News

POST TYPE

ARTICLE

စီးတဲ့ရေရယ် ... လူတွေရယ် ... သဘာဝတရားကြီးရယ်
21-Jul-2019



အိမ်တံစက်မြိတ်ဆီမှ စီးကျလာတဲ့မိုးရေစက် တွေကိုကြည့်ငေးရင်း ရေနဲ့ပတ်သက်တဲ့ အတွေးတွေ ကျွန်တော့်စိတ်အာရုံထဲ ပြေးဝင်လာခဲ့ကြတယ်။ ရေဟာ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးသူငယ်ချင်း။ တောင်တန်းတွေပေါ်က လိမ့်ဆင်းလို့ကျလာတဲ့ရေ။ ပင်လယ်မျက်နှာပြင်ဆီမှ မြင့်တက်လာတဲ့ရေ။ ကောင်းကင်ပေါ်မှ မိုးအဖြစ်ရွာသွန်းလာတဲ့ရေ။ ရေအားလုံးတို့ဟာ မြင့်ရာမှ နိမ့်ရာဆီသို့ သဘာဝအတိုင်း စီးဆင်းနေကြ ပါတယ်။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာလောကကြီးမှာ ရေဟာ သက်ရှိသက်မဲ့သတ္တဝါအားလုံးအတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာတစ်ခုဖြစ်တယ်။ သဘာဝတရားက အခမဲ့လက်ဆောင်အဖြစ် ပေးအပ်ထားတဲ့ ရေအရင်းအမြစ်တွေကို ကျွန်တော်တို့လူသားတွေက တန်ဖိုးထားတတ်ကြဖို့လိုပါတယ်။ ရေကို လေးလေးစားစား ဆက်ဆံတတ်ဖို့ အရေးကြီးလှပါတယ်။

ရာသီစက်ဝန်းရဲ့ လည်ပတ်မှုပုံစံထဲမှာ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ဥတုသုံးပါးကို ကျွန်တော်တို့နိုင်ငံက ထိတွေ့ခံစားခွင့်ရရှိထားပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ခွင့်ရထားတာမို့ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းက သဘာဝအရင်းအမြစ်တွေရဲ့ တန်ဖိုးကို အလေးထားတတ်ဖို့ အင်မတန်မှ လိုအပ်ပါတယ်။

အလှည့်ကျ တာဝန်ယူထားရတဲ့ ရာသီစက်ဝန်းက မိုးရာသီထဲကို ဆိုက်ရောက်လာတယ်။ ရေခိုးရေငွေ့တွေကို သယ်ဆောင်လာတဲ့တိမ်တွေကလည်း ကမ္ဘာမြေပေါ်ကို မိုးအဖြစ် ရွာသွန်းခဲ့ကြတယ်။ မိုးရောက်ပြီလို့ သံချောင်းခေါက်လိုက်တာနဲ့ ခြောက်သွေ့နေတဲ့မြက် ပင်လေးတွေဟာ ခေါင်းထောင်ထလာကြတယ်။ မိုးစက်ကူလို့ ထူမတ်လာတဲ့ပန်းပင်လေးတွေက အဖူးအငုံတွေနဲ့ ပြန်လည်စိုပြည်လာတယ်။ မိုးရေချိုးလို့ လန့်နိုးလာတဲ့ ဖားလေးတွေကလည်း မိုးရေစက်တွေကြားမှာ ပျော်ပျော်ပါးပါး ပြေးလွှားနေကြတယ်။ မိုးစက်နဲ့ထိတွေ့ လိုက်ရတဲ့ သဘာဝတရားကြီးဟာ လန်းဆန်းတက်ကြွမှုတွေနဲ့ ကိုယ်ရေးထင်ထင်ပြလာကြတယ်။

