဘူး။ သူ့အနားက လူတွေကိုပါ သင်ခန်းစာပေးရမယ်ဆိုပဲ။ ထရမ့်ဆိုတဲ့ လူက ခင်ဗျားတို့ အမေရိကန်တွေ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတနော်။ အဲဒါတော့ မမေ့နဲ့။

အမေရိကားမှာပဲ ၂၀၁၇ မှာ ထရမ့်သမ္မတအဖြစ် အရွေးကောက်ခံရတော့ သမ္မတအိမ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲလုပ်တယ်။ နောက် တစ်နေ့မှာ ဝါရှင်တန်မြို့တော်မှာ လူနစ်သိန်းလောက်ပါတဲ့ အမျိုးသမီး ချီတက်ပွဲကြီး ပြုလုပ်ပြီး ထရမ့် အမေရိကန်သမ္မတဖြစ်တာကို ဆန္ဒပြအမျိုးသမီးထုကြီးက အုတ်အော်သောင်းတင်း ကန့်ကွက်ကြတယ်။ အမျိုးသမီး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ အမေရိကန်အဆိုကျော် မက်ဒေါနားက ဟောပြောပွဲမှာ အိမ်ဖြူတော်ကို ဖောက်ခွဲဖျက်ဆီးပစ်ကြ ဆိုပြီး ဟစ်ကြွေးလှုံ့ဆော်တယ်။ အဲဒါ အမှန်းစကားလေဗျာ။ အမျိုးသားရေး ဝါဒီတွေသာ အဲဒီလို ပြောကြည့်ပါလား။ ဖက်ဆစ်တွေ၊ လူရမ်းကားတွေ၊ မလောင်ခင်က တားဟဲ့ဆိုပြီး အကုန်သိမ်းကျုံးဖမ်းပစ်မှာ မြင်ယောင်မိသေးဗျာ။

နောက်တစ်ခါ ဖြစ်တာ ဩစတြေးလျနိုင်ငံမှာပါ။ မကြာသေးပါဘူး။ အခု ၂၀၁၉ ထဲမှာပါ။ သူ့အိမ်နီးချင်း နယူးဇီလန်နိုင်ငံမှာ ဩစတြေးလျ နိုင်ငံသား လူဖြူအစွန်းရောက်တစ်ယောက်က ဗလီနှစ်ခုထဲ သေနတ်နဲ့ ဝင်ပစ်တယ်။ မွတ်စလင်ဘာသာဝင်တွေ အများကြီးသေတယ်။ တစ်ကမ္ဘာလုံးက ဝိုင်းကန့်ကွက်ကြတာပေါ့။ အဲဒီမှာ ဩစတြေးလျ ပါလီမန်က အမျိုးသား ရေးဝါဒီ အမတ်  Fraser Anning က အဲဒီလို ပစ်ခတ်မှုကို နယူးဇီလန်နိုင်ငံကို ဝင်ရောက်လာနေတဲ့ မွတ်စလင်လူဦးရေ များပြားမှုနဲ့ ဆက်စပ်ပြောဆိုလို့ တစ်ကမ္ဘာလုံးက အဲဒီအမတ်ကို ဝိုင်းဝန်းပြစ်တင် ဝေဖန်ကြတာပေါ့။ ဒါပေါ့ဗျာ။ အဲဒီလို မပြောသင့်ဘူးလေ။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရတာလေဗျာ။ လူတွေ ဝမ်းနည်းကြေကွဲနေတဲ့ အချိန်လေဗျာ။ အဲဒီနောက် နိုင်ငံရေးစည်းဝေးပွဲတစ်ခုမှာ အဲဒီ အသက် ၇၀ အရွယ် အမတ်မင်း Fraser Anning ကို Will Connolly ဆိုတဲ့ အသက် ၁၇ နှစ်သား လူငယ်လေးတစ်ယောက်က နောက်ကနေ ဦးခေါင်းကို ကြက်ဥနဲ့ အနီးကပ် ပစ်တယ်ဗျာ။ အပစ်ခံရတဲ့ အမတ်မင်းကလည်း လူငယ်လေးကို ပြန်ထိုးတယ်ဗျာ။ အဲဒီသတင်းက ကမ္ဘာကျော်သွားပြီး လူငယ်လေးလည်း လစ်ဘရယ်အသိုင်းအဝိုင်းမှာ သူရဲကောင်းသဖွယ် ဝိုင်းဝန်းချီးကျူး ထောမနာပြုခြင်းခံရတယ်ဗျာ။ ကျွန်တော့် အမြင်ကတော့ မလုပ်သင့်ဘူးလေဗျာ။ ဟိုက လူကြီးလေ။ အဘိုးအရွယ်လေ။ အနောက်ပဲ ဖြစ်ဖြစ်၊ အရှေ့ပဲဖြစ်ဖြစ် အသက်အရွယ်အပိုင်းအခြား ရိုသေမှုတော့ ရှိရမှာပဲ။ ဒါက ကိုယ်ထိလက်ရောက် လုပ်တာလေ။ အားမပေးသင့်ဘူး။ အမျိုးသားရေးဝါဒီတွေသာ အဲ့ဒီလို သွားလုပ်ချည်းပါလား။ လူရမ်းကားတွေ၊ ကလေကချေတွေ၊ အဆင့်အတန်းမရှိတဲ့ကောင်တွေလို့ ပြောလို့ဆုံးမှာကို မဟုတ်ဘူး။ အခု ဟိုကြက်ဥနဲ့ပစ်တဲ့ လူငယ်လေးကျတော့ ကြက်ဥကောင်လေး (Egg Boy) ဆိုပြီး ကမ္ဘာကျော်သဗျာ။ နိုင်ငံတကာက အလှူငွေတောင် ဒေါ်လာသိန်းချီရလိုက်သေးတယ်။ မယုံရင်ကြည့်နေ။ အဲဒီကောင်လေး နောက်နှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အမည်စာရင်းတင်သွင်းခြင်း ခံရလိမ့်မယ်။ 

