News

POST TYPE

ARTICLE

မြစ်ဆုံသို့
18-Jul-2019



မြစ်ကြီးနားတွင် ရှိနေစဉ် ဇွန်လလယ်ရက်များကတည်းက မုတ်သုံမိုးသည် ရက်ဆက်စွေ၍ တဖွဲဖွဲရွာသည်။ နေမသာ။ တစ်နေကုန် အုံ့မှိုင်းမှိုင်းနှင့်ရှိသည်။ တတိယနေ့ အစီအစဉ်တွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တွေ့ဆုံပြီး စစ်ရှောင်ဒုက္ခသည်များအရေး မေးမြန်းရန်ဖြစ်သည်။ သည်နေ့တော့ ချိတ်ဆက်ပေးရန် စီစဉ်ထားသူမှာ မြစ်ကြီးနား နယ်ခံသတင်းထောက် အယ်လစ်ဇဘက်ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွ စကားကို ရေပက်မဝင်အောင် ပြောနိုင်သူဖြစ်သလို ဒီဒေသက အထာတွေကိုလည်း တော်တော် နောကျေနေသူဖြစ်သည်။ သတင်းဆောင်းပါး စတိုရီ တစ်ခုဖြစ်ဖို့ ဘက်ပေါင်းစုံမှ အသံတွေ လိုအပ်သည်။ စစ်ရှောင်ဒုက္ခသည်တွေဆီက အသံတွေ လိုအပ်သလို သက်ဆိုင်ရာတာဝန်ရှိသူတွေထံက အသံတွေ လိုအပ်သည်။ လူမှုရေးဝန်ကြီးနှင့် တွေ့ဖို့ ဆိုတော့ ကြိုတင်ချိန်းဆို အပွိုင့်မင့်ယူရန်လိုအပ်သည်။ “လုပ်မနေနဲ့တော့။ တစ်ခါတည်း သွားလိုက်မယ်။ ဖုန်းကြိုဆက်ထားရင် သူတို့က ဟိုလိုလို ဒီလိုလို အင်း အားနဲ့ မအားသေးဘူး၊ ဘာညာလုပ်တတ်တယ်။ ဒီအတိုင်းသွားတွေ့မယ်” ဟု အဲလစ်ဇဘက်က ဆိုသဖြင့် သူ့စကားကို နားထာင်ပြီး ဖုန်းနှင့် ကြိုတင်မချိန်းဆို ဖြစ်တော့။ စောလည်းစော သေးသဖြင့် နေရပ်စွန့်ခွာ ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးဆောင်ရွက်နေသည့် KHCC က ဖာသာနိုဝယ်နှင့် အရင်တွေ့ဆုံရန် တိုင်ပင်ဖြစ်ကြသည်။ 

မြစ်ကြီးနားမြို့ စိန့်ကိုလန်ဘန်ဘုရားရှိခိုးကျောင်းဝင်းထဲသို့ ရောက်ရှိချိန်မှာ နံနက် ကိုးနာရီခွဲလောက်ပဲ ရှိသေးသည်။ မြို့လယ်တစ်နေရာမှာရှိသော ကက်သလစ် ဘုရားရှိခိုးကျောင်းက အတော်ပင်ခမ်းနားလှပသည်။ အတော်ကျယ်ဝန်းသောဝင်းထဲမှာ အနီရောင် ကက်သီဒြယ်ဘုရားကျောင်းခန်းမဆောင်နှင့် ဘေးပတ်လည်မှာ လူနေဆောင်တွေ ရှိသည်။ မြစ်ကြီးနားတွင်  တစ်ခု သတိထားမိသည်က ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေဖြစ်သည်။ ရိုမန်ကက်သလစ်ရော၊ Baptist ဘုရားကျောင်းတွေပါ  ကြီးကျယ်ခမ်းနားလှသည်။ ကချင်လူမျိုးများ၏ အဓိက ကိုးကွယ်ရာ ဘာသာမှာ ခရစ်ယာန်ဖြစ်သောကြောင့် ဘုရားကျောင်းကြီးတွေက ခမ်းနားထည်ဝါနေကြခြင်းဖြစ်မည်။ ခရစ္စမတ်ကာလတွေမှာ အတော်ပင် စည်စည်ကားကား ရှိလိမ့်မည်ဟု စိတ်ကူးကြည့်မိသည်။ 