ဝသန်ရာသီဟာ မိုးရေစက်တွေနဲ့ ရေးစပ်ထားတဲ့သဘာဝပန်းချီကားတစ်ချပ် (သို့) ရုပ်ရှင်ပြကွက် တစ်ခုအလား မိုးရေစက်တွေကြားမှာ လှချင်တိုင်းလှ နေခဲ့တယ်။ သို့သော် လှပနေတဲ့သဘာဝတရားကို အလေးမထားတတ်တဲ့ လူတချို့ကြောင့် သဘာဝတရားကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ခဲ့ရတယ်။ သဘာဝ အလှတရားရဲ့တန်ဖိုးကို မသိတဲ့လူတွေဟာ သူတို့အတ္တ တွေကိုအရောင်တင်ပြီး မိုးရေတို့ဖြတ်သန်းစီးဆင်းရာ လမ်းတွေကို ပိတ်ပင်တားဆီးမှု ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော် ရှင်သန်ကြီးပြင်းရာပတ်ဝန်းကျင်နဲ့ လက်လှမ်းမီရာ သိမှုနယ်ပယ်ထဲက မြင်ကွင်းတချို့ကလည်း လူငယ်တွေရဲ့နှုတ်ဖျားမှာ ရေပန်းစားခဲ့ဖူးတဲ့သီချင်း တစ်ပုဒ်ထဲကစာသားလို “ကြေကွဲစရာ”။

ကျွန်တော်တို့ငယ်ငယ်က ဆော့ကစားခဲ့တဲ့ရေ မြောင်းလေးဟာ ယခုနှစ်မိုးတွင်းရောက်မှ နေ့ချင်းညချင်း ကျဉ်းမြောင်းသော ရေစီးမြောင်းလေးအဖြစ် ဘဝပြောင်းသွားခဲ့တယ်။ အိမ်နီးချင်းမှခြံပိုင်ရှင်အမျိုး သမီးကြီးက တစ်ချောင်းထိုး၊ နှစ်ချောင်းထိုးနဲ့ ခြံစည်းရိုး ကိုခိုးကာခဲ့လို့ ယခင်ရေမြောင်းလေးဟာ ဘဝဆိုးသွား ခဲ့ရတာဖြစ်တယ်။ ခြံနှစ်ခြံကြားမှာရှိတဲ့ရေမြောင်းလေးဟာ ဘိုးဘွားလက်ထက်တည်းကရှိခဲ့တဲ့ ဘုံနယ်မြေ။ ရေစီးရေလာကောင်းမွန်အောင် အခမဲ့ဖြတ်သန်းစီးဆင်းစေခဲ့တဲ့ ဘေးမဲ့နယ်မြေလွတ်ဖြစ်ပါတယ်။ အခုတော့ ပရ တွေကျိုးပဲ့လာတယ်။ အတ္တတွေကိုစိုက်ပျိုးပြီး ကိုယ်ကျိုးအတွက် လောဘတွေကိုလွယ်ပိုးထားတဲ့လူတွေကြောင့် မိရိုးဖလာယဉ်ကျေးမှုတွေ ပျက်စီးခဲ့ရတယ်။ သဘာဝအလှလည်း အကျည်းတန်အရုပ်ဆိုးခဲ့ရတယ်။

ကုန်းကမူလေးတွေထူထပ်သော တောစပ်မှ စီးဆင်းလာတဲ့မိုးရေတွေဟာ ကျွန်တော်တို့အိမ်နောက် ဖေးကတစ်ဆင့် အနိမ့်ပိုင်းမြောက်ဘက်သို့ ရွေ့လျားစီးဆင်းတယ်။ မြောက်ဘက်ကတစ်ဆင့် အရှေ့ဘက်ဆီသို့ ဆက်လက်ထွက်ခွာခြင်းဖြစ်တယ်။ အရှေ့ဘက်သို့ မထွက်ခွာမီ ကျွန်တော်တို့ခြံဝင်းရဲ့မြောက်ဘက်မှာရှိတဲ့ အမျိုးသမီးကြီးရဲ့ခြံဘေးမှာ ခရီးတစ်ထောက်နားသည့်ဟန် အယ်ပုံစံအချိုးလေးကို ချိုးကွေ့ရတယ်။ ထိုကွေ့လေးရဲ့အထက်မှာ နှစ်တစ်ရာကျော်သက်တမ်း ရှိပြီဟုသိရသော သံပေပင်ကြီးတစ်ပင်ရှိတယ်။