ပြောချင်တာ ကမ္ဘာ့စနစ်ကြီးပေါ့။ ပုံပျက်သွားပြီ။ အုပ်စုဖွဲ့တယ်။ လိုချင်တဲ့ အာဘော်ရအောင် မသိမသာ လုပ်ယူတယ်။ မသိမသာလုပ်လို့ မရရင် အတင်းလုပ်ယူမယ်။ လစ်ဘရယ်အာဂျန်ဒါပေါ့။ သူတို့ ဖြစ်စေချင်တဲ့ အခင်းအကျင်းကို အတင်းအကျပ် သွတ်သွင်းတာပေါ့။ သူတို့ဖြစ်စေချင်တဲ့ အခင်းအကျင်းဆိုတာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ တရားဥပဒေ စိုးမိုးရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ပေါ့ဗျာ။ လူငယ်တွေ အကြိုက်၊ အမျိုးသမီးတွေ အကြိုက်ပေါ့။ လစ်ဘရယ်ပစ်မှတ်ကလည်း လူငယ်တွေပဲလေဗျာ။ နိုင်ငံရေး အသိအမြင်ရှိတဲ့ လူငယ်တွေကတော့ ခိုင်းတိုင်းမလုပ်ပါဘူး။ ချင့်ချိန်ပါတယ်။ လူငယ်ဆိုတာ ဖြူစင်တယ်လေ။ ရိုးသားတယ်။ မဟုတ်မခံလေ။ ဒီတော့ နိုင်ငံရေး နားလည်မှုနည်းပါးပြီး အာဏာရှင် မုန်းတီးစိတ်အခံနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး သိပ်အလွှမ်း မိုးခံရတဲ့သူကတော့ အမျိုးသားရေးသမားတွေကိုဆိုရင် အင်မတန်ရွံ့ကြတယ်။ 

