News

POST TYPE

ARTICLE

ကျွန်တော်နှင့် နိုင်ငံခြားပြန်၊ စာရေးဆရာ၊ သူပုန်ဗိုလ်ကြီး
21-Jul-2019



သူ့အကြောင်းကို ရေးမယ်ဆိုပေမယ့် သူဘယ်သူလဲ ကျွန်တော် အခုထိ မသိပါဘူး။ သူနှင့် ကျွန်တော် အဲဒီတစ်ကြိမ်ပဲ ဆုံဖူးခဲ့တာပါ။

ဒီစာစုဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ အပုပ်ချချင် စိတ်မပါဘူးဆိုတာတော့ ကြိုပြောလိုပါတယ်။ အဲဒီညက သူနဲ့ကျွန်တော်တို့ ဆုံရချိန်ဟာ တစ်နာရီသာသာပဲရှိပေမယ့် သူ့ကြောင့် ကျွန်တော်တို့မှာ တော်တော်လေး အရှက်ကွဲခဲ့ပါတယ်။

တော်သေးတယ်...ကျွန်တော်ကလည်း...သိပ်ရှက်တတ်တဲ့ကောင် မဟုတ်လို့သာရယ်။

ဒါကြောင့် ဒီစာကို အဲဒီဆရာသမားဖတ်မိရင် ကျွန်တော့်ကို မကျေမနပ်မဖြစ်ပဲ...ခင်ဗျားလုပ်ခဲ့တာနဲ့ ကျွန်တော်ပြန်ရေးတာ ကျေပြီသာမှတ်ပါခင်ဗျား။

အခုတော့ ပြန်တွေးရင်း ရယ်ကြတာပေါ့။

အဖြစ်က ဒီလို။

သံရုံးတစ်ရုံးကနေ မန္တလေးမှာ စာပေပွဲကြီး တစ်ခုလုပ်တော့ ကျွန်တော့်ကို ဖိတ်တယ်။ ကျွန်တော်နဲ့အတူ တခြားစီနီယာ စာရေးဆရာတွေ၊ ရွယ်တူ စာရေးဆရာတွေလည်း ပါတာပေါ့။ Panel Discussion တွေ မလုပ်ခင် ပထမတစ်ရက်လုံး အားနေတယ်။ ညပိုင်းမှ သံရုံးကလုပ်တဲ့ ညစာစားပွဲတက်ဖို့ပဲရှိတယ်။

အဲဒီမှာ မန္တလေးက ကျွန်တော့်ဘော်ဒါတွေနဲ့ ပဏာမသောက်ပွဲကြီး ဆင်နွှဲဖို့ စီစဉ်တာပေါ့။ မြို့ပေါ်မှာသောက်ရတာ ရိုးလာတော့ ဘော်ဒါအင်ဂျင်နီယာဘီးကြဲတွေ...တာဝါတိုင်ထောင်နေတဲ့ ရွာတွေဘက်ကို ထန်းရည်ဆင်းသောက်ဖို့ကြံတယ်။ အင်ဂျင်နီယာအစ်ကိုက သူ့ကားနဲ့လာခေါ်၊ ကျွန်တော်တို့က မြို့ခံဘော်ဒါကားတစ်စီးနဲ့ လစ်ကြသည်ပေါ့။

ကျွန်တော်တို့နဲ့အတူ သက်ငယ်မုဒိမ်းတွေ လိုက်ကူညီပေးနေတဲ့ ပရဟိတစာရေးဆရာ ကိုစိုးထိုက်လည်းပါလာတယ်။ ရွာက နီးနီးနားနားထင်ထားပေမယ့် မန္တလေးကနေ သုံးနာရီလောက် မောင်းရသဗျာ။ ဒါပေမဲ့ သွားရတာက တန်ပါတယ်။ ဟိုရောက်တော့...ထန်းရည်က လွှတ်ကောင်း။ ကြက်ကာလသားလေးကလည်း ချက်နေတယ်။