ဖာသာ နိုဝယ်က လူငယ်တစ်ဦးဖြစ်သည်။ စပို့ရှပ်နှင့် ဘောင်းဘီ ဝတ်ဆင်ထားသော်လည်း ပုံမှန်ဆိုလျှင် ဘုန်းတော်ကြီးဝတ်စုံ ဝတ်ထားလေ့ရှိသည်ဟုဆိုသည်။ ရည်ရည်မွန်မွန် ရင်းရင်းနှီးနှီးပင် နှုတ်ဆက်၊ မိတ်ဖွဲ့ကြသည်။ သတင်းမီဒီယာသမားတွေနှင့် မကြာခဏ တွေ့ဆုံဖူးထားဟန်ရှိ၍ အတော် အထာပေါက်နေပြီ။ “အခု သတင်းလုပ်မယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်လဲ။ ဘာကို အဓိက ပြောချင်တာလဲ” ဆိုပြီး သူကပင် စမေးသည်။ သတင်းသမားတွေ မကြာခဏ လာမေးကြပြီး သတင်းတွေတက်လာသောအခါ မကောင်းသည့်အမြင် (Negative) ဘက်က ဖော်ပြကြတာများသဖြင့် သူက သတိထားသည်။ “စစ်ဘေးရှောင် တွေနဲ့ပတ်သက်ပြီး ဖာသာတို့ဘက်က လုပ်ဆောင်နေတာတွေကို သိချင်တာပါ။ အပြုသဘောဘက်က ပြောမှာပါ” ဟု ဖာသာ နိုဝယ်က စကားပြောကောင်းသည်။ သူတို့ ကချင်ဘာသာရေးခေါင်းဆောင်တွေအနေနှင့် ကေအိုင်အိုနှင့်အစိုးရအကြား ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ထဲမှာ ပါဝင်ပတ်သက်နေပုံတွေ၊ အခက်အခဲတွေ၊ တစ်ဖက်နှင့်တစ်ဖက် နားလည်မှုလွဲနေပုံတွေ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးမှာ လက်တွေ့တွင် မလွယ်ကူသေးပုံ၊ ယခုချိန်ထိ တစ်ရာခိုင်နှုန်းလောက်ပဲ ပြန်သွားပုံ၊ အတင်းအကျပ်ပြန်စေလွှတ်လို့ မဖြစ်နိုင်ပုံ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက အချိန်ယူဖို့ လိုအပ်ဦးမည့်အခြေအနေတွေကို ရှင်းပြသည်။ “အပစ်အခတ်ရပ်စဲထားတာကို ဆက်ပြီး ရပ်ထားစေချင်တယ်။ ဘိုင်လက်ထရယ် ထိုးဖို့တော့ စကားတွေပြောနေကြတာပေါ့။ အခြေအနေ မသိသေးဘူး။ လတ်တလော အပစ်အခတ်ရပ်စဲထားသည့်အတွက် ကောင်းသည်” ဟု ဖာသာနိုဝယ်က ပြောသည်။ 

စိန့်ကိုလန်ဘန်ကက်သီဒြယ်ဘုရားကျောင်းက ထွက်လာတော့ ၁၁ နာရီခွဲနေပြီ။ အပြင်မှာ မိုးအုံ့နေ သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းသို့ ဆက်သွား ကြပြီး လူမှုရေးဝန်ကြီးနှင့် တွေ့ဆုံဖို့ လုပ်ကြသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းက သစ်ပင်ကြီးတွေ၊ မြက်ခင်းစိမ်းတွေနှင့် အတော်လေးသန့်သန့်ရှင်းရှင်းရှိသည်။ NLD အစိုးရတက်လာတော့ NLD ဝန်ကြီးတွေ ရုံးထိုင်သည့်နေရာဖြစ်သွားသော်လည်း သည်အဆောက် အအုံတွေက ယခင်စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့သောအဆောက်အအုံတွေဖြစ်သည်။ ဟိုတစ်ချိန် တုန်းကတော့ ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေ၏ အမိန့် အာဏာနှင့် တည်ဆောက်ခဲ့သော အစိုးရရုံးတွေက ခမ်းခမ်းနားနားရှိသည်။ 