အမျိုးသားရေးသမားဆိုတာကလည်း အနည်းနဲ့အများ ပညာ နည်းပါးကြတယ်။ ချို့တဲ့တာများတယ်။ လက်လွန်ခြေလွန် လုပ်ချင်တဲ့သူများတယ်။ အမျိုးသားရေးသိပ်စိတ်ပြင်းရင် ဖက်ဆစ်ဝါဒဆီအထိ ရောက်သွားတယ်။ အရာရာကို ရန်လိုလာတာပေါ့။ ဒါကြောင့် တော်ရုံ စာတတ်တဲ့သူကလည်း လစ်ဘရယ်တွေ ကျွံနေ၊ မှားနေတာကို သိမြင်ပြီး အမျိုးသားရေးသမားတွေဘက်ကို စိတ်တော့ ညွှတ်ချင် ညွှတ်မယ်။ ကိုယ်ထိလက်ရောက် မဝန်းရံဘူးပေါ့ဗျာ။ ဒီမှာတင် လစ်ဘရယ် ဒီမိုကရေစီ အခြေပြု တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသား အကျိုးစီးပွား အခြေပြု အမျိုးသားရေး ဝါဒီတွေအကြားမှာ အဟတွေက သိပ်ကြီး၊ ထိပ်တိုက်တိုးကြ၊ ဘာဖြစ်လဲ။ တိုင်းပြည်ပဲ နာတာပေါ့ဗျာ။ အမှန်တော့ လစ်ဘရယ်ကလည်း အမျိုးသားအကျိုးစီးပွားကို မပစ်ပယ်သလို အမျိုးသားရေးသမားတွေကလည်း ဒီမိုကရေစီ လူ့အခွင့်အရေး ဆိုတာကို မပစ်ပယ်ပါဘူး။ သို့သော် ရှုမြင်ပုံချင်းတော့ မတူဘူး။ နိုင်ငံခြားသားတွေဆိုတာ အချိန်တန်ရင် ထွက်သွားကြမှာပါ။ ကျွန်တော်တို့က အမြဲ ကိုယ့်နိုင်ငံမှာ နေကြမယ့်သူတွေပါ။ တွေးလိုက်ရင် စိတ်မကောင်းဘူး။

နောက် နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတာ တစ်ခုက အရင်က အာဏာရှင်နိုင်ငံတွေနဲ့ အခုခေတ် အာဏာရှင်နိုင်ငံတွေဆိုတာ မတူတော့ဘူး။ ဒီကနေ့ အာဏာရှင်နိုင်ငံတွေဆိုတာ စာတတ်ကုန်ပြီ။ အရင်လို ဇွတ်ပိတ် မငြင်းဆန်တော့ဘူး။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာကို လက်ခံတယ်။ အတိုက်အခံတွေကို လုံးပါးပါးအောင်၊ လူတွေ မထိတွေ့ မဆက်ဆံရဲအောင် နည်းလမ်းမျိုးစုံ လှလှပပသုံးပြီး သူ့ပြည်သူတွေ နိုင်ငံရေးကို စိတ်မဝင်စားအောင် ဖန်တီးထားကြတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအခွင့်အလမ်းတွေ အကုန်ဖွင့်ပေးတယ်။ နိုင်ငံရေးတော့ မထိနဲ့ပေါ့။ ဒီတော့ ကိုင်တွယ်ရ ခက်သွားပြီ။ သူ့ ပြည်သူတွေကိုယ်တိုင် အစိုးရကို ထောက်ခံတဲ့သဘောတွေရှိနေတယ်။ အစိုးရနဲ့ ပြည်သူကို ခွဲထုတ်လို့ မရတော့ဘူး။ အရင်ကတော့ အာဏာရှင်နိုင်ငံတွေဆိုတာ တံခါးပိတ်နေတာလေ။ ဒီတော့ တစ်ဖက် အမျိုးမျိုး ဆွပေးတာပေါ့။ စီးပွားရေးလည်းကျရော ပြည်သူတွေ လမ်းပေါ်ထွက်၊ နောက်ဆုံး အာဏာရှင်တွေ ပြုတ်ကျကုန်တာပေါ့။ 

