News

POST TYPE

ARTICLE

အပြာရောင် နတ်ဆေး အောင်မဲညိုပန်း
21-Jul-2019


စားသောက်ဆိုင်တွေမှာ အောင်မဲညိုဖျော်ရည်ဆိုပြီး ရနေတာကို တွေ့ရပါတယ်။ အောင်မဲညိုဟာ ဆေးစွမ်းထက်တဲ့ ပန်းပွင့်ဖြစ်ပါတယ်။ ဒါကို လူကြိုက်များလာတာ ကောင်းပါတယ်။ တချို့လည်း အောင်မဲညို ပွင့်ခြောက်ကို လက်ဖက်ခြောက်လို စိမ်ပြီး သောက်ကြတာ ရှိပါတယ်။ အောင်မဲညိုလက်ဖက်ခြောက်ဆိုပြီး ဆိုင်တွေမှာ ရနေပါပြီ။ အောင်မဲညိုကို ဓာတ်စာအဖြစ် အမျိုးမျိုးစားသောက်ကြပါတယ်။ အပြာရောင်ရှိတဲ့ အဆိုပါ ပန်းပွင့်ရဲ့ တိုင်းရင်းဆေးအရ အသုံးဝင်ပုံတွေကို ကျန်းမာရေးစိတ်ဝင်စားသူ The Voice ပရိသတ် ဖတ်ရစေဖို့ရာ စုစည်းရှာဖွေဖော်ပြလိုက်ပါတယ်။

အောင်မဲဖြူ၊ အောင်မဲညိုဆိုပြီး ရှိပါတယ်။ အောင်မဲညိုဆိုပေမယ့် မဲညိုနေတာမဟုတ်ဘဲ ပြာလဲ့နေတဲ့ ပန်းလှလှလေးတွေပါ။ လှလည်းလှသလို ဆေးစွမ်းလည်း ကောင်းပါတယ်။ အင်္ဂလိပ်အမည် Butterfly Pea Flower လို့ ခေါ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရပါတယ်။ အရွက်က ဖန်ပြီး ခါးပါတယ်။ အရွက်စားကြတာတော့ သိပ်မရှိပါဘူး။ အပွင့်ကိုတော့ စားကြပါတယ်။ ကြက်ဥနဲ့ ကြော်စားတယ်။ အောင်မဲညို ပန်းပွင့်ကရတဲ့ အရည်ကို အစားအသောက်တွေ ဆေးဆိုးဖို့အတွက် သုံးကြတယ်။ ဘာဘေးထွက်ဆိုးကျိုးမှမရှိတဲ့ အော်ဂဲနစ်ဆိုးဆေး ဖြစ်ပါတယ်။ ထိုင်းမှာ ထမင်းပြာပြာ၊ ကောက်ညှင်းပြာပြာတွေ မြင်ဖူးတယ်မဟုတ်လား။ ဒါ အောင်မဲညိုပန်းပွင့် သတ္တုရည်နဲ့ ဆေးဆိုးထားတာပါ။ 

အောင်မဲညိုပင်ကို မမြင်ဖူးကြသူများအတွက် အပင်ပုံစံကို မိတ်ဆက်ပေးဦးမယ်။ သူက ချုံနွယ်ပင်တစ်မျိုး ဖြစ်ပါတယ်။ အခြားသောအပင်နဲ့ ချုံတွေကို နွယ်တက်ပြီး ပန်းရုံအဖြစ် ပေါက်တတ်ပါတယ်။ အောင်မဲညို၊ အောင်မဲဖြူဆိုပြီး ပြောကြပေမယ့် အရောင်ပေါင်းစုံ ရှိပါတယ်။ အောင်မဲညိုပွင့်ဟာ တစ်ပွင့်ချင်းပွင့်တဲ့ ပန်းမျိုးပါ။ အပွင့်ကြီးမျိုးလို့ ပြောနိုင်ပါတယ်။ တန်ခူး၊ ကဆုန်၊ နယုန်လတွေမှာ ပွင့်ပါတယ်။ အသီးလည်း သီးပါတယ်။ 

အောင်မဲညိုပွင့်ကို သံပရာရည်၊ ပျားရည် စတာတွေနဲ့ရောဖျော်ပြီး ဖျော်ရည်အဖြစ်သောက်ကြတယ်။ အချို့က အောင်မဲညိုပွင့်ကို လက်ဖက်ခြောက်နဲ့ ပေါင်းပြီးတော့ အောင်မဲညို လက်ဖက်ခြောက်အဖြစ် ဖန်တီးကြတယ်။ ဘယ်လိုတွေ ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ တိုင်းရင်းဆေးပညာက ဖော်ပြထားချက်တွေကို ပြန်လည်ဖော်ပြပေးပါ့မယ်။ 