ကြိုတင်မျှော်လင့်ထားသလိုပင် ဝန်ကြီးအလုပ် များနေ၍ တွေ့ခွင့်မရခဲ့။ ခဏလေးပဲ တွေ့မှာပါဟု ဆိုသော်လည်း အပေါက်စောင့် ပီအေက အိုက်တင် အမျိုးမျိုးနှင့် အထပ်ထပ်ငြင်းဆန်နေ၍ လက်လျှော့ လိုက်ရသည်။ တွေ့ဆုံစရာမရှိတော့ပြီမို့ ကချင်ပြည် နယ်ရောက်လျှင် မရောက်မဖြစ် ရောက်ဖို့လိုသည့် “မြစ်ဆုံ” ကို ခရီးဆက်ကြသည်။ လက်ရှိအချိန်တွင် မြစ်ဆုံက မြန်မာ့နိုင်ငံရေး၏ သင်္ကေတတစ်ခု ဖြစ်နေပြီ။ မြန်မာ့နိုင်ငံရေးအကြောင်းပြောလျှင် မြစ်ဆုံအရေးသည် မပါမဖြစ် ပါဝင်လာသည်။ မြစ်ဆုံကို ကြိမ်ဖန်များစွာ ကြားနေရသော်လည်း မရောက်ဖြစ်ခဲ့ပါ။

မေခနှင့် မေလိခ မြစ်နှစ်သွယ် ပေါင်းဆုံပြီး မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီး ပေါ်ပေါက်ခဲ့ရာ မြစ်ဆုံသည် သမိုင်းတန်ဖိုးကြီးမားသလို ပြည်ထောင်စု၏ သင်္ကေတလည်း ဖြစ်သည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီရင်းအစ်ကို နိမိတ်ပုံသည် မြစ်ဆုံဖြစ်သည်။ ထိုမြစ်ဆုံကို ပျောက်ဆုံး သွားစေမည့် စီမံကိန်းကြီးတစ်ခု စစ်အစိုးရလက်ထက်က သိုသိုဝှက်ဝှက် စာချုပ်ချုပ်ဆိုခဲ့သည်။ ပြည်သူတွေ၏ သဘောထားကို မရယူ။ ပြည်သူကို အကျယ်တဝင့် အသိမပေးဘဲ အကောင်အထည်ဖော်ခဲ့သော မြစ်ဆုံ စီမံကိန်းက အနည်းငယ်ပွင့်လင်းလာသော သမ္မတ ဦးသိန်းစိန်လက်ထက်မှာ လူထု၏ အုံကြွဆန့်ကျင်မှု နှင့်ရင်ဆိုင်ရကာ ရပ်ဆိုင်းသွားသည်။ အပြီးရပ်သွားတာမျိုး၊ စာချုပ်ဖျက်သိမ်းသွားတာမျိုးမဟုတ်ဘဲ ရပ်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းပြဿနာက ယခုအစိုးရ လက်ထက်ထိ မပြီးပြတ်သေး။ တစ်ချက်တစ်ချက် ပြန်စတော့မလို အသံတွေထွက်လာလိုက်။ ပြည်သူတွေက ထပြီး ကန့်ကွက်ဆန္ဒပြလိုက်နှင့် တန်းလန်းကြီးဖြစ် နေသည်။ မြစ်ကြီးနားရောက်လျှင် မြစ်ဆုံကိုတော့ မဖြစ်မနေ ရောက်ဖို့လိုသည်။