အခုက နိုင်ငံရေး ဝဋ်လိုက်တယ်လို့ ခေါ်တယ်။ အာဏာရှင်နိုင်ငံလို့ သမုတ်တဲ့ ရုရှားနိုင်ငံက အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်စွက်ပါ တယ်ဆိုပြီး လစ်ဘရယ်တွေက အခဲမကျေဖြစ်နေတယ်။ အဲဒီလိုပဲ တရုတ်က ဘက်ပေါင်းစုံက ထောက်လှမ်းရေးလုပ်ပါတယ်ဆိုပြီး အနောက် နိုင်ငံတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေရတယ်။ ဆိုချင်တာ အခု အနောက်နိုင်ငံတွေမှာ ရုရှားရဲ့ နိုင်ငံရေးတစ္ဆေနဲ့ တရုတ်ရဲ့ စီးပွားရေးတစ္ဆေ အခြောက်ခံနေရပြီ။ ဆိုလိုတာမြင်လား။ အဲဒါ အရေးကြီး တယ်နော်။ သူ့ဗျူဟာနဲ့ သူ့ကို ပြန်တိုက်တာဖြစ်တယ်။ အရင်က အနောက် နိုင်ငံတွေက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအောင်၊ တရုတ်နိုင်ငံကြီး အားနည်းအောင် အမျိုးမျိုး လုပ်ဆောင်ခဲ့ကြတယ်။ ဒါကို အပြစ်မပြောဘူးနော်။ အဲဒါနိုင်ငံရေးပဲ။ ကိုယ်ပြိုင်ဘက်ကို ဘယ်သူမှ ကိုယ်နဲ့ အနီးစပ်ဆုံး အင်အားမရှိစေချင်ဘူး။ ဟော..အခု ရုရှားနဲ့ တရုတ်က အရင်ကထက်စာရင် စီးပွားရေးပိုကောင်းလာတယ်။ သူတို့ ပြိုင်ဘက် အနောက်နိုင်ငံတွေမှာကျတော့ စီးပွားရေးကျလာတယ်။ စီးပွားရေးက အဓိကပဲလေ။ စီးပွားရေးကောင်းရင် ပြည်သူက မကြိုက်တောင်၊ မကျေနပ်တောင် သိပ်လမ်းပေါ် မထွက်ကြဘူး။ ရုရှားနဲ့ တရုတ်မှာက လူတွေ လမ်းပေါ်ထွက်ချင်လည်း ထွက်လို့ မရဘူး။ ရလည်း ခဏပဲ။ သိပ်များလာရင် ဖြိုခွင်းမှာပဲ။ 

ဆိုတော့ ရုရှားနဲ့ တရုတ်မှာ နိုင်ငံရေး မလွတ်လပ်သည့်တိုင် စီးပွားရေးအဆင်ပြေနေတော့ ထိန်းထားနိုင်တယ်။ အနောက်နိုင်ငံတွေမှာ ကျတော့ အနောက်တိုင်းစံတန်ဖိုးတွေ ကမ္ဘာအနှံ မြှင့်တင်ရင်း စီးပွားရေး ကျဆင်းလာတယ်။ တစ်ဖက်မှာ သူတို့ဖြစ်စေချင်တဲ့ ဒီမိုကရေစီ ကမ္ဘာကြီးဖြစ်လာသလားဆိုတော့လည်း မဖြစ်ဘူး။ ဒီမှာတင် အနောက် နိုင်ငံတွေမှာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ များလာတယ်။ မှုခင်းတွေ များလာတယ်။ အမျိုးသားရေးဝါဒီတွေ အားကောင်းလာတယ်။ အဲဒီလို ဖြစ်တော့ အနောက်နိုင်ငံတွေက လစ်ဘရယ်နိုင်ငံရေးသမားတွေ ပြူးပြူးပြဲပြဲ ထအော်ကြတယ်။ ရုရှားနိုင်ငံက သူတို့ ရွေးကောက်ပွဲတွေကို ဝင်စွက်ဖက်နေပါတယ်ပေါ့။ တရုတ်နိုင်ငံက သူတို့ကို သူလျှိုလုပ်နေပါတယ်ပေါ့။ အနောက်နိုင်ငံတွေဟာ နှစ်ပေါင်းများစွာ သူများတွေရဲ့ ပြည်တွင်းရေးကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး အထိုင်ကနေ ဝင်ရောက်အကြံပြု ပြေဆိုခဲ့ကြတာမို့ အခုလည်း သူတို့မှာ နည်းနည်း ပြဿနာ ရှိလာတာနဲ့ ရုရှားနဲ့ တရုတ်ကို လက်ညိုးထိုးတော့ပါတာပဲ။ 

