News

POST TYPE

ARTICLE

စာရေးဆရာများနှင့် ဘဝတက္ကသိုလ် မုန်တိုင်းအန္တရာယ်နှင့် နတ်နွယ်
17-Jul-2019

သည်အကြောင်းမစခင် နည်းနည်းလေး ရှင်းပြပါရစေဦး။ ကျွန်တော် ထိတွေ့ခဲ့ဖူးတဲ့ စာရေးဆရာတွေအကြောင်း ရေးမယ်လို့ စဉ်းစားတဲ့အခါ ခေါင်းစဉ်မှာ သူတို့နာမည်ကြီးခဲ့တဲ့ စာအုပ်တွေ မတင်ဘဲ ပထမဦးဆုံး ဘဝတက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို ခေါင်းစဉ်တင်ဖို့ စဉ်းစားခဲ့ပါတယ်။

ခေါင်းစဉ် တင်ထားတဲ့ စာအုပ်တွေဟာ နာမည်ကြီး စာအုပ်တွေ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ ဒါကြောင့် ရတနာသုံးပါး၊ ဆန်းလွင်နှင့် ဘဝတက္ကသိုလ် မဖြစ်ဘဲ ကျူရိုးရှင်၊ ဆန်းလွင်နှင့် ဘဝတက္ကသိုလ်လို့ တပ်ခဲ့တာပါ။ ခုလည်း ဆရာနတ်နွယ် နာမည်ကြီးခဲ့တဲ့ စာအုပ်တွေ အများကြီးကို ကျော်လွှားပြီး မုန်တိုင်း အန္တရာယ်၊ နတ်နွယ်နှင့် ဘဝတက္ကသိုလ် ဖြစ်ခဲ့တာပါ။ ဆရာနတ်နွယ်အကြောင်း ရေးဖို့ကြိုးစားတဲ့အခါ ကျွန်တော့်အတွက် နည်းနည်း အခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆရာ နတ်နွယ်နှင့် ဘဝတက္ကသိုလ်ကြားမှာ မကျေမလည် ဖြစ်ခဲ့ရတဲ့ ပွတ်တိုက်မှုလေးတွေ ရှိခဲ့ပါတယ်။ ဒါကလည်း ဘာမှတော့ မထူးဆန်းလှပါဘူး။ အလုပ်လုပ်နေရင် ထိတွေ့မှုရှိမယ်၊ ထိတွေ့မှုရှိရင် အနည်းအကျဉ်း ပွတ်တိုက်မှုလေးတွေ ရှိလာမှာပါပဲ။

ဆရာမရှိတော့တဲ့ အချိန်မှာမှ သည်အကြောင်းတွေကို ပြန်ပြောင်း ပြောပြတဲ့အခါ တတ်နိုင်သလောက် စိတ်ခံစားမှုတွေကို ပယ်ပြီး အဖြစ်အပျက်ကိုသာရေးဖို့ ကျွန်တော်ကြိုးစားပါ့မယ်။ ဆရာ နတ်နွယ်ကို ကျွန်တော်စဖတ်ဖူး၊ ကြိုက်ဖူးတဲ့ စာအုပ်တွေကို ပြန်စဉ်းစားတော့ စာအုပ်နှစ်အုပ် သတိရပါတယ်။ ဝင်္ကပါနှင့် တက္ကသိုလ်နှင့် ပြင်ပကမ္ဘာပါ။ ကျွန်တော် တော်တော်ငယ်ငယ်က ဖတ်ဖူးခဲ့ပြီး အင်မတန်စွဲလမ်းခဲ့တဲ့ စာအုပ်တွေပါ။

သည်စာအုပ်တွေကို ဖတ်ခဲ့စဉ်က အမှီးဝတ္ထုတွေမှန်းမသိလို့ ဆရာ့ကိုယ်ပိုင်ဝတ္ထုတွေလို့ပဲ ထင်ခဲ့တာပါ။ နောက်ပိုင်းမှာမှ ဒေါ့စတိုယက်ဗ်စကီးရဲ့ ဝတ္ထုတွေကို မှီးရေးခဲ့မှန်း သိတာပါ။ 

ကျွန်တော့် အမြင်ပြောရရင် ဒေါ့စတိုယက်ဗ်စကီးရဲ့ ဝတ္ထုတွေကို မှီးတာပဲဖြစ်ဖြစ်၊ ပြန်တာပဲဖြစ်ဖြစ် ဆရာ့ကို မီတဲ့လူ မရှိပါဘူး။ လမိုင်းကပ်တယ်လို့ ပြောရရင် မှန်ပါလိမ့်မယ်။ ပြောသာ ပြောရတယ်၊ ကျွန်တော်ဟာ ခုချိန်ထိ ဆရာ့ရဲ့ နာမည်အကြီးဆုံး ကာရာမာဇော့ ညီအစ်ကိုများ စာအုပ်ကို မဖတ်ရသေးပါဘူး။ သည်အကြောင်းကိုလည်း သူ့နေရာ ရောက်တဲ့အခါ ကျွန်တော် ပြောပြပါ့မယ်။ ခု ပြန်စဉ်းစားတော့ ဆရာနှင့် ကျွန်တော် ဘယ်လိုစသိခဲ့တယ်ဆိုတာ သေချာစဉ်းစားလို့ မရပါဘူး။ ဆရာ့စာအုပ် မုန်တိုင်းအန္တရာယ်ကို ထုတ်ခဲ့တဲ့ ခုနှစ်က ၁၉၈၀ အောက်တိုဘာလလို့ တွေ့ရပါတယ်။ တန်ဖိုးက ၁၂ ကျပ်ပါ။ သည်စာအုပ်ကို ရေးပြီး ထုတ်မယ်ဆိုတော့ ဆရာက သူ့ကလောင်နတ်နွယ်နှင့် မထုတ်ချင်ပါဘူး။ နတ်နွယ်နှင့် မြန်မာပြည် မြောက်ပိုင်းလို စာအုပ်တွေ ထုတ်ခဲ့တာဆိုတော့ သည်လိုဘက်ဆဲလား စာအုပ်တွေကို ရေးဖို့ ကလောင်နာမည်အသစ်တစ်ခု ရွေးပါတယ်။