တဟီးဟီး၊ တဟားဟားနဲ့ သောက်ကြစားကြရင်း... ဟိုဘက်ရွာက ထန်းရည်က ပိုကောင်းတယ်ဗျဆိုပြီး နောက်တစ်ရွာကို ထပ်သွားပြီး သောက်ကြပြန်ရော။ နာရီကြည့်တော့...သုံးနာရီခွဲပြီ။ ဟိုမှာ ညစာစားပွဲက ခြောက်နာရီခွဲစမှာ။ ပွဲအမီ မူးကြောင်မူးကြောင်နဲ့ အမြန်ပြန်မောင်းပို့ဖို့ ပြောရတော့တယ်။ အဝတ်အစား ပြန်လဲဖို့ကလည်း အချိန်က ကပ်နေတော့ ပွဲကို တန်းလာရတော့တာ။

ကျွန်တော်ရယ်၊ မဒမ်ဗြိရယ်၊ ကိုစိုးထိုက်ရယ် ပွဲထဲဝင်သွားတော့ ပွဲကစနေပြီ။ လူတွေအားလုံးက ဝတ်ကောင်းစားလှတွေနဲ့။ ကျွန်တော်တို့သုံးယောက်သာ ဖုန်အလိမ်းအလိမ်း၊ ထန်းရေနံ့ချဉ်စုတ်စုတ်နဲ့။ နေ့လယ်က အပူကြောင့် ဝတ်လာတဲ့တီရှပ်တွေကလည်း ညစ်ပတ်လို့။

ပွဲထဲဝင်လာတော့ ကျွန်တော်တို့ထိုင်ရမယ့် ဝိုင်းမှာ ရွယ်တူလူငယ်သုံးယောက်ထိုင်နေတယ်။ ထူးထူးခြားခြား ဥရောပဝတ်စုံအပြည့်နဲ့ ဥပဓိရုပ်ကောင်းကောင်း ငတိတစ်ကောင်လည်းပါတယ်။ ကျွန်တော်တို့ဝင်ထိုင်လိုက်တော့ ဒီဘဲက ကိုယ်တွေကို ဘယ်က ချီးပေတွေလည်းဆိုတဲ့ အထာနဲ့ရှိုးတာ သတိထားမိတယ်။ ကျွန်တော်တို့လည်းဝင်ထိုင်ပြီး ဝိုင် တစ်ယောက်တစ်ခွက်သောက်ရင်း ဟာသတွေပြောနေလိုက်တယ်။ ခဏနေတော့ ဒီဘဲက မနေနိုင်တော့ဘူးထင်ရဲ့။

“ညီလေးတို့ကို ဘယ်သူက ဖိတ်တာလဲ”

ဦးအောင်ခိုင်နဲ့ သင်းသင်း အကယ်ဒမီဖိတ်စာဇာတ်လမ်းလိုပေါ့ဗျာ။

“သံရုံးကနေတစ်ဆင့် ဖိတ်တာပါ”

ဘဲက ခေါင်းညိတ်ပြီး ဝိတ်တာလေးဗန်းထဲက ဝိုင်ဖြူခွက်ရော၊ ဝိုင်နီခွက်ကိုပါ နှစ်ခွက်လုံးယူပြီး သူ့ရှေ့ချလိုက်ပါတယ်။

“ညီလေးတို့က NGO က ယာဉ်မောင်းတွေလား”

ဝိုင်နီကို မော့ပြီးမေးတယ်။

“မဟုတ်ပါဘူး”

“ဪသာ်... ဒီပွဲမှာ စာအုပ်လာရောင်းတာထင်တယ်..ဘယ်ဆိုင်ကလဲ”

ဝိုင်ဖြူကို မော့ပြန်တယ်။

“မဟုတ်ဘူးဗျ... ကျွန်တော်က စာရေးတာပါ”

ကိုယ်တွေ မျက်ခွက်တွေကလည်း... အဲ့ဒီလိုကို ပြောယူရတာ။ ဒါတောင် ဘာစာတွေရေးတာလဲ...ဆိုင်းဘုတ်ရေးစားတာလား ထပ်မမေးတာ...ကျေးဇူးတင်ရမယ်။

“ဪသာ်... ကိုယ်လည်း အရင်က စာရေးတယ်ကွ။ ကိုယ့်ကလောင်က... လေ”

တကယ်တော့ သူ့ကို ကျွန်တော်မကြားဖူးပါဘူး။

“ကိုယ်က အင်္ဂလိပ်လိုဆောင်းပါးတွေရေးတာများတယ်”