သံပေပင်ကြီးနဲ့ မလှမ်းမကမ်းမှာ ကျွန်တော်တို့ အသုံးပြုနေတဲ့ ရေတွင်းတစ်တွင်းရှိတယ်။ ထိုရေတွင်းထဲသို့ ညစ်ညမ်းတဲ့ရေဆိုးရေညစ်တွေ မဝင်အောင် ရေတွင်းဘောင်တွေကို ခပ်မြင့်မြင့်ဖို့ထားရတယ်။ ရေတွင်းလေးရဲ့အနီးအနားမှာ ပိန်းပင်လေးတွေပေါက် ရောက်ရှင်သန်နေကြတယ်။ ပိန်းပင်လေးတွေရဲ့ ဘယ်ဘက်မှာ ဝါးရုံပင်တွေရှိပြီး ညာဘက်မှာတော့ ကွမ်းသီးပင်တွေရှိတယ်။ ထိုဝါးပင်၊ ကွမ်းသီးပင်တို့နံဘေးကဖြတ် သန်းစီးဆင်းလာတဲ့ ရေမြောင်းလေးဟာ သံပေပင်ကြီး ရဲ့ခြေရင်းဆီ ဦးတည်ရွေ့လျားတယ်။ သံပေပင်ကြီးရဲ့ ခြေရင်းကတစ်ဆင့် ရေမြောင်းလေးဟာ အရှေ့ဘက်သို့ စီးဆင်းရခြင်းလည်းဖြစ်တယ်။ တောစပ်မှ လိမ့်ဆင်းကျ လာတဲ့ရေတွေဟာ နောက်ဆုံး အရှေ့ဘက်လယ်ကွင်း တွေဆီကို ဆက်လက်ချီတက်သွားခြင်းဖြစ်တယ်။

မှတ်မှတ်ရရဖြစ်ခဲ့တဲ့ နေ့ကလေးတစ်နေ့ပေါ့။ ဇူလိုင်လရဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ မိုးတွေအရမ်းရွာခဲ့တယ်။ ခွန်နဲ့အားနဲ့ရွာသွန်းလိုက်တဲ့မိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓာတ်ပိုနေခဲ့တယ်။ ပြီးတော့ မိုးရေတွေက မြင့်ရာမှနိမ့်ရာဆီသို့ အားကောင်းမောင်း သန်စီးဆင်းသွားကြတယ်။ တောစပ်ဆီကလိမ့်ဆင်းစီး ကျလာတဲ့ရေလမ်းကြောင်းဟာ ကျွန်တော်တို့ခြံဘေးက ရေမြောင်းလေးနားရောက်ချိန်မှာတော့ ခဲရာခဲဆစ် ဖြတ်သန်းနေရတယ်။ ဝန်နဲ့အားမမျှဘဲ ရုန်းကန်နေရတဲ့အတွက် ရေမြောင်းလေးဟာ ရေစီးအားကိုကြာရှည် စွာတောင့်မခံနိုင်ခဲ့ဘူး။ အရင်တုန်းက ငါးပေဝန်းကျင် ခန့်ရှိခဲ့တဲ့ ရေမြောင်းလေးဟာ အခု နှစ်ပေခန့်သာရှိတော့တယ်။ ရေမြောင်းလေးရဲ့ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းသွားခဲ့တာကြောင့် ရေစီးများပြီး ရေစီး သန်လာတဲ့အချိန်ရောက်လာချိန်မှာတော့ ရေမြောင်းလေးဟာ ရေတွေကို မထိန်းထားနိုင်တော့ဘူး။ ဒါ့ကြောင့် ရေမြောင်းလေးဟာ ရေလျှံပြီး အိမ်နီးချင်း အမျိုးသမီးကြီးရဲ့ ခြံဝင်းထဲကို ရေတွေဒလဟောကျော်လွှားတိုးဝင်ချသွားပါတော့တယ်။

အဲဒီလို မိုးရေတွေ ဒလဟောစီးဝင်သွားတဲ့အခါ အိမ်နီးချင်းက ခြံပိုင်ရှင်အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်ပါတော့တယ်။ နံနက်စောစောမှာပဲ အားရပါးရ စိတ်ရှိလက်ရှိရွာချလိုက်တဲ့မိုးကြောင့် သူတစ်ယောက်တည်း မိုးစက်တွေကြား ဗျာများနေတယ်။ သူ့အိမ်ထဲ ရေမထိုးရအောင် မြေတွေဖို့နေတယ်။ ပျာပျာခတ်အောင် လှုပ်ရှားလိုက်ရလို့ ဒေါသတွေဆူပွက်နေပုံတွေ့ရတယ်။ ပါးစပ်ကလည်း ပတ်ဝန်းကျင်ကို စောင်းမြောင်းပြောတဲ့ အသံနေအသံထားနဲ့ ပွစိပွစိစကားတွေပြောပြီး ရေမြောင်းလေးအပေါ်ကို အမျိုးသမီးကြီးက သူ့ဒေါသ တွေစုပုံချခဲ့တယ်။ 