အောင်မဲညိုမှာ Antioxidant တွေ များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ခုခံအားကို ကောင်းမွန်စေပါတယ်။ နှလုံးရောဂါကို ကာကွယ်တဲ့ တိုင်းရင်းဆေးအဖြစ် ယုံကြည်စွာ သောက်သုံးကြပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ သွေးကြောပိတ်ခြင်း၊ သွေးကြော အဆီပိတ်ခြင်းတို့ကို ကာကွယ်တဲ့ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆီးချို၊ သွေးတိုးကာကွယ်တဲ့ ဓာတ်စာအဖြစ်လည်း ဆေးဖက်ဝင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ပင်ပန်းခြင်းကြောင့် နာကျင်ခြင်း၊ ကိုက်ခဲခြင်းတို့ကို သက်သာစေတယ်လို့ Herbal Tea Online သစ်ဥသစ်ဖုများဆိုင်ရာ စာမျက်နှာ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

နောက်ထပ် တစ်မျိုးစွမ်းတာကတော့ အမြင်အာရုံအတွက်ပဲ ဖြစ်ပါတယ်။ အောင်မဲညိုဖျော်ရည်၊ အောင်မဲညို ရေနွေးကြမ်းအပြာရည်ဟာ မျက်လုံးကြွက်သားတွေကို အညောင်းပြေစေပြီး မျက်စိမှုန်ခြင်းကို သက်သာစေပါသတဲ့။ အောင်မဲညိုပွင့်ကို ရေဆွတ်ပြီး မျက်စိကိုကွင်းပြီး ကပ်ပေးခြင်းကြောင့် မျက်စိအေးကာ မျက်စိသူငယ်နာ ဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်။ ဆံပင်နက်မှောင်စေပြီး၊ ဆံပင်ကျွတ်ခြင်းကို သက်သာတယ်လို့ အဆိုရှိတာကြောင့် အလှအပကို စိတ်ဝင်စားသူတွေ သောက်သုံးသင့်ပါတယ်။ ကလေးများ ဆံပင်မသန်တာ၊ မျက်ခုံးမွေးမပေါက်တာတို့ကို အောင်မဲညို ပန်းအရည်နဲ့ လိမ်းပေးပြီး ဆံပင်သန်အောင် လုပ်ပေးကြပါတယ်။

ဓာတ်မတည့်ခြင်းကြောင့် ဖြစ်လာတဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်သတဲ့။ အရေပြားလှပဖို့လည်း အောင်မဲညိုဓာတ်စာကို စားသောက်ကြပါတယ်။ ပန်းမှာပါတဲ့ ဓာတ်တွေက အရေပြားရဲ့ ရုန်းဆွဲနိုင်ခြင်း သတ္တိကို လှုံ့ဆော်နိုင်တာမို့ အသားအရေများ ပျော့တွဲလာခြင်းကို ဟန့်တားပေးပြီး၊ အရွယ်တင်စေတယ်လို့ ဆေးဖက်ဝင်သစ်သီးသစ်ဥ သစ်ပွင့်များ မှတ်စုမှာ သုတေသနပြုမှတ်တမ်းတင်ထားတာ ရှိပါတယ်။ အောင်မဲညိုပန်းထဲမှာပါတဲ့ ဓာတ်တွေဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး ကိုယ်လက် လန်းဆန်းပေါ့ပါးကာ မှတ်ဉာဏ်ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ အောင်မဲညိုပွင့်ဟာ စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြလွန်ခြင်း၊ စိတ်မတည်မငြိမ် ဖြစ်ခြင်းတို့ကို ကုသနိုင်တယ်လို့ တရုတ် ဆေးကျမ်းများအလိုအရ သိရှိရပါတယ်။ 

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေကတော့ အောင်မဲညိုနဲ့ ဓာတ်မတည့်တာ ဖြစ်တတ်တာမို့ အလွန်အကျွံ သောက်သုံးခြင်းမျိုးကို အဆိုပါ ကာလမှာ ရှောင်ရှားသင့်ပါတယ်။ အဆိုပါကာလမှာ ရပ်ထားပေးပါက အကောင်းဆုံးပါပဲ။

ဆရာဆေး