မြစ်ဆုံက မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင် အကွာမှာ ရှိသည်။ တစ်နာရီကျော်ကျော်လောက် ကားမောင်းသွားရမည်။ မြစ်ကြီးနားကထွက်တော့ မွန်းလွဲ နေပြီ။ ဗိုက်က ဆာနေပြီဖြစ်သော်လည်း မြစ်ဆုံကျမှ စားဖို့ သဘောတူကြပြီး ခရီးဆက်ကြသည်။ မြစ်ကြီးနား- မြစ်ဆုံသွား ဆွမ်ပရာဘွမ်လမ်းက မြစ်ဆုံအထိတော့ တော်တော်ကောင်းသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကတ္တရာလမ်းကျဉ်းကလေးသာဖြစ်သော်လည်း ယခုတော့ ကွန်ကရစ်လမ်းမကျယ်ကြီး ဖြစ်နေပြီ။ မိုးကအုံ့ပြီး တဖွဲဖွဲရွာနေသည်။ မြစ်ကြီးနားကထွက်သည်နှင့် စိမ်းလန်းသောတောင်တန်းတွေကို မြင်ရသည်။ မြူခိုးတွေရစ်သီဆိုင်းနေသော တောင်တန်ကြီးက လွမ်းစရာကောင်းလှသည်။ ကချင်ပြည်နယ်က ငြိမ်းချမ်းရေးသာရှိလျှင် သဘာဝအလှတွေနှင့် အလွန် နေပျော်ဖွယ် အေးချမ်းဆိတ်ငြိမ်သောအရပ်ဒေသ တစ်ခုဖြစ်သည်။ လမ်းတွေကောင်းနေရတာက တရုတ်တွေက လာဖောက်ပေးထားလို့ဟု သိရသည်။ ၂၀၁၂ ခုနှစ်ကတည်းက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားခဲ့သော်လည်း တရုတ်က ဤစီမံကိန်းအတွက် အတော်ရည်ရွယ် ချက်ကြီးကြီးမားမား ထားရှိပုံရသည်။ လမ်းတွေဖောက် ပေးသလို ကျေးရွာအသစ်တွေ ထူထောင်ပေးသည်။ 

မြစ်ဆုံစီမံကိန်းကြောင့် ရေမြုပ်ဧရိယာအတွင်း ရောက်ရှိသွားသည့် ရွာတွေအတွက် တည်ဆောက်ထားသည့် အောင်မြေသာရွာက မြို့တစ်မြို့လို လမ်းတွေ၊ လျှပ်စစ်မီးတိုင်တွေ၊ အိမ်ရာကွက်တွေနှင့်။ ကားလမ်းဘေးမှ မြင်လိုက်ရသော အောင်မြေသာ တိုက်နယ် ဆေးရုံကြီးက အပြင်ပန်းကြည့်လျှင် အတော်ပင် ခမ်းနားလှသည်။ သို့သော် ဆေးရုံထဲမှာ ဘာမှ ပြည့်ပြည့်စုံစုံမရှိဟု ကားသမား ကိုကျော်ဦးက ပြောသည်။ သည်မှာ တရုတ်က လာဆောက်ပေးထားသည့် “ဝါးတူစက်ရုံ” လည်းရှိသည်ဟု ဆိုသည်။ သို့သော် အလုပ်မဖြစ်ဘဲ ရပ်ထားရသည်ဆို၏။ မြစ်ဆုံ၏ဂယက်က အတော်ကြီးသည်။ သဘာဝပတ်ဝန်းကျင်သမားတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံတကာသံတမန်တွေ မကြာခဏ လာကြ၍ မြစ်ဆုံအတွက် သူတို့ဘက်က ဘယ်လိုလုပ်ပေးထားကြောင်း တရုတ်က ပြလိုခြင်းဖြစ်သည်။ အောင်မြေသာရွာမှာ လူနေထိုင်ပြီဖြစ်သော်လည်း သိပ် စည်စည်ကားကားတော့ မရှိသေးပါ။ 