နောက်ထပ် ဝိုင်နှစ်ခွက်ယူရင်း ပြောပြန်တယ်။

အင်းလေ... အင်္ဂလိပ်လိုဆောင်းပါးရေးတာဆိုတော့...ငါတို့ ဘယ်လိုက်မီမလဲ... ဘယ်ကြားဖူးမလဲပေါ့။ အသက်ကလည်း ကျွန်တော်တို့လောက် သုံးဆယ်တန်းပါပဲ။

ဒါပေမဲ့ ဥရောပဝတ်စုံကြီးနဲ့ ခံ့ညားနေတဲ့ အင်္ဂလိပ်ဆောင်းပါးရှင်ကြီးဆိုတော့ တီရှပ်အစုတ်နဲ့ ချဉ်စုတ်စုတ် ကျွန်တော်တို့မှာ သိမ်ငယ်နေမိတယ်။

“အခုနောက်ပိုင်း စာမရေးအားပါဘူး...ကိုယ်က ဩဇီမှာ ကျောင်းသွားတက်မယ့်ကိစ္စတွေနဲ့ ရှုပ်နေတာ... တစ်လောကတောင် အဲ့ကိစ္စ ဩဇီသွားသေးတာ”

ဝိုင်ဖြူ၊ ဝိုင်နီ နှစ်ခွက်ပူးကြီး ထပ်ဆော်ရင်း ကြွယ်ပြန်တယ်။ ကျွန်တော့်ဘဝမှာ ဝိုင်အဖြူနဲ့ အနီကို ဘယ်တစ်ခွက် ညာတစ်ခွက် ဂလုဂလုနဲ့သောက်တဲ့ နိုင်ငံခြားပြန်ကြီးကို တအံ့တဩငေးရတယ်။ 

ခဏနေတော့ ဘူဖေးရပြီ။ ဆရာကြီးက ထသွားပြီး ကြာဆံကြော်တွေနဲ့ ပင်လယ်စာတွေ အမောက်ကြီးထည့်ယူလာတယ်။ ဝိတ်တာတွေက ဝိုင်ဗန်းလေးတွေ ကိုင်ပြီး သူ့ရှေ့က ဖြတ်မိတိုင်း... သူ့လက်က တိုးဂိတ်က မောင်းတံကြီးလို ဖြတ်တားတယ်။ ပြီးရင် ဝိုင်အဖြူရော၊ အနီပါ နှစ်ခွက်ပူးသမတာဗျာ။

“ညီလေးတို့က ဘာစာတွေရေးလဲတော့ မသိဘူး။ ကိုယ်က ဖက်ဒရယ်ရေးရာ ဆောင်းပါးတွေ ရေးတာများတယ်။ နယူးယောက်တိုင်းမ်ကို ပို့မလို့ သိမ်းထားတာတောင် ခြောက်ပုဒ်လောက်ရှိတယ်”

ဟ...နယူးယောက်တိုင်းမ်ကို ပို့တာတဲ့။ မြင့်ချက်။

ကြာဆံကြော်တွေကို ကုန်းလွေးတယ်။ ပြီးတော့ ဝိုင်နှစ်ခွက်ကိုဆော်ပြီး...ဝိတ်တာတွေကို ရှာပြန်တယ်။

“ဝိုင်ကလည်း သောက်ရတာမဝဘူး။ မူးမှမမူးတာကိုး။ ကိုယ်က တော်လှန်ရေးနယ်မြေမှာတုန်းက ဝီစကီပဲသောက်တာ။ တိုက်ပွဲတွေတဝုန်းဝုန်းကြား... ရေဘူးထဲ ဝီစကီလေးမော့နေတာပဲ...ဒီအရက်ပျော့တွေက သောက်ရတာမထိဘူး”

ဟာ... သူက တော်လှန်ရေးလည်း လုပ်သေးတာတဲ့။

“အစ်ကိုက ဘယ်တော်လှန်ရေးလုပ်တာလဲဗျ”

ကျွန်တော်လည်း မနေနိုင်တော့ဘူး။ ဘယ့်နှယ် ကိုယ်နဲ့ သက်တူရွယ်တူကိုဗျာ။ သူက ဘယ်အချိန် တောခိုပြီး တော်လှန်ရေးလုပ်လိုက်သလဲပေါ့။