အမှန်တကယ်တော့ ကျွန်တော်တို့ခြံဝင်းတည်နေရာ မြေအနေအထားက ထိုအမျိုးသမီးကြီးရဲ့ ခြံမြေထက် အနည်းငယ်မြင့်နေပါတယ်။ ဒါကိုမှ သူက တံတွေး ကိုပက်လက်လှန်ထွေးပြီး တောတန်းလေးဆီက စီးဆင်းလာတဲ့ရေတွေ သူ့ခြံဘက်ကို အစီးမခံနိုင်ဘူးဆိုပြီး ခြံခတ်ခြင်း၊ မြေဖို့ခြင်းအလုပ်တွေကို ကမူးရှူးထိုးလုပ်ခဲ့ တာဖြစ်တယ်။ ခေတ်အဆက်ဆက် ရိုးရာမပျက်စီးဆင်း လာခဲ့တဲ့ရေလမ်းကြောင်းကို သူက တစ်မျိုးပြောင်းချင် ပုံရတယ်။ ဒါ့ကြောင့် သူ့ခြံဘက်ကနေ ပိတ်ဟယ် ဆို့ဟယ်လုပ်ပြီး ရေမြောင်းပေါ်ကိုလည်း ခွထိုင်ချင်နေသေးတယ်။ ကျွန်တော်တို့ကတော့ တစ်ခါနှစ်ခါ အကျိုးအကြောင်း ပြောဖြစ်ပါသေးတယ်။ နောက်တော့ ပြောမရတဲ့အဆုံး မပြောတော့ဘဲ လွှတ်ပေးထားလိုက်တယ်။ အခုလို ရေစီးအားများလာတဲ့အခါ မိုးရေတွေဟာ မြင့်ရာမှ နိမ့်ရာဆီသို့သာ စီးဆင်းသွားကြတယ်။ ပိတ်ဆို့ထားတဲ့ နေရာတွေကိုလည်း ကျော်ခွစီးဆင်းသွားကြတာတွေ့ ရှိခဲ့ရတယ်။ အမှန်တကယ်ဆို ရေမြောင်းလေးကို မြေ မခိုးဘဲ သူ့နဂိုအတိုင်း ကောင်းကောင်းမွန်မွန် လွတ်လွတ်လပ်လပ် စီးဆင်းစေမယ်ဆိုရင် ရေမြောင်းလေးမှ ရေလျှံ ခြင်းဘေး ကင်းဝေးမှာဖြစ်ပါတယ်။ အခုတော့ ...။

လူတွေရဲ့ ကောင်းမွေဆိုးမွေတွေကို မညည်းမညူ ခံခဲ့ရတဲ့ ရေမြောင်းလေးဟာ အတ္တ၊ လောဘ၊ မောဟ ကြီးလွန်းတဲ့ အမျိုးသမီးကြီးကိုကြည့်ပြီး အလွန်စိတ် မကောင်းဖြစ်နေပုံရတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ခြံနဲ့ တစ်ခြံ ညီတူညီမျှ ကြည်ဖြူစွာ ဖြတ်သန်းစီးဆင်းခဲ့သော (ဘိုးဘွားလက်ထက်တည်းက) ရေမြောင်းလေးကို ထိုအမျိုးသမီးကြီးက သူ့ခြံဘက်ခြမ်းကနေ ဝါးအရင်းပိုင်းတွေနဲ့တုတ်ရိုက်ပြီး မြေတွေဖို့ခဲ့တယ်။ မြေတွေဖို့ ခြင်းကိုခံလိုက်ရတဲ့ရေမြောင်းလေးဟာ နဂိုထက် အနည်းငယ်ကျဉ်းသွားခဲ့တယ်။ ရေမြောင်းကျဉ်းသွားတော့ ရေတွေဟာ ရေမြောင်းလေးထဲရောက်တဲ့အခါ ရေစီးရေ လာအရင်ကလို မကောင်းတော့ဘူး။ မိုးတွေရွာလို့ မိုးရေတွေ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာတဲ့အခါ ရေမြောင်းလေးထံမှ ရေတွေလျှံထွက်ခဲ့တယ်။ ရေမြောင်း လေးဆီက လျှံထွက်သွားသောရေတွေဟာ အနိမ့်ပိုင်း မှာနေထိုင်တဲ့ အိမ်နီးချင်းအမျိုးသမီးကြီးရဲ့ခြံဝင်းထဲ ကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ဝင်ရောက်သွားကြတယ်။