မြစ်ဆုံရောက်ဖို့ တစ်မိုင်ကျော်၊ နှစ်မိုင်လောက်အလိုမှာတော့ မြစ်ဆုံစီမံကိန်းဝင်းကို ကားလမ်းနှင့် ခပ်လှမ်းလှမ်းမှာ တွေ့ရသည်။ ထိုနေရာသို့ မည်သူမျှ ဝင်ခွင့်မရပါ။ ယခုချိန်ထိ စီမံကိန်းဝင်းထဲမှာ တရုတ်လူမျိုးအချို့ ရှိနေသေးသည်ဟု ကိုကျော်ဦးက ပြောသည်။ အထဲမှာ အဆောက်အအုံတွေရှိပြီး စီမံကိန်းပြန်စလျှင် ဆက်ပြီးအလုပ်လုပ်ကြမည့်သဘောရှိသည်။ စီမံကိန်းအရ မြစ်ဆုံအောက်ဘက် ဤနေရာမှ ဆည်ပိတ်ပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်ယူမည် ဖြစ်သည်။ မြစ်ဆုံစီမံကိန်းက အတော် မရှင်းမရှင်းလုပ်ခဲ့သော စီမံကိန်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိခဲ့။ ကိုယ့်တိုင်းပြည်အတွက် ဘယ်လိုအကျိုးရှိပြီး ဘာတွေ အမြတ်ရမည်ဆိုတာ မသိခဲ့ရ။ ဟိုတစ်ချိန်တုန်းကတော့ လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းက မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေလို့ တရုတ်ကို ထုတ်ရောင်းရတာပါ ဆိုပြီး ပြောဖူးသည်။ ထိုဝန်ကြီး ပြောချိန်က ရန်ကုန်မှာ တစ်ပတ်ငါးရက်လောက် မီးပျက်နေချိန်။ ပြည်သူတွေ ဟားစရာဖြစ်ခဲ့သည်။ မြစ်ဆုံ၏ အဓိက ပြဿနာက ဧရာဝတီ၏သင်္ကေတ ပျောက်ဆုံးခြင်းဖြစ်သည်။ မေခ၊ မေလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာနေရာမှာ ရေပြင်ကျယ်ကြီး ဖြစ်သွားမည်။ မြစ်ဆုံဆိုတာ ပျောက်ကွယ်သွားမည်။ ထိုစဉ်က စစ်ခေါင်းဆောင်များ ထိုအချက်ကို မတွေးတောခဲ့ရုံမက လျှပ်စစ်တွေ ပိုလျှံ၍ တရုတ်ကို ရောင်းရပါသည်ဟုပင် ဆိုလိုက်သေးသည်။ စီမံကိန်းစာချုပ်အရ မြစ်ဆုံမှထွက်သော လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ အဓိကတင်ပို့မည်ဟု သိရသည်။ သည်ဘက်နောက်ပိုင်းကျတော့ ယူနန်ပြည်နယ်က လျှပ်စစ်ဓာတ်အားမလိုတော့ပါ။ မြစ်ဆုံက မရလည်း လုံလောက်နေပါပြီဟု ဆိုလာသည်။ မြစ်ဆုံစီမံကိန်းက ယခုချိန်ထိ လိပ်ခဲတည်းလည်း ဖြစ်နေဆဲ စီမံကိန်းဖြစ်သည်။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေသည်။ စီမံကိန်းကို ဆက်ပြီး အကောင်အထည်မဖော်တော့ဘူးလိုလို မြစ်ဆုံအထက် အခြားနေရာတွေမှာပဲ ဆက်ပြီး အကောင်အထည်ဖော်မှာလိုလို ကြားနေရသည်။ 

တောင်ကမ်းပါးယံနှင့် ဧရာဝတီအကြားက ကွန်ကရစ်လမ်းအတိုင်း ခရီးဆက်ခဲ့ရာ မိနစ် ၂၀ လောက်အကြာမှာတော့ မြစ်ဆုံသို့ချိုးဝင်သော လမ်းကလေးပေါ် ရောက်လာကြသည်။ 

ချစ်ဝင်းမောင် (၁၇ - ၇ -၂၀၁၉)