“အစ်ကိုက...အဖွဲ့မှာ...ဗိုလ်ကြီးရာထူးအထိ လုပ်ခဲ့တာ”

သူပြောတာ နာမည်ကျော်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး။ ပြီးတော့...ဗိုလ်ကြီးတဲ့ဗျ။

“ဒါကြောင့် ကိုယ်က ဖက်ဒရယ်ရေးရာဆောင်းပါးတွေ ရေးနိုင်တာလေ... စစ်သားဘဝက ငြိမ်းချမ်းရေးအရသာကို အသိနိုင်ဆုံးပဲကွ... ပြီးတော့...”

“ဝုန်း”

စကားပြောနေရင်းကနေ ကိုယ်တော်ချောက ဝုန်းခနဲ ကုလားထိုင်ပေါ်က နောက်ပြန်ကြီးလဲကျသွားပါတယ်။ ကျွန်တော်နဲ့ ကိုစိုးထိုက်လည်း ဘာလဲဟဆိုပြီး အလန့်တကြား ထရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကြမ်းပြင်ပေါ်မှာ ဆန့်ဆန့်ကြီးလဲနေတဲ့ နိုင်ငံခြားပြန် စာရေးဆရာ သူပုန်ဗိုလ်ကြီးရဲ့ ပါးစပ်ကနေ ကြာဆံကြော်ဖတ်တွေနဲ့ ဝိုင်ဖြူ၊ ဝိုင်နီ ရောရာတွေဟာ မီးတောင်ကြီးတစ်ခုပေါက်ထွက်သလို အရှိန်ပြင်းစွာနဲ့ ဝေါခနဲ ပန်းထွက်လာပါတော့တယ်။

ဥရောပဝတ်စုံအနက်၊ နက်ကတိုင်အပြာနုရောင်လေးပေါ်မှာ အန်ဖတ်လေးတွေဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ပွင့်နေတဲ့ပန်းပွင့်လေးတွေလို ပြန့်ကျဲနေပါတော့တယ်။

သံအမတ်တွေရော၊ စာရေးဆရာကြီးငယ်တွေ အားလုံးရဲ့ မျက်လုံးတွေဟာ ကျွန်တော်တို့ဝိုင်းဆီ စုပြုံလာပါတော့တယ်။ အခုမှ ပေစုတ်စုတ်ဝတ်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ကို အားလုံးသတိထားမိကုန်တာပါ။ မသိရင်...လူကြီးလူကောင်းတစ်ယောက်ကို အရက်ထဲ အဆိပ်ခတ်သတ်လိုက်တဲ့ လမ်းသရဲနှစ်ကောင်ပေါ့။

နောက်ပြီး အလာခရီးမှာကတည်းက အိတ်စပရက်ကား နောက်ဆုံးခုံမှာ အရက်ပုလင်းထောင်ပြီး အရက် စတုဒိသာလုပ်လာတဲ့ ကျွန်တော့်ကို မျက်ထောင့်နီကြီးတွေနဲ့ ရှိုးကြပါလေရော။

“မောင်ဗြိ...အဲ့ဒါ...နင်တို့သူငယ်ချင်းလား...နိုင်ငံခြားသားတွေရှေ့မှာ... ငါတို့စာရေးဆရာတွေကို သိက္ခာချရသလား... ဒီလောက်တောင် သောက်ရလား...”

ဘေးဝိုင်းက စာရေးဆရာအစ်မကြီးက ကောပါပြီ။

“ဟာ အစ်မ... ဒီလူနဲ့ တစ်ဝိုင်းတည်းထိုင်ပေမယ့် သူ့ကို ကျွန်တော်မသိဘူး... စာရေးဆရာလို့တော့ ပြောတာပဲ”

“ဘာမသိရမှာလဲ...ခုန...မင်းတို့စကားတွေ ဒီလောက်ပြောနေတာ...သူ့ကို အခန်းထဲက ထမ်းထုတ်သွားလေ”