လူတချို့ဟာ မိမိတို့ပြုတဲ့ကံ မိမိတို့ထံ ပဲ့တင်ပြန် လာတတ်တယ်ဆိုတာကို သတိမမူကြပေ။ လောက သဘာဝတရားကြီးအပေါ်ကို ကောင်းတဲ့စိတ်နဲ့မမြင်ဘဲ တစ်ဖက်စောင်းနင်းသာ မြင်နေကြတယ်။ လူလူချင်း ပဋိပက္ခဖြစ်မှုမှာ လူတချို့ဟာ သဘာဝတရားကို ဓားစာခံ ဆွဲထည့်တတ်ကြတယ်။ လောကကြီးက သူ့အကြောင်းနဲ့သူ အားလုံးကောင်းပါတယ်။ ကျွန်တော်တို့သာ ကိုယ့်လမ်းကိုယ်မှန်အောင်လျှောက်ကြဖို့ အရေးကြီးတဲ့အကြောင်း သဘာဝတရားကြီးက သင်ခန်းစာတွေ ကောင်းကောင်းပေးနေခဲ့ပါပြီ။

ပြဿနာတစ်ခုနဲ့ကြုံရတဲ့အခါ ပြဿနာရဲ့အရင်း အမြစ်ကို သေသေချာချာကိုင်တွယ်ဖို့လိုတယ်။ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အခြေခံအချက်အလက်ကို တိတိကျကျသိဖို့လိုတယ်။ သိအောင်လုပ်ရမယ်။ ပြီးတော့ မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ပြီးပြီးရော တစ်ပွဲတိုးစနစ်တွေနဲ့ပဲ ဖြေရှင်းနေမယ်ဆိုရင် ဘယ်ခေတ်ရောက်ရောက် အဖြေမှန်တရားနဲ့ ဝေးနေဦး မှာပဲ။ ရေရှည်အတွက် မျှော်တွေးပြီး ဆင်ခြင်တုံတရားနဲ့ ဆွေးနွေးအဖြေရှာဖို့လိုပါတယ်။ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးအပြစ်တွေဖို့နေကြရင် ကောင်းမွန်တဲ့ အနာဂတ်ကိုမြင်တွေ့နိုင်ကြမှာ မဟုတ်ပါဘူး။

နေ့စဉ်နေ့တိုင်း ထိတွေ့ခွင့်ရနေသော ရေရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတန်ဖိုးတွေကို ကျွန်တော်တို့ဟာ သတိမမူသလိုနေခဲ့ကြတယ်။ သဘာဝတရား၊ သဘာဝအရင်းအမြစ်တွေရဲ့ အရေးကိစ္စတွေကို ကိုယ်နဲ့မဆိုင်သလို နေထိုင်ခဲ့ကြတယ်။ အချိန်က သက္ကရာဇ်တွေကို တစ်နှစ်ပြီးတစ်နှစ် တိုက်စားသွားပြီးမှ ကျွန်တော်တို့ဟာ ခေတ်ကိုအပြစ်တင်၊ စနစ်ကိုအပြစ်တင်နဲ့ ရေမျက်နှာပြင်တွေ မို့မောက်လာတဲ့အကြောင်းကို အရေးတယူ စာလုံးပေါင်းလာခဲ့ကြတယ်။

“အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို” မျိုး တစ်ဦးတစ်ယောက်ချင်းစီရဲ့ သိမှုဆိုင်ရာအားနည်းမှု၊ အဖွဲ့အစည်းတချို့နဲ့ ဌာနဆိုင်ရာတချို့ရဲ့ ရှေးအစဉ်အလာမပျက် တာဝန်သိမှု၊ တာဝန်ခံမှု (ပျက်ကွက်) လျော့ရဲမှုကြောင့် သဘာဝဘေးမှ လူတို့ပြုလုပ်သော လူလုပ်ဘေးများအဖြစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်းလာကြတယ်။

ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်တွေနဲ့အတူ တစ်ခါသုံးဖော့ဘူးတွေကြောင့် ရေမြောင်းတွေပိတ်ရတယ်။စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုရဲ့အကျိုးကို လက်ငင်း ခံစားကြရတယ်။ ချောင်းတွေကောလာတယ်။ မြစ်တွေ သောင်ထွန်းလာတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ ရေခဲမြစ်တွေ အရည်ပျော်လာတယ်။ အိုဇုန်းလွှာကြီးပေါက်ပြဲမှု ပိုလာတယ်။ ဒီရေတောတွေ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်လာတယ်။ သစ်ပင်သစ်တောတွေ ပါးလျလာတယ်။ တောင်တွေကိုကြည့်မိ တော့လည်း ရင်ပေါင်ဖင်ပေါင်နဲ့ သူတို့ကိုယ်စိတ်နှစ်ပါးလုံး အပေါင်ဆုံးဖြစ်တော့မယ်။ ရေတွေဟာ မြစ်ချောင်းများ၊ အင်းအိုင်၊ ဆည်တမံများ၊ တောရွာများကိုကျော်လွန်ပြီး မြို့ကြီးတွေပေါ်ထိရောက်အောင် စီးဆင်းနေကြပြီ။ ကမ္ဘာ့ရာသီဥတု ဆိုးရွားမှုဝန်ကလည်း ကျွန်တော်တို့နိုင်ငံငယ်လေးအပေါ် လာရောက်ပိနေတယ်၊ ထိခတ်နေတယ်ဆိုတာ ကျွန်တော်တို့ဟာ ခေါင်းထောင်ကြည့် ဖို့မေ့လျော့နေခဲ့ကြတယ်။ 

မိုးရာသီရောက်လို့ မိုးတွေရွာရင် ရေတွေ ဘာ့ကြောင့်ကြီးသလဲ။ အဖြေကရှင်းပါတယ်။ ကျွန်တော်တို့ရွာ၊ ကျွန်တော်တို့မြို့၊ ကျွန်တော်တို့နိုင်ငံမှာ မိုးတွေရွာရင် စီးဆင်းစရာရေမြောင်း ကောင်းကောင်းမွန်မွန်ရှိပါရဲ့လား။ လုံလုံလောက်လောက်ရှိပါရဲ့လား။ စနစ်တကျရှိပါရဲ့လား။ မြန်မာနိုင်ငံတော်ကြီးရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ရာဇဝင်ထဲကသတို့သမီး (ဝါ) မိခင်ဧရာဝတီ မြစ်ကြီးနဲ့ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း အဲဒီမြစ်တွေ နေထိုင်မှကောင်းကြပါရဲ့လား။ အနီးအနားမှ အဝေးဆီသို့ အတွေးတွေခြေဆန့်ပြီးတဲ့အခါ အဝေးမှအနီး အနားသို့ တစ်ခါပြန်ချဉ်းကပ်လိုက်တယ်။ လေးလံနေ တဲ့အတွေးတွေကိုလျှော့ပြီး ကိုယ့်ပတ်ဝန်းကျင်အနီးနားကို သတိထားကြည့်မိတော့ အိမ်ရှေ့ကားလမ်းမဘေးမှာ ရေမြောင်းတွေ စနစ်တကျဖော်ဆောင်ထား တာမတွေ့ရ။ ရှိတဲ့နေရာမှာရှိပြီး မရှိတဲ့နေရာက အတော်များနေတယ်။ စီးဆင်းစရာရေမြောင်းမရှိတော့ မိုးရွာရင် မိုးရေတွေက ကားလမ်းမပေါ် ပျော်ပျော်ကြီးခုန် ဆင်းသွားကြတယ်။ 

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်မိလိုက်တော့ ကောင်းကင်ထက်မှာ မိုးရိပ်မိုးသားတွေက ပြည့်နှက်နေတယ်။ မကြာခင် မိုးရွာတော့မည့်ပုံ။မိုးတွေရွာရင် မိုးရေတွေကတော့ မြင့်ရာမှ နိမ့်ရာဆီသို့ ဆက်လက် စီးဆင်းနေကြဦးမှာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကြိုသိကြိုတွေးထားဖို့တော့ လိုပါလိမ့်မယ်။ ။ 

အရင်လူ (တွံတေး)