ရုရှားနဲ့ တရုတ်က အနောက်နိုင်ငံတွေကို အားနည်းအောင်လုပ်နေ သလားဆိုတာ အဲဒါ နိုင်ငံရေးလေဗျာ။ ကိုယ့်ပြိုင်ဘက်ကို ဘယ်သူမှ ကိုယ်နဲ့ အနီးစပ်ဆုံး အင်အားမရှိစေချင်ဘူး။ အရင်က အာဏာရှင်နိုင်ငံတွေဆိုတာ ပိတ်ကစားတာမျိုးလေ။ အခုက ဖွင့်ကစားတာ ဖြစ်တယ်။ အရင် ခံစစ်ပေါ့။ အခု တိုက်စစ်လို့ ပြောလို့ရတယ်။ တိုက်စစ်ကစားနိုင်အောင်လည်း သူတို့မှာ အင်အားတွေ ရှိလာနေပြီ။ လစ်ဘရယ်တွေခင်ဗျာ၊ ဂိုးမပေးရအောင် မနည်းကာကွယ်နေရတယ် ဆိုပါတော့ဗျာ။ ဆိုရရင် သမိုင်းဆိုတာ နိုင်တဲ့သူတွေ ရေးတာပါ။ နိုင်ငံရေးမှာ အင်အားကြီးသူ နိုင်စတမ်းပါ။ နိုင်ငံရေးဆိုတာ ဘတစ်ပြန်၊ ကျားတစ်ပြန်ပါ။ အဆုံး၊ အစ မရှိပါ။ ထာဝရ အောင်နိုင်သူ မရှိပါ။ အမြဲ ပြုပြင်ပြောင်းလဲ နေရပါတယ်။ နောက်ဆုံး ထသတ်တော့လည်း သေကြပေါ့ဗျာ။ 

ဒီဆောင်းပါးမှာ ဘယ်နိုင်ငံကိုမှ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိပါ။ ဘယ်နိုင်ငံကိုမှ ထိခိုက်နစ်နာစေလိုရင်း မရှိပါ။ စာဖတ်သူ မြန်မာ နိုင်ငံသားများ နိုင်ငံတကာဆက်ဆံရေးဆိုတာကို အရှိကို အရှိအတိုင်း သိမြင်စေလိုရင်းသာ ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ထာဝရ ရန်သူ မရှိ၊ ထာဝရ မိတ်ဆွေ မရှိ၊ အမျိုးသား အကျိုးစီးပွားသာ ရှိပါတယ်။ တိမ်းသင့်ရင်တိမ်း၊ ယိမ်းသင့်ရင် ယိမ်းရပါတယ်။ အချို့ကလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးဘက် ခိုင်ခိုင်မာမာ မရပ်တည်ပဲ ဟိုတိမ်း၊ ဒီယိမ်းလုပ်တာ ကို ဖာနိုင်ငံရေး ဆိုပြီး ခပ်ရိုင်းရိုင်း သုံးနှုန်းကြတယ်။ 

ဒီလောက်ပဲဗျာ။ ဆောင်းပါးလည်း ရှည်ပြီ။ ဒါနဲ့ စာဖတ်တဲ့သူတွေကို မေးစရာလေးရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာကြီးရဲ့ ဘယ်ဒေသမှာတည်ရှိပါသလဲ။ အမေရိကားမှာလား၊ ဥရောပမှာလား၊ အာရှမှာလား၊ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ အမေရိကားလား။ ဥရောပလား။ ရုရှားလား။ တရုတ်လား။ ဒီကနေ့ ပွင့်ဟနေတဲ့၊ ရောပြွမ်း ရှုပ်ထွေးနေတဲ့၊ အန္တရာယ်များလှတဲ့ ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လိုအနေအထားမျိုးမှာ ရပ်တည်သင့်ပါသလဲ။ ဖြေပေးကြပါ။

အောင်အောင် (IR)