ဒါနဲ့ပဲ မိုးဇော်ဟိန်း ဆိုတဲ့ နာမည်နှင့် ပထမဆုံး စာအုပ် မုန်တိုင်းအန္တရာယ်ကို ထုတ်ခဲ့တာပါ။ စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း နတ်နွယ်တည်းဖြတ်သည်လို့ ထည့်ထားပြီး နတ်နွယ်အနေနဲ့ အမှာစာကိုလည်း ရေးခဲ့တာပါ။

ဘဝတက္ကသိုလ်ကနေ မိုးဇော်ဟိန်း နာမည်နှင့် စာအုပ်တော်တော်များများ ထုတ်ခဲ့တာပါ။ မင်းမှာသစ္စာ လူမှာကတိ၊ ပတ္တမြားခေါ်သံ၊ ဥပါယ်တံမျဉ် စတဲ့ စာအုပ်တော်တော်များများ ထုတ်ခဲ့ပါတယ်။

နတ်နွယ် ကလောင် နာမည်နှင့် စန္ဒာမဂ္ဂဇင်းမှာ အခန်းဆက် ထည့်ခဲ့တဲ့ တစ်ဖန်ပြန်၍ မနိုးသော ဝေဒနာ၊ အများနှင့် တယောက်၊ အဖြူရောင် သစ္စာပန်းတစ်ပွင့်၊ လင်းအရုဏ်ဦး စတဲ့ စာအုပ်တွေလည်း ဘဝတက္ကသိုလ်ကနေ ထုတ်ခဲ့ပါတယ်။

ကျွန်တော့်ဆီမှာတောင်မှ မရှိတော့တဲ့ ဘဝတက္ကသိုလ်ဘာသာပြန်ဝတ္ထုတိုများ (မှတ်မိသလောက်) စာအုပ်အတွဲလည်း ၂ အုပ်လား၊ ၃ အုပ်လား မသိ ထွက်ခဲ့ပါသေးတယ်။ ဆရာနတ်နွယ် စီစဉ်သည်ဆိုပြီး ထွက်ခဲ့တာပါ။ ဆရာနှင့် ဘဝတက္ကသိုလ် စာအုပ်တွေ အများကြီး ထုတ်ခဲ့ပေမယ့် ကံမစပ်ဘူးဘဲ ပြောရမလား မသိပါဘူး၊ စီးပွားရေးအရ အောင်မြင်မှုမရှိခဲ့ပါဘူး။ (စာအုပ်တွေကို မအောင်မြင်ဘူးပြောတာ မဟုတ်ပါ။ စီးပွားရေးအရ မအောင်မြင်တာကို ပြောလိုရင်းပါ။)

ဆရာနှင့် စသိပြီး စာအုပ်တွေ ထုတ်နေတဲ့အချိန်က ဆရာ့မှာလည်း တော်တော်လေး မပြေမလည် ဖြစ်နေတဲ့ အချိန်ပါ။ ဆရာ့ကို ကျွန်တော်က အပတ်စဉ် (ကျွန်တော် မှတ်မိတာ မမှားဘူးဆိုရင်) သုံးရာ၊ သုံးရာ ပေးရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ငွေတန်ဖိုးနှင့် ချိန်ဆကြည့်ပါ။

ဆရာက ကျွန်တော်နှင့် မသိခင်ကတည်းက မဂ္ဂဇင်းတော်တော်များများကိုလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ သည်တော့လည်း စာပေနှင့် ပတ်သက်လာရင် ဘာမဆို လုပ်ဖူးချင်တဲ့စိတ်ရှိတဲ့ ကျွန်တော်နှင့် ဝါရင့်အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဆရာနတ်နွယ်တို့ ပေါင်းမိတဲ့အခါ မဂ္ဂဇင်း တစ်စောင်ထုတ်ဖို့ စဉ်းစားမိကြတာ မထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။ ဆရာနှင့် ကျွန်တော် မဂ္ဂဇင်းထုတ်ဖို့ ကြိုးစားတဲ့အကြောင်းတွေ နောက်တစ်ပုဒ်မှာ ဆက်ရေးပါ့မယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

နေဝင်း (ဘဝတက္ကသိုလ်)