စဉ်းစားကြည့်ဗျာ။ အန်ဖတ်တွေနဲ့ ဒီကိုယ်လုံးကြီးကို ထမ်းရမယ်တဲ့။ တိုက်ပွဲတွေထဲတောင် ဝီစကီသောက်ရင်း တိုက်ပါတယ်ဆိုတဲ့ နိုင်ငံခြားပြန်စာရေးဆရာ သူပုန်ဗိုလ်ကြီးကတော့ ဆန်ပြုတ်ပုံထဲ ဆန့်ဆန့်ကြီးနဲ့...ခံ့ခံ့ကြီးရယ်။ ပါးစပ်နားက ပြည်ကြီးငါးဖတ်ကလေးကိုတောင် လျှာနဲ့သပ်ယူလိုက်သေး။

“ဟာ...။ ကျွန်တော်တို့နဲ့ မသိပါဘူးဆို”

အဲ့ဒီအချိန်မှာ ကယ်တင်ရှင်ပေါ်လာပါတယ်။

“ဟာ... ဒါ ကျွန်တော့်အခန်းဘေးကပဲ...”

အသားညိုညိုလူတစ်ယောက်က ပြောပါတယ်။

“သူက စာရေးဆရာထဲကလားဗျ”

“မဟုတ်ပါဘူးဗျာ...(......)အဖွဲ့ကနေ ပညာပေးစာအုပ်တွေဝေဖို့ ခေါ်ထားတဲ့သူပါ။ အဲ့ဒီက ပွဲတက်ဖို့ ဖိတ်ထားတဲ့အစ်ကိုက မနက်ဖြန်မှလာနိုင်မှာမို့... ဒီည သူ့ကို... ကိုယ်စားတက်ခိုင်းတာ”

ဟူး... ဒီတော့မှ ဒေါသထွက်နေသော စာရေးဆရာအုပ်ကြီးလည်း ကျွန်တော်တို့ကို ကြည့်နေတဲ့ မျက်ထောင့်နီကြီးတွေ အရောင်လျော့သွားပါတယ်။ နို့မဟုတ်ရင် မြန်မာစာရေးဆရာတွေကွာ အလကားရတဲ့ဝိုင်တွေ ဖိသောက်ရင်း...အန်ဖတ်ဆို့ မူးလဲတယ်ဆိုပြီး အကုန်သောက်ရှက်ကွဲမှာ။ ဒီကောင်ကြီးကို ဝိတ်တာတွေက ထမ်းထုတ်သွားပြီး ကျွန်တော်တို့လည်း သောက်ချင် စားချင်စိတ်ပါကုန်သွားတယ်။ အဲ့ဒါနဲ့ ဟိုတယ်ပြန်အိပ်ကြပေါ့။

အောင်မယ်... မနက်ပိုင်း Panel Discussion ပြီးတော့ စာအုပ်တွေရောင်းတဲ့ဆိုင်တန်းဆီ ပတ်ကြည့်တဲ့အခါ မနေ့ညက ကိုယ်တော်ချောက..သူမဟုတ်တဲ့အတိုင်းပဲ ပန်းဖလက်စာရွက်တွေ ဝေနေတယ်။

ကျွန်တော့်ကိုတွေ့တော့...တစ်ခါမှ မတွေ့ဖူးတဲ့ပုံစံနဲ့ ပန်ဖလက်လေးတောင် လက်ထဲလာထည့်လိုက်သေး။

ကိုယ့်မှာ ညကဖြင့် သူ့ကို နိုင်ငံခြားပြန်စာရေးဆရာ သူပုန်ဗိုလ်ကြီးဆိုပြီး လေးစားလိုက်ရတာကို...သူကဖြင့် အခုကျ... အဖတ်တောင်မလုပ်ဘူးရယ်။

ဟော့ဒီနိုင်ငံတော်ကြီးမှာလေ တကယ်တမ်း လေးစားလောက်စရာ ဘာစံ၊ ဘာအရည်အချင်းမှ မပြည့်စုံသေးဘဲ...လူအများရဲ့ အလေးစားခံချင်ဇော များနေတဲ့သူတွေကို တွေ့ရင် ကျွန်တော်ဖြင့် အဲ့ဒီ နိုင်ငံခြားပြန်စာရေးဆရာ သူပုန်ဗိုလ်ကြီးကိုပဲ ပြေးမြင်ပြီး ရယ်ချင်ပက်ကျိဖြစ်မိပေါ့ဗျာ။

ဗြိတိသျှကိုကိုမောင်